တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ပြန်လွှတ်ပေးရေးအတွက် နမ့်ခမ်းမြို့တွင် လူဦးရေထောင်ချီ ဆန္ဒပြ

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ပြန်လွှတ်ပေးရေးအတွက် နမ့်ခမ်းမြို့တွင် လူဦးရေထောင်ချီ ဆန္ဒပြ
Published 18 September 2018

နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းဒေသခံများ စက်တင်ဘာ ၁၇ ရက်က နမ့်ခမ်းမြို့တွင် ဆန္ဒပြတောင်းဆိုနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သိုက်၊ စိုင်းဆွေ)

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် လူဦးရေထောင်ချီ ပါဝင်သော နမ့်ခမ်းဒေသခံများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ မီဒီယာများသို့ ပြောကြားထားချက်အရ သိရသည်။

“သူတို့ TNLA ကနေ မိသားစုကို တိုက်ရိုက်ဆက်သွယ်တာတော့ မရှိသေးပါဘူး။ အခုအထိ မကြားရသေးဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီး သတင်းပါးလာတာက စက်တင်ဘာ ၇ ရက်မှာ သူတို့မိသားစုက ဆန္ဒပြခဲ့ကြပြီး ညနေပိုင်းလောက်မှာ နောက်ထပ် လေးငါးရက်လောက်ဆို ပြန်လွှတ်ပေးမယ်ဆိုပြီး သတင်းပါးလာတာရှိတယ်။ အဲဒါကို စောင့်ရင်းနဲ့ ၁၂ ရက်နေ့လောက်က စီရင်ချက်ချတော့မယ်။ မိသားစုနဲ့ တွေ့နိုင်အောင် စီစဉ်ပေးမယ်။ ပြင်ဆင်ထားကြပါပေါ့။ အဲဒီလို ဒီအပေါ်ကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ ခုနကပြောတဲ့ ပြန်လွှတ်ပေးမယ်ဆိုတာနဲ့ စီရင်ချက် ချမယ်ဆိုတာက လုံးဝမတူတော့ဘူး။ သူတို့ စီရင်ချက်ချတာက ငါးနှစ်ဖြစ်ရင်ဖြစ်မယ်။ ၁၀ နှစ်ဖြစ်ရင်ဖြစ်မယ်။ ပြောလို့မရဘူး။ အဲဒါကို ကျွန်တော်တို့ပြည်သူတွေကလည်း ဒီဟာကို လုံးဝကန့်ကွက်တယ်။ မဖြစ်သင့်ဘူး။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်တဲ့အဆင့် ဖြစ်လာတာပါ” ဟု လူငယ်ကွန်ရက် နမ့်ခမ်းမြို့မှ စိုင်းသိန်းရွှေက ပြောကြားသည်။

ထောင်နှင့်ချီသော နမ့်ခမ်းဒေသခံများသည် TNLA မှ မတရားဖမ်းဆီးထားသည့် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ အပြစ်မဲ့သော နန်းမိုဟွမ်းအား အမြန်ဆုံးချက်ချင်း လွှတ်ပေးပါရန်၊ ‘လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်သူလူထုတို့ထံ ဆက်ကြေးကောက်ခြင်းကို ချက်ချင်းရပ်ပေးပါ’၊ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဒို့အရေး’၊ ‘တရားဥပဒေ စိုးမိုးရေး ဒို့အရေး’ စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး အဆိုပါစာသားများ ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့မှုများကို တွေ့ရသည်။

“လူဦးရေက တစ်သောင်းဝန်းကျင်လောက်ရှိတယ်။ နမ့်ခမ်းဆေးရုံတောင်ခြေကနေ နမ့်ခမ်းမြို့လယ်ဘုရားကျောင်းအထိ ရှစ်ဖာလုံလောက်ရှိတယ်ပေါ့နော်။ အဲဒါကို လမ်းလျှောက်ပြီးတော့ ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ကြတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီလိုဆန္ဒဖော်ထုတ်တာကလည်း TNLA နဲ့ ကျွန်တော်တို့ ပြည်သူတွေနဲ့ တင်းမာသွားအောင် နှိုးဆော်တာမဟုတ်ပါဘူး။ အဲဒါကို TNLA အနေနဲ့လည်း ပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ ပြန်လွှတ်ပေးစေချင်တယ်။ ကြာသွားရင် TNLA အတွက်လည်း ဂုဏ်သိက္ခာ မကောင်းဘူး။ ပြည်သူတွေအတွက်လည်း နစ်နာတယ်။ ဒီမိသားစုဝင်တွေကိုလည်း စိတ်ဒဏ်ရာရသွားစေမယ်။ အဲဒါကြောင့် ကျွန်တော်တို့က အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု စိုင်းသိန်းရွှေက ပြောကြားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အပြစ်မဲ့ပြည်သူအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ကြေညာခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်တွင် နောင်မောဝ်ကုန်မာ ဆိုင်ဖွင့်လှစ်ထားသည့် နန်းမိုဟွမ်သည် TNLA ၏ ဥပဒေကျူးလွန်သဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်တွင် TNLA မှ အရေးယူရန် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း TNLA က စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ွှ
TNLA အကောက်ခွန်ဦးစီးဌာနမှ အခွန်ကောက်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးစေသည့်အထိ နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် TNLA ဗဟိုတရားရုံးသို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် နန်းမိုဟွမ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟိုတရားရုံးက အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် TNLA ၏ ဗဟိုတရားရုံးက နန်းမိုဟွမ်းအား အမှုစတင်လက်ခံ စစ်ဆေးသွားမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည့်နေ့တွင် နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ် ချက်ချနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent