ထွက်ပေါ်လာသော ငွေကြေးအကျပ်အတည်း၌ မဟာတံတိုင်းကြီးဖြစ်လာသော တရုတ်

ထွက်ပေါ်လာသော ငွေကြေးအကျပ်အတည်း၌ မဟာတံတိုင်းကြီးဖြစ်လာသော တရုတ်
Published 17 September 2018

မေ ၃၀ ရက်က ရှန်ဟိုင်းမြို့ လုံခြုံရေးကုမ္ပဏီတစ်ခု၌ စတော့ဈေးနှုန်း ပြမော်နီတာကို ရင်းနှီးမြှုပ်နှံသူများအား ပြသထားစဉ် (Photo - AFP)

ရေရှည်ကုန်သွယ်ရေးစစ်ပွဲက တရုတ်၏ ခုခံကာကွယ်မှုများကို အားပျော့သွားစေနိုင်သော်လည်း တစ်ကမ္ဘာလုံးဆီသို့ ပျံ့နှံ့သွားသော ပွင့်သစ်စ စီးပွားရေးများ၌ အကြီးအကျယ် အကျပ်ရိုက်ခြင်းကို ကာကွယ်ရန် တရုတ်သည် နောက်ဆုံးခံတပ် ဖြစ်နေသည်။

အလျင်အမြန် ကြီးထွားလာသော်လည်း ပျက်စီးလွယ်သည့် စီးပွားရေးဟု အလွယ်အဓိပ္ပာယ် သတ်မှတ်သည့် ပွင့်သစ်စ နိုင်ငံများအနေဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်းတို့နိုင်ငံသုံး ငွေကြေးက  ကျဆင်းလာကြောင်း တွေ့ရှိရပြီး စီးပွားရေး ကမောက်ကမ ဖြစ်မှုများဆီသို့ သက်ဆင်းကာ ကမ္ဘာ့ရောဂါကူးစက်ခံရမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်၍ လာခဲ့သည်။

သို့သော် ဒုတိယကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး ၎င်းကိုယ်တိုင်က ပွင့်သစ်စဈေးကွက်ဟု သတ်မှတ်ထားသည့် တရုတ်နိုင်ငံသည် ဝရုန်းသုန်းကားနိုင်လှသော လက်ရှိငွေစာရင်းလိုငွေပြမှုနှင့်အတူ အကြီးအကျယ် ကျဆင်းနေသော ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံများ၌ ပါဝင်မည်မဟုတ်ပေ။

“တရုတ်နိုင်ငံမှာ ငွေကြေးအကျပ်အတည်းဖြစ်နိုင်ခြေက မရှိပါဘူး” ဟု တရုတ်နိုင်ငံ၏ ရူရှီတိုးတက်သော ဘဏ္ဍာရေးအင်စတီကျုမှ စီးပွားရေးပညာရှင်များအကြီးအကဲ  ဂူအန်ကင်ယူက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အန္တရာယ်ကိုတွန်းလှန်နိုင်ခြေက နှိုင်းရသဘောအရ အားကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

သေကွင်း သေကွက်

လက်ရှိ ငွေစာရင်းလိုငွေပြမှုများကို နိုင်ငံခြားငွေကြေးဖြင့် အားဖြည့်ရမည်ဖြစ်ပြီး  ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များသည် ပိုမိုကျပ်တည်းသော ငွေကြေးသံသရာစက်ဝန်းထဲသို့ ဝင်ရောက်လာကြရာ အထူးသဖြင့် အားကောင်းလှသည့် အမေရိကန်ဖက်ဒရယ်  အရန်ငွေကြေးသည် ရှားပါး၍လာမည် ဖြစ်သည်။

ပို၍မြင့်မားသော အမေရိကန်၏ အတိုးနှုန်းသည် ပွင့်သစ်စနိုင်ငံများအတွက် နောက်ထပ် သေကွင်းသေကွက်တစ်ရပ်ဖြစ် လာမည်ဖြစ်ပြီး ပြင်ပမှ ဘဏ္ဍာရေးအားဖြည့်မှု လိုအပ်လိမ့်မည်ဟု FXTM မှ သုတေသနရေးရာ သုံးသပ်သူ လက်ကမန်အော့တူနူဂါက ပြောကြားခဲ့သည်။

မကြာသေးမီက အတိုးနှုန်းအကြီးအကျယ် မြှင့်တင်လိုက်ရခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်သော တူရကီနိုင်ငံ၏ လိုင်ရာငွေကြေးနှင့် အာဂျင်တီးနားနိုင်ငံ၏ ပီဆိုငွေကြေးတို့ ထိုးဆိုက်ကျဆင်းသွားမှုသည် အဓိကသုံးသပ်စရာ ကိစ္စရပ်များဖြစ်ပြီး နှစ်နိုင်ငံစလုံးသည် ခြွင်းချက်မရှိလက်ရှိ ငွေစာရင်း အကြီးအကျယ်လိုငွေပြမှု ရှိနေသည်ဟု Capital Economics  ဌာနမှ ဈေးကွက်စီးပွားရေးပညာရှင် အိုလီဗာဂျုန်းက ပြောကြားခဲ့သည်။

တောင်အာဖရိက၊ ကိုလံဘီယာနှင့် ပို၍အတိုင်းအတာငယ်သော အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် နိုင်ငံတော်ငွေကြေး ကျဆင်းမှုနှုန်း များပြားခြင်းကြောင့် ထိခိုက်မှုတွင် ပိတ်မိသွားသည့် အလားတူအန္တရာယ်ကို ရင်ဆိုင်ရသည်။

သို့သော် ကိုရီးယား၊ ထိုင်းနှင့် မလေးရှားတို့၏ ငွေကြေးများက ပို၍ကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့သည်။ ယင်းမှာ ၎င်းတို့သည် တရုတ်နှင့်နီးကပ်သော ကုန်သွယ်ရေး ဆက်ဆံမှုရှိခြင်းနှင့် ၎င်းတို့၏ ပို၍ခိုင်မာသော လက်ရှိငွေစာရင်းအနေအထားတို့ကြောင့် ဖြစ်သည်။

အားကောင်းသော အရန်ငွေကြေး

တရုတ်နိုင်ငံကိုယ်တိုင်က နိုင်ငံခြား အရန်ငွေကြေးအနေအထား အားကောင်းသည့်နိုင်ငံအဖြစ် မော်ကြွားနိုင်ဆဲဖြစ်ပြီး အကြွေးများကို လျှော့ချပစ်ရန် ခြေလှမ်းများ လှမ်းနိုင်ခဲ့သည်။ ယင်းတို့နှစ်ရပ်စလုံးက ကမ္ဘာလုံးဆိုင်ရာ ငွေကြေးကမောက်ကမ ဖြစ်မှုကို ခုခံရာ၌ အသုံးဝင်သော ဒိုင်းလွှားများ ဖြစ်ကြသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး အရန်ငွေကြေးဟာ နှိုင်းရသဘောအရ မြင့်မားနေဆဲပါပဲ”ဟု Reality Institute ၌ ဂူအန်က ပြောကြားခဲ့သည်။

“ထပ်ပြီးပြောရရင် တရုတ်ဟာ ၂၀၁၆ ခုနှစ် ကုန်ဆုံးပြီးတဲ့နောက် အကြွေးအဆင့် လျှော့ချခြင်းလုပ်ငန်းစဉ်ကို စတင်ထားနှင့်ပြီး ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အခြေခံကျသော အချက်များသည် ဖြစ်ပေါ်ဆဲ အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှုများက တရုတ်၏ အနေအထားကို မည်မျှထိခိုက်စေမည်နည်းဟု အလွန်ရဲရင့်သော ဟောကိန်းထုတ်မှုအား ဟန့်တားနေသကဲ့သို့ ရှိသည်။

အမေရိကန်က တရုတ်သွင်းကုန်များအပေါ် လောလောလတ်လတ် အခွန်စည်းကြပ်မည်ဟု ခြိမ်းခြောက်မှု၏ တန်ဖိုးသည် ဒေါ်လာ ၂၀၀ ဘီလျံအထိ ရှိလာဖွယ်ဖြစ်သော်လည်း အမေရိကန်နှင့် တရုတ်တို့အကြား တိုးတက်လာသော ဆက်ဆံရေးနှင့်ပတ်သက်သည့် မကြာသေးမီက အစမ်းသဘော လက္ခဏာရပ်များသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ တုန်လှုပ်မှု

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂါဒီက ပိုမိုမြင့်မားလာသည့် အမေရိကန်- တရုတ်သွင်းကုန်အပေါ် အခွန်စည်းကြပ်မှုများသည် တရုတ်နိုင်ငံ၌ စီးပွားရေးကြီးထွားမှုအပေါ် အတိုင်းအတာတစ်ရပ်အထိ ရိုက်ခတ်မှုရှိနိုင်ကြောင်းနှင့် တရုတ်၏ အာရှအိမ်နီးချင်းများအကြား ဓားစာခံဖြစ်နိုင်ခြေကို လှုံ့ဆော်ပေးနိုင်ကြောင်း မကြာသေးမီက သတိပေးခဲ့သည်။

သို့သော် S & P Global မှ သုံးသပ်သူ ဂျွိုင်းဒိမူခါဂျီက “ကျွန်တော်တို့အနေနဲ့  ပွင့်သစ်စဈေးကွက်တွေမှာ အဓိကအကျပ်အတည်းတစ်ရပ် ဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းနေတာ မဟုတ်ပါဘူး” ဟု လောလောလတ်လတ် ပြောကြားထားသည်။

ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း  ဆယ်နှစ်ပြည့် အထိမ်းအမှတ်ကြောင့် စိတ်ကူးရခြင်းဖြစ်နိုင်လျက်  စီးပွားရေးပညာရှင်များက နောက်ထပ် ကမ္ဘာ့အကျပ်အတည်း တစ်ရပ်ဖြစ်လာနိုင်သလား၊ ယခုအကြိမ်၌ ယင်းအကျပ်အတည်းကို အကြီးအကျယ် အကြွေးနွံနစ်နေသည့် ပွင့်သစ်စနိုင်ငံများက အစပျိုးပေးနိုင်ဖွယ်ရှိသလားဟု စိတ်ဝင်စား လျက်ရှိသည်။

သို့သော် ယင်းတို့အတွက် အဖြေမှာ

‘နိုး’ ဟုသာ ဖြစ်ဖွယ်ရှိသည်။

“သူရဲ့ မြင့်မားတဲ့ စုဆောင်းထားမှုနှုန်းကြောင့် တရုတ်နိုင်ငံအနေနဲ့ အကြွေးကိစ္စကို ဖြေရှင်းနိုင်ဆဲပါပဲ”ဟု Berenberg မှ သုံးသပ်သူတစ်ဦးဖြစ်သော ဟိုဂါရှမက်ဒင်းက ပြောကြားခဲ့သည်။

“တခြား ပွင့်သစ်စဈေးကွက်တချို့ဟာ ဒုက္ခတွေ့နေပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းသစ်တစ်ရပ် ဖြစ်ပေါ်စေနိုင် လောက်အောင်ကြီးမားတဲ့ ဈေးကွက်မဟုတ်တာပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent