တရားစီရင်ရေးကို သွားဖြဲပြသောအခါ

တရားစီရင်ရေးကို သွားဖြဲပြသောအခါ
Published 17 September 2018

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်ဖြစ်စဉ်မှ ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်သူ သုံးဦးအား သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ဇန်နဝါရီ ၅ ရက်က ရုံးထုတ်ရမန်ယူစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ် အားပေးမှု ရရှိထားသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ ပြီးခဲ့သည့်နှစ်သစ်ကူးညတွင် လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား ၎င်း၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင် လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှကျူးလွန်သူများကို မိဘများကိုယ်တိုင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့သည်။

အမှုအား ရုံးချိန်းသုံးချိန်း စစ်ဆေးပြီးချိန်တွင် တရားလိုက အမှုပြန်လည်ရုပ်သိမ်းသည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ကျူးလွန်ခဲ့သူများအား တရားရှင်ပြန်လွှတ်ပေးခဲ့သဖြင့် ပြည်သူများအကြားတွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ယင်းအမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ အရှေ့ပိုင်း ခရိုင်တရားရုံးက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအပေါ် ရည်ညွှန်း၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ကျွန်တော်တို့ဘဝမှာ တစ်သက်လုံးက မကြားခဲ့ရတဲ့ တရားရုံးအမိန့်တွေ ကြားနေရတယ်။ ဒါတွေကမဖြစ်သင့်ဘူး။ အမှုလိုက်တဲ့ နှစ်ပေါင်း မနည်းဘူး။ ဒါမျိုးအမိန့်မျိုး တစ်ခါမှ မကြားဖူးသေးဘူး။ ဒါကိုလည်း ကျွန်တော် အလေးအနက်ထားမှာပါ”ဟု  ဇူလိုင် ၂၈ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်မှာ ပြောကြားခဲ့သည်။

ထို့ပြင် ယင်းသို့လွှတ်ပေးခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားသည်မှာ မှန်ကန်သော်လည်း ပုဒ်မ ၃၀၂ တပ်ထားသည့် အမှုဖြစ်သည့်အပြင် ပုဒ်မ ၃၀၂ မှာ အမှုကြီး ၁၀ မျိုးတွင် တစ်ခု ပါဝင်နေသည့်အတွက် သတိမူသင့်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။

“၄၉၄ (က)သည် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားတာပဲရှိတယ်။ လုပ်ထုံးလုပ်နည်းရှိတာ မှန်တယ်။ ဒါပေမဲ့ ဖြစ်တဲ့အမှုက ၃၀၂ (လူသတ်မှု)တပ် ထားတဲ့ အမှုလေ။ ဒါက ပြစ်မှု ၁၀ မျိုးထဲမှာပါတယ်။ တရားလိုသည် နိုင်ငံတော် ဖြစ်တယ်။ လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးရတာဖြစ်တဲ့အတွက် တိုင်တန်း သူကကျေအေးပေမယ့် နိုင်ငံတော်ဘက်က ကျေအေးပေးလို့မရဘူး။ အဲဒီ Concept လေးကိုသတိမမူမိ လိုက်တော့ ဒါကြီးကို ချေဖျက်ပေးလိုက်တယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ထောက် ပြသည်။

ယင်းအမှုမှ ပြန်လည်လွတ်မြောက်သွားသူများအနက် သန်းထွဋ်အောင် (ခ) သားကြီးက ၎င်း၏ Facebook အကောင့်တွင် ဇူလိုင် ၂၈ ရက်က မျက်နှာဖုံးတပ်လျက် ပါးစပ်ဖြဲပြသည့် ပုံတင်ခဲ့ခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများက ဝေဖန်ခဲ့ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေးအတွက် ပြောကြားသည့်နေ့၌ သန်းထွဋ်အောင် (ခ) သားကြီးက ၎င်း၏ Facebook အကောင့်တွင် ယခုကဲ့သို့ တင်ခဲ့ခြင်း ဖြစ်သည်။

ထိုလုပ်ရပ်အပေါ်တွင် Facebook သုံးစွဲသူအများစုက ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေး ကျဆုံးပြီဖြစ်ကြောင်းနှင့် လူသတ်မှုအား ငွေပေး၍ အမှုမှ လွတ်မြောက်ရန် လုပ်ဆောင်နိုင်ကြောင်း စသည့် ပို့စ်များကို တင်ခဲ့ကြသည်။

“လူသတ်မှုကို ကျေအေးပေးလိုက်တဲ့ ကိစ္စကဆိုရင် တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား စိန်ခေါ်ရာရောက်ပါတယ်။ လူသတ်မှုဆိုတာက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ဘယ်လိုမှ ကျေအေးလို့မရတဲ့ကိစ္စလည်း ဖြစ်တယ်။ အဲဒါကို ကျေအေးပေးလိုက်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အကြီးမားဆုံး စိန်ခေါ်တာဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၉ ရက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းအချင်း ကျေအေးခဲ့သည့်အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

သမ္မတပြောကြားပြီးနောက် တစ်နေ့တွင် အောင်ရဲထွေးအမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသားခဲ့သည်။

“စိစစ်မေးမြန်းရာတွင် ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦး နဲ့ နစ်နာသူမိသားစုက တင်ပြလာတာ ဖြစ်ပါတယ်။ ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်းလွှာ တင်ပြတဲ့အပြင် တရားလိုပြသက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ဦးရဲ့ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက်ပေါ်ပေါက် ခြင်းမရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာရှိနေတဲ့ သက်သေတွေ ကိုယ်တိုင်က မည်သူမည်ဝါဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာတင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု၊ လူသတ်မှုတွေကို ဒီလိုမျိုးရုပ်သိမ်းလွှတ်ပေးရသလားဆိုပြီး မြန်မာနိုင်ငံရဲ့တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင်ဖြစ်ပေါ်နေတဲ့အတွက် ဒီအမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးက စွဲချက်မတင်မီလွှတ်တဲ့ အမိန့်ချမှတ်ထားတာဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကိုဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကိုတင်ပြဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဒီကနေ့ညွှန်ကြားလိုက်ပါတယ်။ ဒီကနေ့ (သို့မဟုတ်) မနက်ဖြန်မှာ တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက်တင်သွင်းမှာဖြစ်ပါတယ်။ ဒီလို စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။ (ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကိုလက်ခံရင် အမှုကို ဆက်လက်စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြသက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦးထွက်ဆိုချက်ပေးပြီးဖြစ်တဲ့အတွက် ကျန်တဲ့သက်သေရှစ်ဦးကို ဆက်လက်စစ်ဆေးရမှာပါ)” ဟု ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၃၀ ရက်က ရေးသားခဲ့သည်။

အောင်ရဲထွေးအမှုအား ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတအိမ်တော်မှာ ဇူလိုင် ၃၁ ရက်က ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့ကို နိုင်ငံတော် သမ္မတက ခေါ်ယူတွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြား ဆက်နွှယ်ပတ်သက်မှုများ နှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးအတွက် မှာကြားခဲ့သည်။

သမ္မတရုံးက ညွန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဥပဒေချုပ်ရုံးမှ ပြင်ဆင်မှုလျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆(ခ)/ ၂၀၁၈ ဖြင့် အမှုကို လက်ခံကာ ဆက်လက်ကြားနာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ တရားရေးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။

ထို့ပြင် အမှုပြင်ဆင်မှုလျှောက်ထားခံရသူ သုံးဦးဖြစ်သည့် သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုး အောင်(ခ)အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ထံ သမ္မန်စာ ပေးပို့ကာ ဆင့်ခေါ်မည်ဖြစ်ပြီး သမ္မန်စာကို လက်ခံရရှိပါက ၎င်းတို့ သုံးဦးမှာ အချုပ်လွှတ်ဖြင့် တိုင်းတရား လွှတ်တော်သို့ အမှုလာရောက်ရင်ဆိုင်ရမည် ဖြစ်သည်။

“လျှောက်ထားခံရသူတွေကို ဆင့်ခေါ်မယ်။ လျှောက်ထားခံရသူတွေကို ဆင့်ခေါ်လို့ အတည်ဖြစ်ပြီ။ ရုံးကိုလည်း အမှုတွဲရောက်ပြီဆိုရင် ဘယ်နေ့မှာ အမှုနဲ့ပတ်သက်ပြီး ကြားနာမယ်ဆိုတာ ကြေညာမယ်။ ဆုံတာနဲ့ ကြားနာမှု လုပ်ပါမယ်။ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးက ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ၁၂၇ အရ အကြောင်းကြားလို့ ပြင်ဆင်မှုကို တင်သွင်းရပါတယ်လို့ ဖော်ပြထားတယ်။ ဆိုလိုတာက သူတို့ပဲ ရုပ်သိမ်းလျှောက်ထားပြီး သူတို့ပဲ ပြန်တင်ရတယ်။ အကြောင်းကတော့ နည်းဥပဒေအရ အကြောင်းကြားလို့ပေါ့။ အမှုရုပ်သိမ်းရတဲ့ အကြောင်းရင်းက အမှုရဲ့ အရည်အသွေးနဲ့ ဆိုင်တယ်။ အဲဒါကတော့ အမှုတွဲကို သေချာကြည့်ပြီးမှ ပြောလို့ရမှာပါ။ ခရိုင်ရုံး အမိန့်ထဲမှာတော့ သေချာပါပါလိမ့်မယ်။ လျှောက်ထားခံရသူတွေ ရုံးတော်ကို ရောက်မလာဘူးဆိုရင် တစ်ဖက်သတ် သွားရမှာပေါ့။ သူ့မျက်ကွယ်မှာပါ” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် တရားစီရင်ရေးနှင့် တရားရုံးများကို လှောင်ပြောင်သည့် အပြုအမူမျိုး၊ ခြိမ်းခြောက်သည့် အပြုအမူမျိုးများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက် က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် မြောက်ပိုင်းခရိုင်တရားရုံး၌ တရားခံ ကြည်လင်း အပါအဝင် လေးဦးအား ရုံးထုတ်လာစဉ် “မင်းတို့ ထမင်းဝအောင်စားထား” စာတန်းပါ တီရှပ်များဝတ်ဆင်လာသူ လေးဦးက လာရောက်ဝန်းရံခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ် Terminal -1 မှ အထွက် ကားပါကင်၌ လုပ်ကြံသတ်ဖြတ်ခံရသည်။ ၎င်းကို လုပ်ကြံသူအား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ကာ ကူညီ၍ ဖမ်းပေးသူ တက္ကစီသမားဦးနေဝင်းလည်း ကြည်လင်း၏ သေနတ်ပစ်ခတ်မှုကြောင့်  သေဆုံးခဲ့သည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့်ဇေယျာဖြိုးတို့လေးဦးကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် မြောက်ပိုင်းခရိုင်သို့ ရုံးထုတ်လာစဉ် သေနတ်သမား ကြည်လင်းအား လာရောက်ဝန်းရံသူလေးဦးက “မင်းတို့ ထမင်းဝအောင်စားထား”ဟု စာတန်းကို လက်ညိုးထိုးသောပုံဖြင့် ဒီဇိုင်း လုပ်ထားသည့် တီရှပ်များကို စွပ်စွဲခံရသူလေးဦးထံ ပေးအပ်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သူကြည်လင်းက ၎င်းတို့ အမြင်တွင်လုပ်သင့်လုပ်ထိုက်သည့် ကိစ္စကိုလုပ်ခဲ့ခြင်းကြောင့် ပုဂ္ဂိုလ် ရေးဆိုင်ရာ လေးစားမှုဖြင့်လာရောက်ဝန်းရံ ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက် မရှိကြောင်း ကြည်လင်းကို လာရောက်ဝန်းရံသူတစ်ဦးက ဆိုသည်။

သေနတ်သမား ကြည်လင်းတို့ကို လာရောက်ဝန်းရံသည့် လေးဦးထဲမှ မြတ်ဘုန်းမိုရ်နှင့် တင်ဌေးအောင် တို့သည် အမျိုးသားအင်အားစုဟု ဆိုသူများအဖြစ် ၂၀၁၇ မေလ ၉ ရက်ညက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်းထောင့်ရှိ တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်နေသည်ဆိုကာ ဝင်ရောက် စစ်ဆေးရာမှဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ဦးဆောင်ပါဝင်သူများ ဖြစ်သည်။ မင်္ဂလာတောင်ညွန့် ပဋိပက္ခ၌ ပါဝင်လှုံ့ဆော်သဖြင့် ထောင် ခြောက်လ ကျခံခဲ့ရသော်လည်း ချုပ်ရက်မှ ခံစားခွင့်ပြုပြီး  ပြန်လွတ်လာ သူများဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးကိုနီကိုလုပ်ကြံသူ ကြည်လင်းအား “မင်းတို့ ထမင်းဝအောင်စားထား”ဟူသော စာတန်းပါ အင်္ကျီဝတ်ဆင်ကာ တရားရုံးအထိ လာရောက် ဝန်းရံအားပေးသူ လေးဦးကို အရေးယူပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ရှေ့နေအဖွဲ့အစည်းများစုစည်း၍ တောင်းဆိုခဲ့သည်။

“ဒီစကားက ခြိမ်းခြောက်တဲ့စကား။ ဘယ်သူ့ကို ခြိမ်းခြောက်တာလဲ။ တရားသူကြီးကို ခြိမ်းခြောက်တယ်။ တရားသူကြီးဘက်ကလိုက်တဲ့ ဥပဒေဝန်ထမ်းကို ခြိမ်းခြောက်တယ်။  တရားလို၊ တရားခံဘက်က လိုက်တဲ့ရှေ့နေတွေကိုလည်း ခြိမ်းခြောက်တာ၊ သက်သေတွေကိုလည်း ခြိမ်းခြောက်တာ။  တရားစီရင်ရေးစနစ်ကြီးကို ခြိမ်းခြောက်တာ”ဟု မြန်မာ မီဒီယာ ရှေ့နေများကွန်ရက်ဥက္ကဋ္ဌ တရား လွှတ်တော်ရှေ့နေဦးအောင်စိုးက ပြောကြားသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေးတို့ကို ထိခိုက်ပျက်ပြားစေရန်နှင့် အမှန် တရားပျောက်ကွယ်ပြီး အမှုမှန် လမ်းကြောင်းလွဲကာ ပဋိပက္ခအသွင် ကူးပြောင်းစေခြင်းအပေါ် ကန့် ကွက်ကြောင်း ကြေညာချက်ကို ရှေ့နေအသင်းအဖွဲ့များက ပူးပေါင်း ထုတ်ပြန်သည်။

တောင်းဆိုသည့်ရှေ့နေအဖွဲ့အစည်းများမှာ  မြန်မာနိုင်ငံ ရှေ့နေအသင်း၊ လွတ်လပ်သောရှေ့နေများအသင်း၊ ရန်ကုန်ရှေ့နေအသင်း၊  မြန်မာမီဒီယာရှေ့နေများကွန်ရက်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့်  ဥပဒေဘွဲ့ရသူများအသင်းတို့ ဖြစ်သည်။

အဆိုပါ ကန့်ကွက်စာတွင် လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူများကို ဝန်းရံရုံမက လူသတ်ခြင်းကို အားပေးကြောင်းပြုမူခြင်းသည် လူသတ်မှုကို တရားရုံးရှေ့၌ ပြောင် ပြောင်တင်းတင်းအားပေးခြင်း၊ လှုံ့ ဆော်ခြင်း၊ ဖိအားပေးခြင်းဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ (က) အရ ဥပဒေနှင့်အညီ လွတ်လပ် စွာတရားစီရင်ရေးကို အနှောင့်အယှက်အဟန့် အတားပြုရာရောက်၍ ၎င်းတို့ရှေ့နေများက ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ပါဝင်သည်။

“ဒီလိုဥပဒေနဲ့မညီတဲ့ကိစ္စမျိုးဟာ တရားရုံးပရိဝုဏ်အတွင်းမှာ ဖြစ်သွားတယ်။ တရားရုံးအဆောက်အအုံမှာ ဖြစ်သွားတယ်။ နေ့လယ်ကြောင်တောင်မှာ ဖြစ်သွားတယ်။ တရားဥပဒေအရ အရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ ဖြစ်သွားတယ်။ ဒါဟာအင်မတန်မှ ကျွန်တော်တို့တိုင်းပြည်အတွက် နစ်နာဆုံးရှုံးတယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် ဒီအဆောက်အအုံထဲကနေ နောက်ဆုံးတရားခွင်ထဲအထိ ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး”ဟု ဦးအောင်စိုးက ပြောကြားသည်။

သေနတ်သမားကြည်လင်းအား ဝန်းရံသူလေးဦးကို တရားစွဲဆိုပေးရန် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီးချုပ် အပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တရားစွဲဆိုရေး အဖွဲ့ အစည်းများထံ စာပို့တောင်းဆိုမည် ဖြစ်ကြောင်း ရှေ့နေများက ဆိုသည်။

“ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဦးကိုနီသည် အခုစွပ်စွဲခံထားရသူ ကြည်လင်းနဲ့ စကားတောင်ပြောဖူး လိမ့်မယ်မထင်ဘူး။ ဘာရန်ငြိုးရန်စမှမရှိဘဲနဲ့ လူမြင်ကွင်းအလယ်မှာ သေနတ်နဲ့ ပစ်ခတ်သွားတယ်ဆိုတာ အကြမ်းဖက်မှုသာဖြစ်တယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တစ်ခုကို ထောက်ခံပါတယ်။ အားပေးပါတယ်။ ဝန်းရံပါတယ်ဆိုတာ ဘာသာရေးအရပဲ ကြည့်ကြည့်၊ လူမှုရေးအရပဲ ကြည့်ကြည့်၊ ဥပဒေအရပဲ ကြည့်ကြည့်၊ ဘယ်ရှုထောင့်က ကြည့်ကြည့် လက်ခံနိုင်စရာမဟုတ်ဘူး”ဟု မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးစိန်ချမ်းဝင်းက ပြောသည်။

ထိုသို့ ရှေ့နေများအသင်းအဖွဲ့ ခြောက်ခုမှ ကြေညာချက်ထုတ်ပြန် ရှုတ်ချကန့်ကွက်ပြီးနာက် “မင်းတို့ ထမင်းဝအောင်စားထား”စာတန်းပါ တီရှပ်ဖြင့် လာရောက်ဝန်းရံသူ လေးဦးကို အင်းစိန်မြို့နယ် တရားရုံးမှ ဖေဖော်ဝါရီ ၆ ရက်က ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုလေးဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်၍ မြို့နယ်တရားသူကြီးထံ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)/ ၁၈၉ ဖြင့် လက်ခံပြီး ဖမ်းဝရမ်းထုတ် ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အတပ်ခံထားရသော ပုဒ်မများသည် ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မများ ဖြစ်သည်။ ထိုသို့ ဖမ်းဝရမ်းထုတ်ထားသော်လည်း ၎င်းတို့ လေးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဦးကိုနီ အသတ်ခံရမှုနှင့် အောင်ရဲထွေးအသတ်ခံရမှု၏ ဖြစ်စဉ်နှစ်ခုတွင် လူသတ်သမားနှင့် လူ သတ်သမားများကို ဝန်းရံသူများက တရားစီရင်ရေးနှင့် တရားရုံးကို လှောင်ပြောင်ခြိမ်းခြောက်သည့် အပြုအမူမျိုး လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

ဦးကိုနီအမှုတွင် သေနတ်သမား ကြည်လင်းအပါအဝင် လေးဦးကို လာရောက်ဝန်းရံသူများ၏ နောက်ကွယ်၌ မည်သို့သော လက်မည်းကြီး ရှိနေသည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း အောင်ရဲထွေး အမှုတွင်မူ အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှု ရုံးချိန်းတွင် တရားခံကြည်လင်း အပါအဝင်လေးဦးအား လာရောက် ဝန်းရံနေသူတစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်

ထိုသို့ သတ်မှတ်ပြီးနောက်ပိုင်းတွင် သရုပ်ဆောင် အောင်ရဲထွေးအမှုနှင့်ပတ်သက်၍ ဆက်နွှယ်နေသူများကို တိတိကျကျ စစ်ဆေးရန် သမ္မတက ညွှန်ကြားထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည်။

ထိုသို့ ကျော်စောသတင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုအား ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စ၌  တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုး လက်ဆောင်များရယူကာ တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်း မရှိသည့် အခြေအနေဖန်တီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိသုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာ ၁၃ ရက်က အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေး အမှုမှ ကျူးလွန်သူများဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့အား အမှုမှ ပြန်လွှတ်ပေးခဲ့ပြီး အမှုအား ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေ ဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒေါ်သစ်သစ်ခင်၏ တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာ စိစစ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဒေါ်သစ်သစ်ခင်မှစ၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ် မိန့်ချမှတ်ရာတွင် ပြည့်စုံစွာသုံးသပ်ခြင်းမပြုဘဲ တရားခံသန်းထွဋ် အောင်၏ဖခင် ဦးခင်မောင်လေး ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ် သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ် ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားခြင်းလည်း ဖြစ်သည်။

အလားတူ အမှုစစ်အဖြစ် ဆောင်ရွက်ရာတွင် ရဲလုပ်ငန်း ကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေ နှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် ရဲအုပ်ချစ်ကိုကိုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦး အား သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် စက်တင်ဘာ ၁၃ ရက်က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ် ၍ တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးမှာ ကျပ် သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ် သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ် လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်မှာ ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုမှာ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသ ကြီး ဥပဒေအရာရှိ ဦးသိန်းဇော်မှာ ကျပ်သိန်း ၅၀ တို့ ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူ ဦးကျော်စိုး က ပြောကြားသည်။

အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားမှုဖြင့် အရေးယူခံရသူများကိုကြည့်မည်ဆိုလျှင် ရန် ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊  ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်နှင့် ရဲအုပ်ချစ်ကိုကို တို့အနက် တရားရေးမဏ္ဍိုင်က ငါးဦးပါနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်၏ ဖြောင့်မတ်မှန်ကန်မှုကို ပြည်သူများနှင့်ဥပဒေ ပညာရှင်များက မေးခွန်းထုတ်နေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးညွှန်းကိန်းတွင် မနှစ်ကထက် အဆင့် နှစ် နေရာပြုတ်ကျသွားပြီး အရှေ့အာရှနှင့်ပစိဖိတ်ဒေသတွင် ဒုတိယ အနိမ့်ကျဆုံးဖြစ်သွားခဲ့သည်။

ဝါရှင်တန်အခြေစိုက် ကမ္ဘာ့တရားမျှတမှုစီမံချက် (WJP) ၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ ကမ္ဘာ့အဆင့်အတွင် ၁၁၃ နိုင်ငံ အနက် မြန်မာနိုင်ငံက အမှတ် ၁၀၀ နေရာတွင် ရှိနေပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ၁၅ နိုင်ငံတွင် ၁၄ နေ ရာ လျှောကျသွားသည်။ ဥပဒေပြုရေး၊ ဌာနဆိုင်ရာ၊ ရဲနှင့် တရားစီရင်ရေးတို့တွင် ဆိုးရွားစွာ အကျင့်ပျက်ခြစားမှုများရှိနေသဖြင့် အနိမ့်ဆုံးအဆင့် ကျဆင်းသွားရခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

စစ်တမ်းကို တိုင်းတာချက် စံချိန်စံညွှန်း ရှစ်ချက်ဖြင့် ပြုလုပ်ခဲ့ပြီး အစိုးရ၏အာဏာအပေါ် အပြန်အလှန် ထိန်းကျောင်းမှု၊ အကျင့်ပျက်ခြစားမှု ကင်းရှင်းခြင်း၊ အစိုးရ၏ ပွင့်လင်းမြင်သာရှိမှု၊ အခြေခံအခွင့်အရေး၊ ဥပဒေလိုက်နာ မှုနှင့် လုံခြုံစိတ်ချရမှု၊ စည်းမျဉ်းဥပဒေများ အသက်ဝင်မှု၊ တန်းတူ ညီမျှမှုနှင့် ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုရှိခြင်း စသည့်အချက်များအပေါ် အကဲဖြတ်၍ အမှတ်ပေးထားခြင်း ဖြစ်သည်။

ယင်းအချက် ရှစ်ချက်တွင် မြန်မာနိုင်ငံက ဆိုးရွားသည့်အခြေအနေ၌ ကျရောက်နေပြီး ၁၁၃ နိုင်ငံအနက် အစိုးရ၏ ပွင့်လင်းမှုတွင် ၁၀၇၊ အခြေခံအခွင့်အရေးတွင် ၁၁၀၊ အရပ်ဘက် တရားစီရင်ရေးတွင် ၁၀၉ နှင့် ရာဇဝတ်မှု တရားစီရင်ရေးတွင် ၁၀၇ အဆင့် နေရာတို့ သတ်မှတ်ခံရသည်။

အကျင့်ပျက်ခြစားမှု၊ ထိရောက်သောစုံစမ်းစစ်ဆေးခြင်း ကင်းမဲ့ခြင်းနှင့် နှေးကွေး၍ မထိရောက်သော စီရင်ဆုံးဖြတ်ချက်တို့မှာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် အားနည်းစေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ ရာဇဝတ်မှု၊ အရပ် ဘက်ပဋိပက္ခနှင့် အကြမ်းဖက်ခြင်း ခံစားရသည့် နစ်နာမှုတို့သည် တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတို့ကို အဓိကဖြစ်ပွားစေကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် တရားမျှတမှုကို လက် လှမ်းမီနိုင်ရေးအဖွဲ့  A2JI (Access to Justice Initiative) အဖွဲ့၏ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃ ရက်အထိ ရန်ကုန်မြို့ရှိ မြို့နယ်နှင့် ခရိုင်တရားရုံးပေါင်း ၂၁ ရုံးမှ အမှု ပေါင်း ၆၅ မှုနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ အမှုဆောင်ရွက်ချက် ၃၀၉ ခုကို လေ့လာအကဲဖြတ်ထားသည့် သုတေသနစာတမ်းတွင် အမှုများအား စစ်ဆေးစီရင်သော တရားသူကြီးများသည် အမှုကြားနာနေစဉ် တရားရုံးအတွင်း အမှုနှင့် မပတ်သက်သူများနှင့် စကားပြောဆိုနေခြင်း၊ တယ်လီဖုန်း လက်ခံစကား ပြောဆိုခြင်း၊ အမှုကြားနာစစ်ဆေးနေဆဲ အချိန်တွင် တရားရုံးခန်းပြင်ပသို့ ထွက်သွားပြီး ကြားနာစစ်ဆေးခြင်းများကို ၎င်းကိုယ်တိုင်ရှိမနေသော်လည်း ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခြင်းများ ပြုလုပ်ကြသည်ကို ယင်းအဖွဲ့၏ လေ့လာအကဲဖြတ်သူများက မကြာခဏတွေ့ရှိရကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ ဒီနေ့တွေ့ကြုံနေရတဲ့ ပြဿနာဟာ တရားစီရင်ရေးပြဿနာပါ။ ဒီနေ့ တရားစီရင် ရေးစနစ် ကျွန်တော်တို့ တည့်တည့်မတ်မတ်သွားလိုတဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ရေးစနစ်က လျော့နည်းနေတယ်။ အားပျော့နေတယ်။ ပြည်သူလူထုက အားမလိုအားမရအဖြစ်ဆုံးကိုပြောရင် ကျွန်တော်တို့ရဲ့ တရားစီရင်ရေးပါပဲ” ဟု သြဂုတ် ၄ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၏ နှစ်ပတ်လည်စုံညီအစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

NLD အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် မဏ္ဍိုင်ကြီး သုံးရပ်အနက် တရားရေးကဏ္ဍသည် တိုးတက်မှု မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားထားသည်။

ထို့ပြင် ၂၀၁၇ မတ် ၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည် သူ့လွှတ်တော်အစည်းအဝေးတွင်  “တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေး ပြည်ထောင်စုတရား လွှတ် တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုကို ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် အများစုက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် တရားသူကြီးတစ်ဦးတည်းက ဆုံးဖြတ်သည့်စနစ်အစား ဂျူရီစနစ်ကို ကျင့်သုံးသင့်သည့်အပြင် တရားရုံး စောင့်ကြည့်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းသင့်သည်ဟု အကြံပြုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချက်တွင် အများဆုံးတူညီစွာ ထောက်ပြခဲ့သည့် အချက်မှာ တရားစီရင်ရေးကဏ္ဍ၏ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုတို့ပင် ဖြစ်သည်။

ထိုသို့ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည်ရှင်းလင်းရာတွင် တရားရုံးများ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသည့် စွပ်စွဲပြောကြားမှုများသည် တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ကြောင်းနှင့် ယခုအဆိုသည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီခြင်း၊ ခိုင်လုံသော အထောက်အထား များ မပါရှိခြင်းတို့ကြောင့်ဟုဆိုကာ ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။

ထို့ပြင် အဂတိလိုက်စားမှုနဲ့ ပတ်သက်ပထမအကြိမ် လွှတ်တော်သက်တမ်းနှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ပြီး ကိုယ်ကျင့်တရားပျက်ပြားသဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရသည့် တရားသူကြီးတစ်ဦးသာ ရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က ထည့်သွင်း ပြောကြားသည်။

ထို့နောက် အဆိုကို စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၃၉၁ ဦးတွင် ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်လေးမဲနှင့် ကြားနေ ၆၁ မဲရှိပြီး ထောက်ခံသူများသောကြောင့် လွှတ်တော်က အဆိုကို အတည်ပြုခဲ့သည်။

လွှတ်တော်၌ “တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်း” အဆိုကို အတည်ပြုပြီး အချိန်တစ်နှစ်ကျော် ကြာမြင့်ချိန်တွင် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေဆဲဖြစ်ကြောင်းကို အောင်ရဲထွေးအမှုက သက်သေပြလိုက်သကဲ့သို့ ဖြစ်နေသည်။

ထိုသို့ တိမ်းစောင်းနေသော တရားစီရင်ရေးကြောင့် သန်းထွဋ်အောင် (ခ) သားကြီးက မျက်နှာဖုံးစွပ်၍ သွားဖြဲပြကာ တရားစီရင်ရေးကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တရားစီရင်ရေးမဏ္ဍိုင် မည်မျှတိမ်းစောင်းနေသည်ကို မျက်ဝါးဝါးထင်ထင် တွေ့မြင်ခဲ့ပြီးဖြစ်သည်။

ယခု အချိန်သည် တရားစီရင်ရေး တိမ်းစောင်းစေရန် မည်သူတွေက ပြု လုပ်နေသည်ကို အမြစ်လှန်ရ တော့မည့်အချိန်ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်အနေဖြင့် NLD အစိုးရ၏ လက်ကျန်သက်တမ်း နှစ်နှစ်ကျော်အတွင်း တရားစီရင်ရေးမဏ္ဍိုင် မည်မျှတည့်မတ်အောင် လုပ်ဆောင်နိုင်မည်ကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

“ယိမ်းယိမ်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ မတ် ၃၀ ရက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent