ဘွက်ကြီး ဆည်တာပေါင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားသဖြင့် ဆည်အောက်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေ

ဘွက်ကြီး ဆည်တာပေါင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားသဖြင့် ဆည်အောက်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေ
Published 18 September 2018

ဘွက်ကြီးဆည်တာပေါင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားသည့်နေရာကို ကြည့်ရှုစစ်ဆေးနေကြစဉ်

ဘွက်ကြီး ဆည်တာပေါင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားသဖြင့် ဆည်အောက်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

ဘွက်ကြီးဆည်မှာ မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်တွင် တည်ရှိပြီး စက်တင်ဘာ ၁၆ ရက် ညပိုင်းက ထပ်မံနိမ့်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ လဆန်းပိုင်းတွင် ဘွက်ကြီးဆည် အနောက်ဘက်ခြမ်း တာဘောင်မြေသား နိမ့်ကျမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက် ညပိုင်းက ယခင်မြေသား နိမ့်ကျထားသည့် နေရာအထက်ရှိ မြေသားများ ထပ်မံနိမ့်ကျခဲ့သဖြင့် ဆည်အောက်ရှိ ဒေသခံများ စိုးရိမ်မှုမြင့်တတ်လာကာ ကျေးရွာအချို့မှာ ကုန်းမြင့်များပေါ်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

“ထပ်နိမ့်ကျသွားတဲ့ နေရာက တစ်နေ့ကတုန်းက ပပ်ကြားအက်လေးပဲ ဖြစ်နေတာ။ မနေ့ညလောက်ကမှ မြေသားအရှည် ပေ ၆၀ လောက်က အောက်ကို နှစ်ပေလောက် ထပ်နိမ့်ကျသွားတာ။ ဆည်ကလည်း ရေပိုလွှဲက ရေကျော်ကျနေပါသေးတယ်။ ဒီလိုဖြစ်တာကြောင့် ဆည်အောက် တချို့ရွာတွေ ပြောင်းတာ ရွှေ့တာတွေ လုပ်နေကြတယ်” ဟု ဒါန်းဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ကြိုင်က ပြောကြားသည်။

လက်ရှိတွင် မြေသားနိမ့်ကျမှုများနှင့် ပတ်သက်ပြီး ဆည်မြောင်း တာဝန်ရှိသူများက စစ်ဆေးနေကာ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဆောင်ရွက်လျက် ရှိသည်။

ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး မကွေးတိုင်း ဆည်မြောင်းညွှန်ကြားရေးမှူး ဦးသောင်းထိုက်က “နိမ့်ကျသွားတဲ့ နေရာတွေကို မိုးကာနဲ့ ဖုံးထားတာက ရေဝင်မှာစိုးလို့ပါ။ ဘာကိုမှ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ တာပေါင်အောက်က နိမ့်ကျသွားတာ ဆိုတော့ အပေါ်ဘက်ကပါ ထပ်နိမ့်ကျလာတဲ့ သဘောပါ။ နိမ့်ကျနေတဲ့ အပေါ်ကို မြေကြီးတွေ ထပ်ဖို့လို့လည်း မရဘူး။ ဒီလိုဖို့လိုက်ရင် ထပ်နိမ့်ကျသွားဖို့ ရှိပါတယ်။ ဒါကြောင့် အခုလုပ်မယ့် အခြေအနေက မြေကြီးတွေ ထပ်လျှော့မကျသွားအောင် အောက်ပိုင်းကနေ ထောက်နဲ့ ထောက်ထားဖို့ လုပ်မှာပါ” ဟုပြောကြားသည်။

အလယ်ရွာကျေးရွာမှ ဒေသခံများ ရွှေ့ပြောင်းနေကြစဉ်

ဆည်တာပေါင် မြေသား ထပ်မံနိမ့်ကျမှုကြောင့် ဆည်အောက်ရှိ တံခွန်တိုင်ကျေးရွာ၊ မောင်းမလှုပ်ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ဆင်တဲကျေးရွာစသော ကျေးရွာတွင် နေထိုင်သူများက ရေလွှတ်နိုင်သည့် ကုန်းမြင့်များပေါ်သို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်လျက် ရှိကြသည်။

“အဒေါ်တို့ ပြောင်းလာတာကတော့ တစ်နေ့ကတည်းကပါ။ မနေ့က ရွာကလူတွေ ဆည်သွားကြည့်တော့ အခြေအနေ ကောင်းတယ်တဲ့။ ဒီနေ့ကျတော့ ထပ်နိမ့်လာတယ်လို့ ကြားတော့ ဒီနေ့ တစ်ရွာလုံးနီးပါး ပြောင်းလာကြတယ်။ နွားရှိတဲ့ လူကတော့ နွားနဲ့ ပြောင်းတာပေါ့။ မရှိတဲ့လူကတော့ ခေါင်းနဲ့ရွက်ပြီး ရွှေ့ရ ပြောင်းရတာပေါ့။ ဆည်က စိတ်ချရပြီဆိုမှ ရွာထဲ ပြန်နေရမှာပါပဲ” ဟု အလယ်ရွာကျေးရွာနေ ဒေါ်သိန်းအေးက ပြောကြားသည်။

အဆိုပါ ဘွက်ကြီးဆည်မှာ စက်တင်ဘာ ၂ ရက် ညနေက ဆည်မြေသား တာပေါင် အလျားပေ ၁၀၀ ကျော်၊ အနံ ၄၀ ပေခန့်မှာ ငါးပေခန့်အထိ ကျွံကျခဲ့ပြီး တာဝန်ရှိသူများက မြေကျွံကျသည့် နေရာအား ပြင်ဆင်မှုများပြုလုပ်ကာ ပူပန်စရာမရှိကြောင်း ထုတ်ပြန်ထားသော်လည်း လူသေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆွာတမံကျိုးကျမှု ဖြစ်စဉ်ကြောင့် ဒေသခံအများစုက စိုးရိမ်နေကြပြီး ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ ဘွက်ကြီးဆည်သည် လယ်မြေ ၆၉၆၆ ဧကအား ဆည်ရေပေး စိုက်ပျိုးနိုင်ရန်အတွက်၂၀၀၁-၂၀၀၂ ခုနှစ်ခန့်က စတင် တည်ဆောက်ခဲ့ကာ အလျားပေ ၄၆၂၀၊ အမြင့် ၁၁၃ ပေရှိပြီး ရေလှောင်ပမာဏ ဧက ၇၃၁၉၀ ရှိကြောင်း သိရသည်။

Most Read

Most Recent