၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အစိုးရအနေဖြင့် အာမခံနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ လွှတ်တော်တွင် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အစိုးရအနေဖြင့် အာမခံနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ လွှတ်တော်တွင် ပြောကြား
Published 20 September 2018

နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြစဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး အစိုးရမျှော်မှန်းထားသည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အစိုးရအနေဖြင့် အာမခံနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်း ပြောကြားခဲ့သည်။

နေပြည်တော်၌ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ကျွန်တော်တို့အစိုးရ မျှော်မှန်းထားတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာလည်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန် လေးစားမှုတို့ကို တည်ဆောက်နိုင်မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကမူဝါဒတစ်ရပ်အနေနှင့် ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗဟိုပြုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရယူနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးကို တည်ငြိမ်ခိုင်မာစွာဖြင့် အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကရည်မှန်းချက်ပန်းတိုင်မှာ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ရန် ပြည်ထောင်စုသဘောတူစာချုပ် ခိုင်ခိုင်မာမာချုပ်ဆိုပြီး ဆက်လက် အကောင်အထည်ဖော်နိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဘုံသဘောတူ လက်ခံနိုင်သည့် အခြေခံမူများ ထွက်ပေါ်လာအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းတင်ပြနေစဉ် (ဓာတ်ပုံ-သမ္မတရုံး)

“လက်ရှိကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ အားလုံးဟန်ချက်ညီတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ခိုင်ခိုင်မာမာ ဖြစ်လာအောင် ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ရောက်အောင်သွားဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် အချိန်အပိုင်းအခြားနဲ့ အဆင့်လိုက်ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကတော့ ပျောက်ပျက်သွားလို့ မရပါဘူး” ဟု ဦးကျော်တင့်ဆွေက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးများကို ဆောင်ရွက်နေချိန်တွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှ ဒီမိုကရေစီ ရင့်သန်ခိုင်မာသည့် အဆင့်ကို ရောက်ရှိရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အသွင်ကူးပြောင်းရေးနိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာသုံးသပ်ချက်များအရ တရားဥပဒေစိုးမိုးမှု ခိုင်မာအောင် တည်ဆောက်နိုင်ရန် အနည်းဆုံးပျမ်းမျှ ၁၀ နှစ်အထိ အချိန်ယူရသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအားလုံးက အမြတ်တနိုး တန်ဖိုးထားကြရသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ပြီးမြောက်အောင် ဆောင်ရွက်နေကြောင်း၊ တစ်ဖက်တွင်လည်း တည်ငြိမ်ခိုင်မာ အောင်မြင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုသည့် စိန်ခေါ်မှုကြီးကို ကျော်လွှားရန် ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ချက် ခိုင်ခိုင်မာမာထားပြီး ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်က စင်ကာပူနိုင်ငံ ISEAS (Institute of South East Asian Studies) တွင် ပြုလုပ်သည့် Democratic Transition: Challenges and Way Forward ဟောပြောပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှ လုံးဝဖယ်ရှားသွားမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစား၍ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဟောပြောပွဲသို့ တက်ရောက်လာသူတစ်ဦးက စစ်တပ်အုပ်ချုပ်ရေးစနစ်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲမှုအပေါ် မပြီးပြည့်စုံသေးဟု သုံးသပ်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြီးမြောက်စွာ ပြောင်းလဲနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်မည်နည်းဟု မေးခွန်းမေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်မယ်ဆိုရင် ဥပဒေပြုအာဏာရှိတဲ့ နေရာတိုင်းမှာ တပ်မတော်က ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်းကို တွေ့ရပါလိမ့်မယ်။ ကျွန်မတို့က ဘယ်အချိန်မဆို ၇၅ ရာခိုင်နှုန်းအတွက်ပဲ ရွေးချယ်တင်မြှောက်ခွင့် ရှိပါတယ်။ ကျွန်မအရင်က ပြောခဲ့သလိုပါပဲ။ ကျွန်မတို့ဆီမှာ ၇၅ ရာခိုင်နှုန်း အာဏာပဲရှိပြီး ခံယူရတဲ့ တာဝန်ကတော့ ၁၀၀ ရာခိုင်နှုန်းပါ။ ကျွန်မတို့အဲဒါကို အရင်ပြင်ရပါမယ်။ ကျွန်မတို့ပြင်ချင်တယ်လို့လည်း အရင်တုန်း ကတည်းက တရားဝင် တင်ပြပြောကြားခဲ့ပါပြီ။ ကျွန်မတို့က ပြည်သူတွေ မရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များကို ဖယ်ရမယ်။ ဒါပေမဲ့ ဖယ်ရှားတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစားပြီး တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အစိတ်အပိုင်းတစ်ချို့ကလည်း ဒီမိုကရေစီမဆန်တဲ့အပိုင်းဖြစ်နေပြီး စစ်တပ်ရဲ့ အာဏာနဲ့သက်ဆိုင်ပါတယ်။ အဲဒါတွေ အကုန်လုံးအပေါ် ကျွန်မတို့ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြုပြင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ မနာကျင်စေတဲ့ နည်းလမ်းတွေ လုပ်ရမှာပါ။ မြန်မာပြည်မှာ ဒုက္ခတွေ၊ ဆူပူမှုတွေဖြစ်ခဲ့တာ များပြားလွန်းခဲ့ပြီး ပြည်သူပြည်သားတွေ ခံစားခဲ့ရတာ များပြားလွန်းခဲ့ပြီ။ ကျွန်မတို့ တိုင်းပြည်တစ်ခုလုံး ဗြောင်းဆန်သွားမယ့် တော်လှန်ရေးတွေ မဖြစ်စေချင်ပါဘူး။ ကျွန်မတို့ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ တရားဥပဒေဘောင်ထဲကပဲ လုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး ပွဲသို့တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက မေးမြန်းရာတွင် NLD အစိုးရ တာဝန်ယူအုပ်ချုပ်နေသော်လည်း မြန်မာတပ်မတော်၏အာဏာအား ထိန်းချုပ်နိုင်ခြင်းမရှိဟု ဝေဖန်မှုများပြားနေသည်ဟု ထောက်ပြပြီး စစ်တပ်မှ အာဏာသိမ်းဖို့အား အလားအလာရှိသလားဟု မေးမြန်းခြင်းအပေါ် လက်ရှိအစိုးရယန္တရားတွင် ဗိုလ်ချုပ်ကြီးများနှင့် ညှိနှိုင်းလုပ်ဆောင်နေသည့်အတွက် အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ပင်လုံအစည်းအဝေး သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ပြီး တစ်ကြိမ်ပြီး မြောက်ပါက အဖိုးတန်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူညီသော တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ပေါ်ပေါက်နေသော်လည်း တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ရန် စကားဝိုင်းများ၊ ညှိနှိုင်းမှုများအား အသုံးချပြီး ယုံကြည်မှုနှင့် နားလည်မှုများကို ဆက်လက်တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent