သမ္မတက သုံးသပ်ခိုင်းပေမဲ့ ဆက်လုပ်နေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းက တိုင်းပြည်အတွက် အကျိုးဖြစ်မှာ သေချာလို့လား

သမ္မတက သုံးသပ်ခိုင်းပေမဲ့ ဆက်လုပ်နေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းက တိုင်းပြည်အတွက် အကျိုးဖြစ်မှာ သေချာလို့လား
Published 16 September 2018

NYDC ၏ ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့် ပထမအဆင့် စီမံကိန်းမြေပုံကို တွေ့ရစဉ်

မြို့သစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ အမှန်တကယ် လိုအပ်မှုရှိ၊ မရှိ သေချာစိစစ်ပြီးမှ ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မှာကြားထားပေမဲ့ သမ္မတစကားကို နားထောင်မယ့် အလားအလာ မတွေ့ရဘဲ ဆက်လုပ်နေတာကိုပဲ တွေ့နေရပါတယ်။

ဇူလိုင် ၂၉ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်မှုတွေကို သေချာစိစစ်ဖို့ မှာကြားခဲ့ပေမဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်ပြီးလုပ်နေခဲ့တာကတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်တဲ့ NYDC ပါ။

NYDC လို့ခေါ်တဲ့ New Yangon Development Company မှာ လုပ်ငန်းရှင် ဦးသိမ်းဝေက CEO အဖြစ် ဦးဆောင်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပါတယ်။ ဒီလိုရန်ကုန်တိုင်း အစိုးရအဖွဲ့က အလုံးစုံ ပိုင်ဆိုင်ချုပ်ကိုင်ထားတဲ့ NYDC ဟာ သမ္မတက ပြန်သုံးသပ်ဖို့ မှာကြားထားပေမယ့် တစ်စိုးတစ်စိမှ ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့တာ မရှိဘဲ သြဂုတ်လ တစ်လလုံးမှာ လူမှု-စီးပွား ပင်မစီမံချက် (SEMP) ကို ရေးဆွဲနေခဲ့သလို Urban Master Planning ရေးဆွဲဖို့ AECOM Singapore ကို ရွေးချယ်လိုက်တာကို တွေ့ရပြီး စက်တင်ဘာ ၁၂ ရက်မှာ သြဂုတ်တစ်လလုံး ရန်ကုန်မြို့သစ် စီမံကိန်း ရှေ့ဆက်ဖို့ လုပ်ဆောင်နေကြောင်း ဦးသိမ်းေ၀ ပြောကြားမှုနဲ့ သတင်းထုတ်ပြန် ခဲ့တာကို တွေ့ရပါတယ်။

“မြို့သစ်စီမံကိန်းရဲ့ နောင်ဆက်လက် ဖြစ်ပေါ်လာမယ့် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲရေးအတွက် လူမှု-စီးပွား ပင်မစီမံချက် (SEMP) ဟာ လမ်းညွှန်ချက်အနေနဲ့ ရပ်တည်သွားမှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ အစီရင်ခံစာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဒီအစီရင်ခံစာ ထွက်ရှိလာနိုင်ရေးအတွက် အထူးအားထား ဆောင်ရွက်ခဲ့ပြီး အပြီးသတ်နိုင်ခဲ့ပါတယ်။ နောင်ရက်အနည်းငယ် အတွင်းမှာ အများပြည်သူ ဖတ်ရှုနိုင်ဖို့ SEMP ထွက်ရှိလာတော့မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ NYDC Website ဖြစ်တဲ့ ww.nydc.com.mm မှာ သွားရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်။ SEMP မှာ ပါဝင်တဲ့ အကြောင်းအရာကို အတိုချုံးပြောရရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နေပျော်ဖွယ်ကောင်းရေးဆိုတဲ့ ရည်မှန်းချက်နှစ်ခုကို ဦးတည်ထားပြီး အလုပ်အကိုင် ဖန်တီးရေး၊ လူ့စွမ်းအား အရင်းအနှီး ဖွံ့ဖြိုးရေး၊ လိုအပ်သည့် အခြေခံ အဆောက်အအုံများ၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနဲ့ မြို့ပြတည်ဆောက်ခြင်းကို စီမံခန့်ခွဲရေး မဟာဗျူဟာ အစရှိတဲ့ ကဏ္ဍ ၁၃ ခုကို ဆွေးနွေးတင်ပြ ထားပါတယ်” လို့ ဦးသိမ်းဝေက ပြောပါတယ်။

ခုလိုအခြေအနေမျိုးမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်သုံးသပ်ခိုင်းပေမယ့် ဆက်လုပ်နေတာမျိုး တွေ့မြင်ရတာဟာ နိုင်ငံ့အကြီးအကဲရဲ့စကားကို အလေးထားမှုမျိုး မမြင်ရတာဟာ တော်တော်ဆိုးပါတယ်။

“ဒီကိစ္စကို နဂိုတုန်းကလည်း ကိုယ်စားလှယ်တွေ တော်တော်များများ သဘောမတူကြဘူး။ မြို့သစ်လုပ်ဖို့။ သမ္မတပြောထားသလိုပဲ။ ကျွန်တော်တို့ စိတ်ထဲမှာ ခံယူထားချက်က အတူတူပါပဲ။ ဒါကိုလေ့လာ စောင့်ကြည့်နေပါတယ်။ လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သမ္မတကြီး မိန့်ကြားထားတဲ့ သဘောအတိုင်းပါပဲ။ ဆက်လုပ်မယ့် ကိစ္စတွေကိုလည်း စောင့်ကြည့်နေပါတယ်” လို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားပါတယ်။

မြို့သစ်ဇာတ်ရှုပ်

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဖြစ်လာမယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ကနဦးမှာ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ နောက်ကွယ်က ဆက်နွှယ်မှုတွေကြောင့် ငွေမည်းခဝါချတဲ့ ဖြစ်စဉ်တွေ ဖြစ်လာမှာ စိုးရွံ့နေသူတွေက လွှတ်တော်တွင်းရော၊ လွှတ်တော်ပြင်ပမှာပါ ကန့်ကွက်ခဲ့မှုတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာတောင် Drainage System ကို နားမလည်ဘဲ လမ်းတွေမြှင့်ခဲ့လို့ ရေကြီးရေလျှံ ဆိုးရွားနေချိန်မှာ စုတ်ပြတ်သတ်နေတဲ့ တိုးချဲ့မြို့သစ်တွေကို အခြေခံ အဆောက်အအုံတွေ မြှင့်တင်ရေး အရင်လုပ်ပါလို့ ပြည်သူတွေက တောင်းဆိုခဲ့သလို မြို့ပြပညာရှင် အချို့ကလည်း လှိုင်သာယာနဲ့ယှဉ်ပြီး လှိုင်သာယာမှာ တံတားလေးစင်း၊ ငါးစင်း ဖြစ်လာတာတောင် အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်တာကြောင့် မြို့တွင်းပြန်တိုးဝင်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကို ထောက်ပြခဲ့ပြီး မြို့သစ်စီမံကိန်းဟာ တံတားမလုံလောက် နိုင်တာကြောင့် Traffic ကို ပိုဆိုးစေမယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။

တစ်ဖက်မှာလည်း ဒေါ်လာ ၁၀ ဘီလျံလောက် ကုန်သွားနိုင်ခဲ့တဲ့ နေပြည်တော်ကြီးဟာ တည်ဆောက်ပြီးလို့ ၁၀ နှစ်ကျော်လာတဲ့အထိ နေထိုင်သူတွေ မရှိသလို လက်ရှိအချိန်မှာ မြေဈေး၊ အိမ်ဈေးတွေ ထိုးကျနေတာကြောင့်လည်း ရန်ကုန်မြို့သစ်ကြီးဟာ လူနေထိုင်မှု မရှိတဲ့ Ghost City ကြီး အဖြစ်နဲ့ တရုတ်လက်ကို မြေထိုးအပ်သလိုမျိုး ဖြစ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

အခြားတစ်ဖက်မှာလည်း ရန်ကုန်မြို့သစ်စီမံကိန်းကို ဘာကြောင့် ဆောက်ချင်တာလဲဆိုတဲ့ မေးခွန်းသံက တညံညံ ရှိနေပါတယ်။ ဥပမာအားဖြင့် လူဦးရေ ၁၀ သန်းလောက် ရှိနေပြီး Mega City ဖြစ်နေတဲ့ ဘန်ကောက်၊ ရန်ကုန်မြို့ထက် အဆပေါင်းများစွာ တိုးတက်နေပြီး မြန်မာနိုင်ငံထက် ချမ်းသာနေတဲ့ ထိုင်းနိုင်ငံကတောင် မြို့သစ်တိုးချဲ့ဖို့ စိတ်မကူးချိန်မှာ ရန်ကုန်လို နောက်ထပ်လူလေးသန်း၊ ငါးသန်းလောက် မြို့ဟောင်းမှာ ထပ်ပြီးထည့်လို့ရတဲ့ မြန်မာနိုင်ငံက ဘာကြောင့် မြို့သစ်ကို အလောသုံးဆယ် ချဲ့ချင်တာလဲလို့ မေးခွန်းထုတ် သံတွေလည်း ရှိနေပါတယ်။

“ကျွန်တော်ကတော့ မူလမြို့ကို Vertical Extension လုပ်စေချင်တာပေါ့။ ဥပမာဆိုရင် ရန်ကင်းလို စည်ပင်ဧရိယာတွေမှာ လုပ်စရာတွေ အများကြီးရှိတယ်။ မြို့သစ်တွေမှာလည်း လုပ်စရာအများကြီး၊ အဲဒါတွေကို ဦးစားပေးလုပ်ဖို့ ကောင်းတယ်။ သူတို့က အဲဒီဟာတွေကို ထားပြီးတော့ Horizontal Extension လုပ်ချင်တယ်။ ကျွန်တော်ကတော့ မူလမြို့ကိုပဲ စနစ်ကျတဲ့မြို့ လုပ်ဖို့ကိုပဲ မှန်းထားပါတယ်။ အစိုးရအဖွဲ့ကတော့ Horizontal Extension ကိုပဲ အားစိုက်နေတယ်။ သမ္မတကြီးကတော့ မြို့သစ်စီမံကိန်းကို မလုပ်နဲ့ ပြောထားတာတော့ မဟုတ်ပေမဲ့ အဓိပ္ပာယ်ကတော့ အတူတူပဲ။ နဂိုကလည်း မြို့သစ်တွေရှိတယ်။ မလိုအပ်ဘဲလုပ်ရင် မကောင်းဘူး ဆိုတာကို ပြောထားတယ်။ ကျွန်တော့်အမြင်ကတော့ သမ္မတက မလုပ်နဲ့ပြောတာကို (သူတို့) ဆက်လုပ်ချင်တဲ့ သဘောတော့ရှိတယ်။ ဆက်လုပ်နေရင်တော့ ကျွန်တော်က လွှတ်တော်ပိုင်းဆိုတော့ လွှတ်တော်ကနေ လုပ်ရမှာပဲ။ လုပ်ခြင်း မလုပ်ခြင်းကလည်း သူ့ရဲ့အပိုင်း။ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က ဘတ်ဂျက်တွေထဲမှာ ထည့်ပြီးချပြတယ်။ ဒါကို မလုပ်သင့်ဘူး ဆိုပြီးတော့ တော်တော်များများ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတယ်။ သတင်းစာထဲမှာ ထည့်ထည့်ပြီးတော့ မြို့သစ်စီမံကိန်း အကြောင်းကို ပြောတယ်။ ကျွန်တော်လွှတ်တော်မှာ မေးခဲ့တဲ့ Vertical Extension နဲ့ Horizontal Extension ကိစ္စကိုလည်း အစိုးရအဖွဲ့က မလုပ်ဘူး၊ လုပ်မယ် သေချာမဖြေခဲ့ဘူး” လို့ သမ္မတက တားမြစ်ထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လုပ်နေတာနဲ့ ပတ်သက်ပြီး တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က သူ့အမြင်ကို သုံးသပ်ပြောကြားပါတယ်။

တရုတ်လက်အောက် သေချာပေါက်ရောက်မယ့် ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ်စီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထိန်းချုပ်ထားတာကြောင့် အရင်အစိုးရ လက်ထက်က ရွေးခဲ့သလိုမျိုး၊ ဇာတ်ကြောင်းမရှင်းတဲ့ ကုမ္ပဏီတွေမျိုး ပါဝင်လာဖို့ အလားအလာ နည်းသွားပြီ ဖြစ်တာကြောင့် ငွေမည်းပြဿနာနဲ့ ဝေဖန်ခံရမှုကတော့ ကင်းလွတ်သွားပြီ ဖြစ်ပါတယ်။

ဒီလို ကင်းလွတ်သွားပြီ ဆိုပေမဲ့လည်း တစ်ဖက်မှာက ဘာဆက်ဖြစ်လာလဲဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်း ဆက်လုပ်ဖို့ ရန်ကုန်တိုင်း အစိုးရမှာ ငွေမရှိတာပါ။ ဒါကြောင့်မို့လို့ လွှတ်တော်ကို တင်ပြမှု မရှိသလို နိုင်ငံတကာ တင်ဒါခေါ်ယူမှုတွေလည်း မလုပ်ခဲ့ဘဲ တရုတ်အစိုးရပိုင် CCCC ဆီကို ရန်ကုန်မြို့သစ်စီမံကိန်း ထိုးအပ်လိုက်ပြီး ဦးသိမ်းဝေကတော့ ဒါကို Swiss Challenge လို့ အမည်ပေးထားတဲ့ NYDC Challenge လို့ အမည်လှလှလေး ပေးပါတယ်။

NYDC Challenge လို့ အမည်လှလှလေး ပေးအပ်လိုက်ပြီး တရုတ် CCCC ကို စီမံကိန်းအကြို အဆိုပြုလွှာတင်ဖို့ ထိုးအပ်တဲ့ ဦးသိမ်းဝေရဲ့ ဆင်ခြေကတော့ CCCC က စီမံကိန်းအကြို အဆိုပြုလွှာ တင်လာရင် NYDC က စိစစ်ပြီးလို့ လက်ခံရင် အများပြည်သူကို ဒီအကြိုအဆိုပြုလွှာ ချပြမယ်။ ဒီအကြို အဆိုပြုလွှာထက် ပိုကောင်းအောင် လုပ်နိုင်မယ့်သူ ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ရမယ်။ ဒီလိုယှဉ်ပြိုင်လာလို့ ဒုတိယကုမ္ပဏီက ပိုကောင်းနေရင် NYDC က ဒုတိယကုမ္ပဏီကိုရွေးမယ်။ ဒါပေမဲ့ CCCC ကလည်း သူ့ထက်သာသွားတဲ့ ဒုတိယကုမ္ပဏီကို ပြန်ပြီးတော့ ယှဉ်ပြိုင်ခွင့်ရှိမယ်ဆိုတဲ့ အခြေအနေတွေပါ။

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်သော တွံတေးမြို့နယ် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

စီမံကိန်းအကြို အဆိုပြုလွှာအဆင့် ပြီးပြီဆိုတာနဲ့ ဒုတိယအဆင့်မှာဆို အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ဆက်ပြီးလာတော့မှာပါ။ အခြေခံ အဆောက်အအုံတွေအတွက် ဘယ်လောက်လိုမလဲဆိုရင် အနည်းဆုံး ဒေါ်လာငါးဘီလျံ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအနည်းဆုံး ဒေါ်လာငါးဘီလျံ မြှုပ်နှံမယ့် ကုမ္ပဏီကို ကမ္ဘာပတ်ပြီး ရှာဖို့က ဦးသိမ်းေ၀ တာဝန်ပါ။

ဒေါ်လာငါးဘီလျံ မြှုပ်နှံမယ့် ကုမ္ပဏီကို ကမ္ဘာပတ်ပြီး ရှာမယ်လို့ ဦးသိမ်းဝေက ပြောနေပေမယ့် စီမံကိန်းအကြို အဆိုပြုလွှာကို ရေးထားတဲ့ တရုတ်အစိုးရပိုင် CCCC က ဒီစီမံကိန်းကြီးမှာ အခြေခံအဆောက်အအုံ ဆောက်လုပ်ခွင့်ရထားတဲ့ အနေအထားမျိုးနဲ့ မိန့်မိန့်ကြီး ထိုင်နေတာကို မေ့လို့မရပါဘူး။ ဒုတိယအချက်မှာဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေပါ။

မြန်မာနိုင်ငံဟာ ရခိုင်အရေးကြောင့်အပြင် NLD အစိုးရဟာ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုတဲ့ အယူအဆမျိုးက ကမ္ဘာပေါ်က အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေမှာ ထင်ထင်ရှားရှားပါနေပြီ ဖြစ်ပါတယ်။ ပိုပြီးဆိုးတဲ့ အချက်က မြန်မာ့နိုင်ငံရေး ရေချိန်ပါ။ မြန်မာ့နိုင်ငံရေးဟာ အကဲဆတ်ပြီး အချိန်မရွေးကို Democracy Back Wave ရိုက်နိုင်တဲ့ နိုင်ငံမျိုးလို့ ကမ္ဘာက ရှုမြင်ထားတာပါ။ ဒီလိုရှုမြင်ခံရတဲ့ နိုင်ငံမျိုးကို ဒေါ်လာငါးဘီလျံပိုက်ပြီး လာမြှုပ်နှံမယ့် ကုမ္ပဏီဆိုတာ တရုတ်အစိုးရပိုင် ကုမ္ပဏီမှတစ်ပါး အခြားမရှိပါဘူး။

နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ပင်လယ်ထွက်ပေါက်ရှိနေတဲ့ နေရာတိုင်းဟာ တရုတ်နိုင်ငံရဲ OBOR (Belt & Road Initiative) စီမံကိန်းအောက်မှာ Corridor အဖြစ်ပါဝင်လာမယ့် အခြေအနေအပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ တရုတ်-မြန်မာ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး မန္တလေးမြို့၊ မန္တ လေးမြို့ကနေ အရှေ့ဆီ တန်းလာပြီး ရန်ကုန်မြို့သစ်၊ မန္တလေးမြို့ကနေ အနောက်ကို တန်းသွားပြီး ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အထိ ဆိုတဲ့ မန္တလေးကို ဗဟိုပြုမယ့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစြင်္ကံ စီမံကိန်းကိုလည်း ထည့်တွက်ရမှာပါ။

ယူနန်ပြည်နယ်အတွက် ပင်လယ်ထွက်ပေါက်၊ တရုတ်ပြည်အတွက် သမုဒ္ဒရာနှစ်စင်းအိပ်မက် လိုချင်နေတဲ့ တရုတ် CCCC က သူ့ ပါးစပ်ထဲ ရောက်နေတဲ့ ထမင်းလုတ် ပုတ်ချမှာ မဟုတ်သလို NLD အစိုးရလက်ထက် ပုံမှန်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် ကျဆင်းနေတဲ့ အချိန်အခါမျိုးမှာ ဘယ်နိုင်ငံ၊ ဘယ်လိုကုမ္ပဏီကမှ မြန်မာနိုင်ငံဆီလာပြီး မြှုပ်နှံမှာ မဟုတ်ပါဘူး။

ပိုပြီးဆိုးတာက စက်တင်ဘာ ၉ ရက်မှာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး မြန်မာအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ရေးထိုးခဲ့သလို တရုတ်အစိုးရကိုယ်စား အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်ဥက္ကဋ္ဌ မစ္စတာဟယ်လီဖုန်းတို့က လက်မှတ်ရေးထိုး လိုက်တာပါ။

ကိုယ့်နိုင်ငံဘက်မှာ ဘာတစ်ခုမျှ ဥပဒေကောင်းမွန်မှု မရှိသေးချိန်မှာ၊ ဘာတစ်ခုမျှ မဟာဗျုဟာ မရှိသေးချိန်မှာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို CCCC ဆီထိုးအပ်လိုက်တဲ့ အခြေအနေမျိုးက တိုင်းပြည်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

နောက်တစ်ချက်က CCCC က မြှုပ်နှံပေးမယ့် ရန်ကုန်မြို့သစ် အခြေခံအဆောက်အအုံ တည်ဆောက်ရေး အတွက် ရန်ကုန်အစိုးရမှာ ဘာတစ်ခုမှ ပေးစရာမရှိဘဲ ရန်ကုန်မြို့သစ်က မြေတွေကိုပဲ ၇၅ နှစ်၊ အနှစ် ၁၀၀ အစရှိသည်ဖြင့် CCCC ကို ထိုးအပ်ရမှာပါ။ ဒါဟာ ကမ္ဘာက ထောက်ပြနေတဲ့ သီရိလင်္ကာလို ဖြစ်ရပ်မျိုးပါပဲ။ တစ်ဖက်မှာလည်း ရေနက်ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ် CITIC ဆီ လုပ်ကိုင်ခွင့် ပေးလိုက်ရပြီ ဖြစ်ပါတယ်။

ပိုပြီး အသည်းနာစရာ ကောင်းတာက “မြန်မာနိုင်ငံရေ မင်းတို့တော့ သီရိလင်္ကာလိုမျိုး တရုတ်ရဲ့ ကြွေးမြီထောင်ချောက်အောက်မှာ ပိတ်မိတော့မယ်” လို့ သတိပေးနေ၊ ရေးနေကြတဲ့ကြားက ကျောက်ဖြူစီမံကိန်းတွေရော၊ ရန်ကုန်မြို့သစ်စီမံကိန်းပါ တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ အခြေအနေပါ။

ရန်ကုန်မြို့သစ်ကို ဘာကြောင့် အလွန်အမင်း လုပ်ချင်နေတာလဲ

ဦးသိမ်းဝေဟာ ပြီးခဲ့တဲ့ FMI ကုမ္ပဏီရဲ့ ၂၆ ကြိမ်မြောက် အထွေထွေ နှစ်ပတ်လည် အစည်းအဝေးမှာ ကုမ္ပဏီရဲ့ ပကတိ အခြေအနေတွေကို ရှယ်ယာရှင်တွေဆီ ပြောကြားမှုမျိုး နှစ်တိုင်းလို မလုပ်ခဲ့ဘဲ CFO ဦးထွန်းထွန်းကို ပွဲထုတ်ခဲ့တာ တွေ့ရပါတယ်။ ဦးသိမ်းဝေဟာ ရန်ကုန်မြို့သစ် စီမံကိန်းကိုပဲ အားစိုက်လုပ်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်ရပြီး ဘာကြောင့်သူ ဒီစီမံကိန်းကို ကိုယ့်စီးပွားရေးပစ်ပြီး အားတက်သရော လုပ်ချင်နေတာလဲဆိုတာ တွေးစရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မလေ့လာရသေးတဲ့ အချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့  ဦးသိမ်းေ၀ အလွယ်ပြောခဲ့တာက အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်း ဖန်တီးပေးမှာဆိုတဲ့ စကားပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့ ဗဟိုအချက်အချာရဲ့ အနောက်ဘက် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းက မြေဧက ၂၀၀၀ ကို စီးပွားရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အတွက် အလုပ်အကိုင်ပေါင်းနှစ်သန်း ဖန်တီးပေးနိုင်မယ့် မြို့ပြစက်မှုဒေသကို ပထမအဆင့် ဖော်ထုတ်ဖို့ ရည်မှန်းထားပြီး စီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာ ရန်ကုန်မြို့သစ်ကို လုံခြုံပြီး ခေတ်မီတိုးတက်သန့်ရှင်းတဲ့ မြို့တစ်မြို့ဖြစ်ဖို့နဲ့ ကျွမ်းကျင်မှု၊ ဂုဏ်သိက္ခာရှိမှု၊ တာဝန်ခံမှုတို့ကို စံပြုနိုင်တဲ့ မြို့တစ်မြို့ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ NYDC က ဆိုထားပါတယ်။

ဒီလို မြို့ပြစက်မှုဒေသ ဖြစ်လာဖို့ ပထမဆုံးလုပ်ပြီ။ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အခြေခံ အဆောက်အအုံ ဆောက်ပြီဆိုတာနဲ့ အရင်ဆုံး ရောက်လာမှာက ရွှေ့ပြောင်းလုပ်သားတွေပါ။ အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းနဲ့အတူ ကျုးကျော် နှစ်သန်းပါ တစ်ပြိုင်နက် တိုးလာမှာဖြစ်ပြီး ဒီအခြေအနေတွေကို တွက်ဆထားပုံ မရတဲ့အပြင် အရင်ရှိထားပြီးသား ကျုးကျော် ၁၅၀,၀၀၀ လောက်အတွက်တောင် ပေးထားတဲ့ ကတိမတည်သေးတဲ့ ရန်ကုန်အစိုးရဟာ ကျုးကျော်နှစ်သန်းသာ တိုးလာရင် ဘာဆက်လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

နောက်တစ်ချက်က မြန်မာ့စီးပွားရေး ကျပ်တည်းနေပြီး အစိုးရလက်ထဲမှာ ငွေမရှိချိန်မျိုးမှာ ဘာလို့ ဒီမြို့သစ် လုပ်ချင်တာလဲ တွေးစရာ ဖြစ်နေပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့တာဝန် လွှဲပြောင်းခါနီးမှာရှိတဲ့ ဒေါ်လာတွေကို နေပြည်တော်မြို့သစ်ကြီး ဆောက်သွားသလိုမျိုး ဒေါ်လာတွေများစွာ NLD အစိုးရမှာ ရှိနေလို့လား။ ဒေါ်လာလည်း မရှိ၊ စီးပွားရေးလည်း မကောင်း၊ မြို့သစ်ကြီးဆောက်ဖို့လည်း မလိုသေးဘဲ ရန်ကုန်မြို့ဟောင်းမှာတောင် မြေကွက်လွတ်တွေ ပုံထပ်နေချိန်မှာ တရုတ်လက်ထဲ ရန်ကုန်မြို့သစ်ကို ဝကွက်အပ်ချင်လို့များ အလောသုံးဆယ် လုပ်နေတာလား။ သမ္မတတားမြစ်နေတဲ့ကြားက ဆက်လုပ်နေတာကရော ဘာကြောင့်လဲဆိုတာ တွေးစရာပါ။

“ဝန်ကြီးချုပ်ကြီး နောက်ဆုံးပြောတဲ့ စကားက မြို့သစ်စီမံကိန်းကို CCCC ကုမ္ပဏီနဲ့ အကြိုဆန်းစစ် လေ့လာနေတယ်ပေါ့ဗျာ။ လေ့လာနေတဲ့ဟာကို ဘာမှမသိရသေးဘူး။ အဲဒါတွေကို သိချင်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ မြို့ပြစီမံကိန်းမှာ ပြည်သူတွေကို ပြောထားတဲ့ ကတိကဝတ် ပေးထားတဲ့ဟာက မြို့သစ်စီမံကိန်း တစ်ချက်မှ မပါဘူး။ ရှိပြီးသားမြို့ကြီးရဲ့ ရေ၊ မီး၊ မိလ္လာစနစ်၊ အမှိုက်စနစ်တွေကိုပဲ ကောင်းအောင် လုပ်ရမှာ။ ကျွန်တော်က မကြိုက်ပေမယ့် CCCC ကုမ္ပဏီရဲ့ တွေ့ရှိချက်တွေ ဘယ်လိုလဲ။ ဆန်းစစ်ချက်တွေ ဘယ်လိုလဲ။ ဆန်းစစ်ချက်တွေကို နားထောင်ချင်သေးတယ်။ ကျွန်တော် မြို့သစ်စီမံကိန်းကို အစကတည်းက ကန့်ကွက်နေတာ။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ကြေညာမထားဘူး။ အစကတည်းက ကန့်ကွက်နေတာ။ သို့သော်လည်းပဲ ကျွန်တော်တို့ သိထားတဲ့ အမြင်တော့ ဝန်ကြီးချုပ်ကြီး ပြောတဲ့အရဆိုရင် တာဝန်အရှိဆုံးကကို သဘောတူခဲ့တဲ့ အနေအထားတော့ ဖြစ်နေတယ်။ အဲဒါတွေကိုတော့ စောင့်ကြည့်ဦးမယ်။ ဝန်ကြီးချုပ်ရဲ့ အပြောအရကို ပြောတာနော်” လို့ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားပါတယ်။

သမ္မတက ပြန်ပြီးတော့ သုံးသပ်ဖို့ ပြောနေတဲ့ကြားက ရန်ကုန်မြို့သစ်စီမံကိန်း ဆက်လုပ်နေတာနဲ့ ဦးကျော်ဇေယျရဲ့တစ်ဆင့် ပြန်လည်ပြောကြားမှု အရတွေဆိုရင် ရန်ကုန်မြို့သစ် စီမံကိန်းဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ဆက်ပြီးလုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးကို စေညွှန်းသလို ဖြစ်နေပါတယ်။

တကယ်တော့ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်သူတွေ၊ ပညာရှင်တွေ ကန့်ကွက်နေခဲ့တာက ငွေမည်းတွေ စီးဝင်လာမှာနဲ့ တရုတ်က မြန်မာ့မြေ၊ ပင်လယ်ထွက်ပေါက်ကို ကြွေးမြီထောင်ချောက်နဲ့ သိမ်းပိုက်သွားမှာ စိုးရိမ်နေကြတာပါ။ ဒီလိုမျိုး ကိုယ့်မြေ၊ ကိုယ့်ရေကို ငွေမရှိလို့ ထိုးအပ်လိုက်ရတယ် ဆိုရင်တောင် ဘယ်လိုမဟာဗျုဟာတွေနဲ့ ပါးပါးနပ်နပ် ထိန်းကျောင်းမလဲ။ ဘယ်လိုဥပဒေတွေနဲ့ လုပ်ချင်တိုင်း လုပ်မရအောင် ထိန်းချုပ်မလဲဆိုတဲ့ အခြေအနေမျိုးကို သိလိုကြတာပါ။ ဘာတစ်ခုမှ လွှတ်တော်လည်း ချမပြ၊ ပြည်သူလည်း အသိမပေးဘဲ လုပ်ချင်ရာ လုပ်နေတာဟာ ပြည်သူရွေးကောက်ထားတဲ့ အစိုးရဖြစ်နေတာ မို့လို့လည်း အစိုးရရဲ့ ပွင့်လင်းမြင်သာမှုက ဘယ်လိုကြီးလဲဆိုပြီး အံ့သြတကြီးနဲ့ ထောက်ပြနေကြတာပါ။

“ရှေ့မျှော်မှန်းချက် အရတော့ ရန်ကုန်မြို့က Mega City ဖြစ်လာဖို့ရှိတယ်လေ။ အဲဒီတော့ လိုတာတော့လိုတယ်။ လုပ်တာတော့ကြိုက်တယ်။ ဒါပေမဲ့ စနစ်ကျဖို့လိုတယ်။ အစိုးရနဲ့ ဦးသိမ်းဝေတို့ ကုမ္ပဏီကိုလည်း မကြိုက်ဘူး။ လွတ်လပ်စွာ ဈေးကွက်စီးပွားရေးအရပဲ သွားစေချင်တာ။ သူတို့ ထွက်လာတဲ့ ဒီဇိုင်းတွေကိုလည်း သိပ်မကြိုက်ဘူး။ ဂုဏ်ယူပြီး ပြောနေကြတာရှိတယ်။ စင်ကာပူက ရန်ကုန်ကိုတုပြီးလုပ်တယ်။ ဘာညာပေါ့။ ရန်ကုန်စည်ပင်သာယာရေး ဥပဒေကိုလည်း အတုယူတယ်ပေါ့။ ရန်ကုန်မြို့ကို တည်ဆောက်ခဲ့တာက အင်္ဂလိပ်က တည်ဆောက်ခဲ့တာ။ ရေမြောင်းစနစ်တွေ၊ မိလ္လာစနစ်တွေ၊ လမ်းစနစ်တွေ၊ အကွက်ရိုက် စနစ်တွေကအစ ပီပီပြင်ပြင်လုပ်ခဲ့တာ။ အဲဒါမျိုးတွေ လုပ်စေချင်တာ။ အခုသူတို့ဆွဲထားတဲ့ ပုံစံက တိုက်ပုပုလေးတွေ။ သူများနိုင်ငံတွေလို နိုင်ငံတကာ ဒီဇိုင်းပုံစံတွေအတိုင်း သွားစေချင်တယ်။ အခုက ငွေအင်အားမရှိတဲ့ အချိန်မှာ လုပ်တဲ့အတွက် လိုတဲ့ဒီဇိုင်းတွေ မရမှာဆိုးတယ်။ ဒဂုံမြို့သစ်တွေ၊ လှိုင်သာယာတို့ လုပ်ခဲ့သလိုလုပ်လို့ ဖြစ်ကိုမဖြစ်ဘူး။ အခြေခံ အဆောက်အအုံတွေ လမ်းမီးတွေကအစ မီးကြိုးတွေကို အပေါ်မှာ မထားသင့်ဘူး။ မြေအောက်မှာ မြှုပ်လို့ရတဲ့ ဟာမျိုးတွေ စနစ်တကျပေါ့။ စမ်းချောင်းတွေ မြို့လယ်ကောင်ဖြတ်စီးတဲ့ နေရာတွေကို အပန်းဖြေတဲ့ ပုံစံမျိုးတွေပေါ့။ လူသွားလမ်းကအစ၊ ရေမြောင်းအစ၊ လမ်းမီးကအစ သေချာသွားစေချင်တယ်။ ကောင်းကောင်းစီမံကိန်းချပြီး လုပ်စေချင်တယ်။ အခုလို အလောတကြီး လုပ်တော့ အဆင်မပြေဘူး။ လုပ်သင့်တယ်။ ဒါပေမဲ့ သေချာစနစ်တကျ လုပ်ရမယ်။ ဟိုဘက်ကို လုပ်နေတဲ့ အချိန်မှာလည်း အရင်က လုပ်ခဲ့တဲ့ မြို့သစ်တွေက တော်တော်အခြေအနေ မဆိုးဘူး။ အဲဒီနေရာတွေကိုလည်း ပြန်လည်ပြုပြင်တာတွေ လုပ်သင့်တယ်။ လမ်းတွေဆိုရင်လည်း ခင်းလိုက်ပျက်လိုက်၊ ခင်းလိုက်ပျက်လိုက် ဖြစ်နေတယ်။ ရေမြောင်းနဲ့ လမ်းတွေကိုလည်း တစ်ခါတည်း မလုပ်တဲ့အတွက် စနစ်တကျ စံချိန်စံညွှန်းမီ လုပ်ဖို့တွေလိုနေတယ်။ အခုဟာတွေက အရေးကိုကြီးနေတဲ့ ဟာတွေဖြစ်တယ်” လို့ လှိုင်မြို့နယ်မဲ ဆန္ဒနယ်အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆိုပါတယ်။

သမ္မတက တားထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီစီမံကိန်းကို မလုပ်စေချင်သူတွေ ရှိသလို အလောသုံးဆယ် မလုပ်စေချင် သူတွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း တရုတ်လက်ထဲကို မြန်မာ့မြေ၊ မြန်မာ့ရေကို ဘာမဟာဗျုဟာမှမရှိဘဲ နှစ်ပေါင်းများစွာ ထိုးအပ်ရမဲ့ အခြေအနေမျိုး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေ သိနေတာက ရန်ကုန်မြို့သစ် စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြည်သူသိခွင့် မရှိဘူး။ ပြည်သူရွေးကောက်ထားတဲ့ အစိုးရက တိတ်တိတ်လေး လုပ်နေတယ်။ ဘာတစ်ခုမှ ပွင့်လင်းမြင်သာစွာ ချပြထားတာ မရှိဘူးဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။

တကယ်တော့ ပြည်သူရွေးချယ်မှုရှိခဲ့တယ် ဆိုပေမယ့် အစိုးရတစ်ရပ်ရဲ့ သက်တမ်းဟာ ငါးနှစ်တည်းပါ။ ဒီငါးနှစ် အတွင်းမှာ ပြည်သူ့သဘောမပါဘဲ လုပ်ချင်ရာလုပ်သွားရင် ခံရမှာက ပြည်သူတွေပါ။ တရုတ်လက်ထဲကို ရောက်ဖို့များနေပြီဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဘာကြောင့် ဆက်လုပ် ဆက်လုပ် နိုင်ငံတော်ရဲ့ မူလအချုပ်အခြာ အာဏာပိုင်ရှင်တွေဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို လူရာသွင်းပြီး ရန်ကုန်မြို့သစ်စီမံကိန်း ဘာကြောင့် ဆက်လုပ်ချင်တယ်ဆိုတာ တာဝန်ရှိသူတွေက အမြန်ဆုံး ရှင်းပြပေးပါလို့ ပြည်သူတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။

 

Most Read

Most Recent