ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်း ဖောက်ထွင်းကာ အချုပ်ကျနေသည့် ရဲတပ်သားတစ်ဦး အပါအဝင် အချုပ်သားသုံးဦး ထွက်ပြေးလွတ်မြောက်

ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်း ဖောက်ထွင်းကာ အချုပ်ကျနေသည့် ရဲတပ်သားတစ်ဦး အပါအဝင် အချုပ်သားသုံးဦး ထွက်ပြေးလွတ်မြောက်
Published 18 September 2018

ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်း ဖောက်ထွင်းကာ အချုပ်ကျနေသည့် ရဲတပ်သားတစ်ဦး အပါအဝင် အချုပ်သားသုံးဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့၊ မြို့မရဲစခန်းအတွင်းရှိ ဗဟိုရဲကင်း အချုပ်ခန်း (၄) ခုအနက် အချုပ်ခန်း အမှတ် (၂) မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် အချုပ်ခန်း ဖောက်ထွင်းခံရမှု ဖြစ်ပွားပြီး ယင်းသို့ ထွက်ပြေးလွတ်မြောက် ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်တွင် ဘိုကလေးမြို့မရဲစခန်း ဗဟိုရဲကင်းရှိ အချုပ်ခန်း(၁)တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်း (၂) တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်းအမှတ်(၃) တွင် အချုပ်သား ၁၁ ဦး၊ အမျိုးသမီးသီးသန့် အချုပ်ခန်းတွင် အချုပ်သား ၁၀ ဦးအား ယာယီထိန်းသိမ်းထားပြီး ရဲတပ်သားနှစ်ဦးကို ကင်းစောင့်တာဝန် ချထားကြောင်း၊ အစောင့်ရဲတပ်သား မျိုးဇော်ကိုနှင့် ရဲတပ်သား သန်းထိုက်စိုးတို့ အိပ်ပျော်နေစဉ် အချုပ်ခန်း အမှတ်(၃) ရှိ ချုပ်ခန်းအား ကာရံထားသော သစ်သားတိုင် အမှတ် ၉၃ မှာ မြေပြင်မှ အမြင့်ပေ သုံးပေခန့် အကွာတွင် သံဖြတ်လွှဖြင့် ဖြတ်ထားသည်ကို ရဲတပ်သား သန်းထိုက်စိုးက တွေ့ရှိရသဖြင့် တာဝန်မှူးထံ သတင်းပို့ပြီးနောက် အချုပ်သားများကို စစ်ဆေးရာတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အချုပ်ကျနေသူ မောင်အာကာဂျူး အသက် ၂၃နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အချုပ်ကျနေသူကိုလှဦး အသက် (၃၃) နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အချုပ်ကျနေသူ ကိုနန္ဒအောင်(ခ) ဖိုးဖြူ အသက် (၁၉)နှစ် တို့မှာ အချုပ်မှ ထွက်ပြေးသွားခဲ့သည်ကို သိရှိရကြောင်း သိရသည်။

၎င်းတို့အား ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာတွင် ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦးမှာ ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာအနီး ကားလမ်းပေါ်တွင် ဘိုကလေးမြို့ဖက်မှ မော်လမြိုင်ကျွန်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား လုယူ၍ မော်လမြိုင်ကျွန်းဘက်သို့ ထွက်ပြေးသွားသည်ကို သိရှိရသောကြောင့် လိုက်လံဖမ်းဆီးရာတွင် ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦးအနက် နှစ်ဦးအား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“သုံးဦးထွက်ပြေးတာ နှစ်ဦးမိပြီ။ ကျောင်းဆရာမစုံတွဲကို ဓားထောက်လုတဲ့အမှုနဲ့ ရောက်နေတဲ့ နန္ဒအောင်မိပြီ၊ ရဲပြေးက အချုပ်ကျနေတဲ့ အာကာဂျူးလည်းမိပြီ။ လှဦးတစ်ယောက်ပဲကျန်တယ်။ အဲ့ဒါကိုလည်း ဆက်ပြီးတော့ ရှာဖွေနေတယ်” ဟု ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မျိုးဝင်းက စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်တွင် ပြောကြားသည်။

အချုပ်ခန်းဖောက်ပြေးမှု ဖြစ်ပွားခဲ့သည့် ဘိုကလေးမြို့နယ် မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များကိုလည်း တာဝန်ပေါ့လျော့မှုဖြင့် စစ်ဆေးဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အချုပ်သား တစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 

 

Most Read

Most Recent