ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရခိုင်အရေး ဆွေးနွေးရန် ဗြိတိန်တောင်းဆိုမှုကို တရုတ်ကန့်ကွက်ခဲ့ ဟုဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရခိုင်အရေး ဆွေးနွေးရန် ဗြိတိန်တောင်းဆိုမှုကို တရုတ်ကန့်ကွက်ခဲ့ ဟုဆို
Published 31 August 2017

ပြီးခဲ့သည့် ဧပြီလက UN ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးတစ်ခု၌ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး မက်သယူးရိုင်းခရော့ အားတွေ့ရစဉ် (Photo: Reuters)

ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ ရခိုင်အရေးဆွေးနွေးရန် ဗြိတိန်က တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံက လုံခြုံရေးကောင်စီမှာ မြန်မာအရေး ဆွေးနွေးမည့်ကိစ္စကို အခိုင်အမာ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း AFP သတင်းဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လတ်တလောအခြေအနေ၊ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ယူ ဆွေးနွေးရန် ဗြိတိန်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တရုတ်က ကန့်ကွက်ခဲ့သော်လည်း သြဂုတ် ၃၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း ပဋိပက္ခအရှိန်လျှော့ချရေးအတွက် အဖွဲ့ဝင်များမှ တောင်းဆိုမှုတွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ ဗြိတိန်သံအမတ် မက်သယူးရိုင်းခရော့ခ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်။ ပဋိပက္ခအရှိန်လျှော့ချဖို့ကိုတော့ အဖွဲ့အားလုံးကို တောင်းဆိုပါတယ်” ဟု ရိုင်းခရော့ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထောက်ခံမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဗြိတိန်သံအမတ် ရိုင်းခရော့ဖ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အများစုဟာ သူမရဲ့ လုပ်ဆောင်မှုတွေကို အရင်ကတည်းက လေးစားမှုနဲ့အတူ ထောက်ခံမှုကြီးတွေ ပေးခဲ့ကြတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်မှ စတင်၍ မောင်တောဒေသရှိ ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း အပါအဝင် အကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့မှုကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် လဝက အရာရှိတစ်ဦးတို့ အပါအဝင် ပြည်သူများ ကျဆုံး သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ အကြမ်းဖက် ဘင်္ဂါလီများသည် မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာ၊ ရဲကင်းစခန်းများနှင့် ရုံးများကိုသာမက မောင်တောမြို့ပေါ်တွင် မီးရှို့မှုများနှင့် ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး တိုင်းရင်းသားဒေသခံများကိုလည်း သတ်ဖြတ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent