ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင် စာသင်ကျောင်းများသည် နှစ်စဉ် မှတ်ပုံတင်ကြေးသာ ပေးသွင်းရပြီး အခွန်ကောက်ယူခြင်း မရှိကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင် စာသင်ကျောင်းများသည် နှစ်စဉ် မှတ်ပုံတင်ကြေးသာ ပေးသွင်းရပြီး အခွန်ကောက်ယူခြင်း မရှိကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ပြောကြား
Published 18 September 2018

စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင် စာသင်ကျောင်းများသည် မှတ်ပုံတင်ကြေးသာ ပေးသွင်းရပြီး အခွန်ကောက်ယူခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားသည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း တရားဝင် ခွင့်ပြုထားသည့် ကိုယ်ပိုင် စာသင်ကျောင်းပေါင်း နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၏ အရေအတွက်အား အထက်တန်း၊ အလယ်တန်း၊ အဆင့်လိုက် တိကျစွာ သိရှိလိုကြောင်း၊ အဆိုပါ ကိုယ်ပိုင် စာသင်ကျောင်းများမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရရှိမည့် မှတ်ပုံတင်ကြေးနှင့် အခွန်ပေးဆောင်ငွေ စုစုပေါင်းမည်မျှ ရရှိသည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ကိုယ်ပိုင် စာသင်ကျောင်းများနှင့် ညအိပ် ဘော်ဒါဆောင်များအား သတ်မှတ်ထားရှိသည့် စည်းမျဉ်း၊ ဥပဒေများနှင့် ကိုက်ညီမှု ရှိစေရေးအတွက် တာဝန်ရှိသူများက မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခွင့်ပြုထားသည့် ကိုယ်ပိုင် အထက်တန်းကျောင်း ၁၅၉ ရှိကြောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း ရှိပြီး၊ မူလတန်းကျောင်း ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရ အထက်တန်းပြ ၁၃၅၇ ဦး၊ အလယ်တန်းပြ ၈၅၂ ဦး၊ မူလတန်းပြ ၈၀၀ ဦး ရှိကြောင်း၊ ကိုယ်ပိုင် စာသင်ကျောင်းများတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၂၁၇၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃၆၀၁ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁၄၇၉ ဦး စာသင်ကြားလျက် ရှိကြောင်း သိရသည်။

“ကိုယ်ပိုင်ကျောင်းများအနက်မှ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာ အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းက ၁၉ ကျောင်း ရှိပါတယ်။ ယခင်နှစ်တွေမှာ စမ်းသပ် တစ်နှစ် အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်း ၁၉ ကျောင်း ရှိပါတယ်။ ယခင်နှစ်တွင် စမ်းသပ်တစ်နှစ် ဖွင့်လှစ်ခွင့်ရပြီး စမ်းသပ်တစ်နှစ် ထပ်တိုး ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းက ၅၀ ဖြစ်ပါတယ်။ ယာယီ နှစ်နှစ်ထပ်မံ ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းကတော့ ခြောက်ဆယ် ရှိပါတယ်။ သက်တမ်းကျန် ကျောင်းအားလုံး ၇၉ ကျောင်း ရှိပါတယ်” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

စမ်းသပ် တစ်နှစ် အသစ်ဖွင့်လှစ်ခွင့်ရသည့် ကျောင်း ၁၉ ကျောင်းသည် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကြေး ငါးသိန်းနှင့် နှစ်စဉ်ကြေး သုံးသိန်း ပေးသွင်းရကြောင်း၊ သက်တမ်းတိုး ဆက်လက် ဖွင့်လှစ်ခွင့်ရသည့် ကျောင်းများသည် စမ်းသပ် တစ်နှစ် ဖွင့်လှစ်ခွင့်ရပါက နှစ်စဉ်ကြေး ကျပ်သုံးသိန်း၊ ယာယီ ဖွင့်လှစ်ခွင့်ရပါက ကျပ်ခြောက်သိန်း ပေးသွင်းရကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများမှ ရငွေအဖြစ် နိုင်ငံတော်သို့ပေးသွင်းမှုသည် အသစ်ဖွင့်လှစ်ခွင့် ရရှိသည့် ကျောင်း ၁၉ ကျောင်းမှ ကျပ် ၉၅ သိန်း၊ နှစ်စဉ်ကြေး တစ်နှစ် ၁၉ ကျောင်းမှ ၅၇သိန်း၊ စမ်းသပ် တစ်နှစ် ဖွင့်လှစ်ခွင့်ရရသည့် ကျောင်း ၅၀ မှ သိန်း ၁၅၀၊ ယာယီ သက်တမ်းတိုး ဖွင့်လှစ်ခွင့်ရသည့် ကျောင်း ၆၀ မှ နှစ်စဉ်ကြေး နှစ်နှစ်စာအတွက် ကျပ် သိန်း ၃၆၀၊ စုစုပေါင်း ကျပ် ၆၆၂ သိန်းအား နိုင်ငံတော်မှ ရရှိခဲ့ကြောင်း ဦးနိုင်ငံလင်း က ပြောကြားသည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းတွေကို အခွန်ကောက်ယူခွင့် မရှိပါဘူး” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်းများအား ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခွင့် စီစစ်ရေးအဖွဲ့မှ ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်လျှောက်လွှာတွင် ဖော်ပြထားသည့် အချက်များ အမှန်တကယ် ပြည့်စုံမှု ရှိ မရှိ၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများ ပြည့်စုံမှု ရှိ မရှိ၊ မှတ်ပုံတင်ခွင့် လျှောက်ထားသော ကျောင်းများအား သတ်မှတ်ချက်ဖြင့် ကိုက်ညီသော ကျောင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ကျောင်းဖွင့်လှစ်ခွင့် သဘောထားမှတ်ချက် တင်ပြတောင်းခံရပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် ရရှိပါက အခြေခံပညာ ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရကြောင်း၊ ဖွင့်လှစ်ခွင့်ရသည့် ကျောင်းများမှ ပညာရေးဝန်ကြီးဌာန၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများအား ခေါ်ယူတွေ့ဆုံ ရှင်းလင်းခြင်း၊ ပညာရေးမှူးရုံးမှ တာဝန်ပေးအပ်သူများ အခါအားလျော်စွာ စစ်ဆေးခြင်း၊ ကျောင်းစစ်ဆေးရေးအဖွဲ့များမှ တစ်နှစ်တစ်ကြိမ် စစ်ဆေးခြင်း၊ ဘော်ဒါရှိသော ကျောင်းများမှ ဖော်ပြလျှောက်ထားရပြီး ကျောင်းစစ်ဆေးသည့် အခါတွင်လည်း ဥပဒေပါအချက်များ ကိုက်ညီရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent