မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဈေးများ ရေနစ်မြုပ်ကာ ယာယီပိတ်ထား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဈေးများ ရေနစ်မြုပ်ကာ ယာယီပိတ်ထား
Published 19 September 2018

မယ်ဆိုင်ချောင်း ရေကြီးမှုကြောင့် ဈေးများရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-သက်ဦး)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးသဖြင့် ထိုင်းနိုင်ငံနှင့် တာချီလိတ်ရှိ တာလော့ဈေးများ ရေနစ်မြုပ်ခြင်းကြောင့် ဈေးဆိုင်များ ယာယီပိတ်ထားရကြောင်း တာချီလိတ်ဒေသခံများထံမှ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် သိရသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့သဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်တံတားအနီး ချောင်းဘေးပတ်ဝန်းကျင် ဈေးများ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ဈေးဆိုင်များ ပိတ်ထားရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဈေးတို့မှာ ရေဝပ်ဧရိယာတွင် ကျရောက်နေသဖြင့် နှစ်စဉ်တိုင်းရေကြီးချိန် နစ်မြုပ်လေ့ရှိပြီး၊ ထိုသို့ ဆိုင်ပိတ်လေ့ရှိကာ တစ်ရက် နှစ်ရက်နေလျှင် ရေပြန်ကျသွားတတ်ကြောင်း၊ တာချီလိတ်တွင် ရေကြီးခြင်းကြောင့် မက္ကာဟိုခမ်းရပ်ကွက်နှင့် တာလော့ရပ်ကွက်ရှိ တာလော့ဈေး ရေနစ်မြုပ်နေပြီး မယ်ဆိုင်ဘက်တွင် စိုင်းလုံးကျွဲဈေးတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့ပြီး ဆိုင်ခန်းများ ပိတ်ထားကြောင်း သိရသည်။

“မယ်ဆိုင်ချောင်း ရေကြီးတာပေါ့။ ခုနစ်ပေ ရှစ်ပေလောက် နက်တယ်။ အခုချိန်မှာ ပေ ၂၀ လောက်တော့ ရှိမှာပေါ့။ မနက်ကမှ စတက်တယ်၊ ဒီတိုင်းပဲ ခဏလောက် တက်ပြီးတော့ ပြန်ကျသွားတယ်။ တစ်ရက် နှစ်ရက်ပြီးရင် ပြန်ကျတယ်။ အကြာကြီး မဟုတ်ဘူး။ ဟိုဘက် ဒီဘက် တံတားနားမှာပေါ့။ ဈေးပေါ်တက်တာပေါ့။ အရင်က ရေဝပ်ဧရိယာတွေပဲ ဟိုဘက်ချဲ့ ဒီဘက်ချဲ့ပေါ့။ နှစ်ဖက်လုံးပါတယ်။ ဟိုဘက်က တောင်စောင်းပေါ်မှာရှိတဲ့ ဈေးကိုတက်တာ၊ ဒီဘက်ကမှာတော့ တံတားဘယ်ဘက်ခြမ်းမှာရှိတဲ့ ဈေးကို ရေတက်တာပေါ့။ တချို့တော့ နည်းနည်းတော့ ရေမြုပ်တာပေါ့။ ရေမြုပ်တာ ကျော်တယ်။ တစ်ဈေးလုံး တက်တယ်။ လမ်းမကြီး မရောက်ခင်အထိကို တက်တယ်။ ဒီတိုင်းပဲ အကြာကြီး မဟုတ်ဘူး” ဟု တာချီလိတ်ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ချစ်ကြည်ရေး တံတား(၁) အနီး တင်ကျန်ခဲ့သည့် ရွှံ့များကို သက်ဆိုင်ရာက ရေများဖြင့် ပြန်လည်ဆေးကြောခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြင်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့တွင်လည်း ၁၇ ရက်ညက လေပြင်းတိုက်ခတ်ခြင်းကြောင့် ညောင်ဖြူနယ်မြေ (၆) သော်ကလမ်းတွင် ဓာတ်တိုင်အချို့ လဲပြိုခြင်း ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းကို မုန်တိုင်းချဉ်းကပ်ရောက်ရှိလာကာ မုန်တိုင်း ဝင်ရောက်စဉ် တစ်နာရီ ၄၆ မိုင်နှုန်း၊ လေပြင်းတိုက်ချိန် ၅၄ မိုင် အထိရှိပြီး မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် တစ်ခုလုံး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်ထန်ခြင်းနှင့် ကြုံတွေ့ရတတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

“အခု တတိယ ၁၀ ရက်ပတ်မှာ ရှမ်းတောင်မှာ ရွာသွန်းမြဲအောက်ကို လျော့မယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရွာသွန်းမြဲထက်ကို ရွာနိုင်တယ်။ အခု တတိယ ၁၀ ရက်ပတ်မှာ လေးရက်ကနေ ငါးရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်။ စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မုတ်သုန်ဆုတ်ခွာမယ်လို့ ဌာနကနေ ခန့်မှန်းထားတယ်။ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတယ်ဆိုရင် မိုးရွာတာ၊ မိုးသီးကြွေတာ၊ မိုးချုန်းတာ၊ မိုးကြိုးပစ်တာတို့ ဒီအန္တရာယ်တွေတော့ စိုးရိမ်ရတယ်။ ရေကြီးတာတို့ တောင်ကုန်း တောင်တန်းတွေမှာ အဲလို ဖြစ်တယ်လေ။ အမြင့်ပိုင်းကနေ ရွာချလိုက်တဲ့ မိုးကြောင့် လျှပ်တစ်ပြက် ရေကြီးတယ်။ ကာကွယ်ဖို့ရာ အချိန်မလုံလောက်ဘူးပေါ့။ အဖျက်စွမ်းအားများတယ်။ မုတ်သုန်ထွက်မယ့် အချိန်အခါမျိုးမှာတောင် စောင်းတောင်တန်းမှာနေကြတဲ့ ပြည်သူတွေ ဂရုစိုက်ဖို့ လိုတာပေါ့။ မြေပြိုတာတွေ ရေကြီးရေလျှံတာတွေ ဖြစ်တာပေါ့” ဟု ရှမ်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုလေးက ပြောကြားသည်။

Most Read

Most Recent