အစွန်းရောက် အကြမ်းဖက်သမားများ အိမ်များကိုမီးရှို့ရခြင်း၏ ရည်ရွယ်ချက်မှာ မီးငြှိမ်းသတ်ရန် ရောက်ရှိလာသူများ ၎င်းတို့ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန်ဖြစ်ကြောင်း ထုတ်ပြန်

အစွန်းရောက် အကြမ်းဖက်သမားများ အိမ်များကိုမီးရှို့ရခြင်း၏ ရည်ရွယ်ချက်မှာ မီးငြှိမ်းသတ်ရန် ရောက်ရှိလာသူများ ၎င်းတို့ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန်ဖြစ်ကြောင်း ထုတ်ပြန်
Published 31 August 2017

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နေအိမ်များမီးလောင်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများ မီးငြှိမ်းသတ်ရန် ရောက်ရှိလာချိန်တွင် ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း - ၁၇ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ်၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ တို့ ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယုတောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

မြိုတိုင်းရင်းသား များနေထိုင်သော လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၇၅ ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘုန်းတော်ကြီးကျောင်း တစ်ခုသို့ ပြောင်းရွှေ့ရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တည်းခိုနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များအား မီးရှိုခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် နေအိမ် ၂၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့ မြို့မကညင်တန်း ရပ်ကွက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုး အပြင်ဘက်တွင် ယနေ့ ညနေ ၃ နာရီက မသင်္ကာဖွယ် သွားလာလှုပ်ရှားမှု တွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်စဉ် မီးကွင်းပစ်ရန် ဓာတ်ဆီဆွတ်ထားသည့် အဝတ်စထုပ်အား ဝါးတုတ်ဖြင့် တွဲချည်ထားသော လောင်စာ ၁ ခုနှင့် ကျွတ်ကျွတ်အိတ်ထဲတွင် ဓာတ်ဆီဆွတ်ထားသည့် အဝတ်စထုပ်တို့အား အကြမ်းဖက်သမား တစ်ဦးက ပစ်ချထွက်ပြေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေရာ အနီးတဝိုက်ရှိ အိမ် ၁ လုံး၏ အောက်ထပ်တွင် အကျယ် ၈ ပေ၊ အနံ ၄ ပေ၊ အနက် ၃ ပေ ခန့်ရှိ ကတုတ် ကျင်း ၂ ကျင်း၊ ရှော့တိုက်မိုင်းဆွဲရန်အတွက် မြေကြီးအောက်တွင် မြှုပ်နှံထားသော အရှည် ပေ ၂၀၀ ခန့်ရှိ ဝါယာကြိုး ၁ ချောင်း၊ ပစ်ခတ်ရန် ကြိုတင် စီမံထားသည့် လက်လုပ် ပုလင်းမိုင်း ၃ လုံးအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်းနှင့် နယ်မြေ ၈ ၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ အထက်ကမ်းပိုင်ကြီးကျေးရွာ (ဘင်္ဂါလီရွာ) နှင့် လောင်းဒုံစခန်းရှေ့ စေတီပြင်ရွာ (ဘင်္ဂါလီ) ရွာတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်သည့်ပုံစံမျိုး အထင်အမြင်မှားစေရန် ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြိုတိုင်းရင်းသားများသည် နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့နယ် အတွင်းရှိ မင်းကြီးရွာ နှင့် တမန်းသားကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံသို့ ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာသော ဒိုင်းနက်လူမျိုး ၆၉ ဦးအား အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက သြဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန် ၂၀ အိတ်၊ အဝတ်အထည် ၄ ထုပ်၊ ခြင်ထောင် ၂၂ လုံး ၊ ပုဆိုး၊ ထမီ၊ ပန်းကန်နှင့် မီးဖိုချောင်သုံး ပစ္စည်းများအား အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား ၁ ဦီး နှင့် လက်နက်ငယ် ၁ လက်ပျောက်ဆုံးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ နေ့စားဝန်ထမ်း ၂ ဦး၊ မြို လူမျိုး ၁ ဦးနှင့် ဒိုင်းနက်လူမျိုး ၂ ဦး စုစု ပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ၅ လက် ၊ ၁၂ ဗို့ သေနတ် ၂ လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး ၁ လက်၊ ဘီအေ-၆၃ သေနတ် ၁ လက်၊ အမ်အေ-၁၁ ၁ လက်၊ စုစုပေါင်း လက်နက်ငယ် ၁၀ လက် ၊ ၇.၆၂ ကျည် ၁၄၀၀ တောင့်၊ ၅.၅၆ ကျည် ၂၅ ‌တောင့်၊ ကျည်အိမ် ၁ ခု၊ အီနာဂါဗုံးသီး ၆ လုံး၊ ပလပ်စတစ်ဗုံးသီး ၅ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး နှင့် ကျည်အိမ် ၁ ခုတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ် ၂ စီး မီးရှို့ခံခဲ့ရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးများ နှင့် မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၅ စီး ပျက်စီးခဲ့ရကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ် ၄ လက်၊ တူမီး သေနတ် ၂ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၇၇ တောင့်၊ လှံ ၆၄ချောင်း၊ ဓား ၂၇ ချောင်း၊ လက်လုပ်မိုင်း ၇ လုံး၊ ဝါယာကြိုး ၆ ထုပ်၊ ဝါယာကြိုး ၃ ခွေ၊ စိတ်ကြွဆေးပြား ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ၇ အိတ်၊ ဆန် ၂ အိတ်နှင်‌့ လက်ကိုင်စကားပြောစက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် သြဂုတ် ၃၀ ရက်နေ့က MI 17 ရဟတ်ယာဉ်များဖြင့် ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ် ကျေးရွာများသို့ ရိက္ခာများပေးခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့တွင် အခြားနေရာများသို့ ဆက်လက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရည်ရွယ်ချက်မှာ နေအိမ်များ မီးလောင်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများ ငြှိမ်းသတ်ရန် ရောက်ရှိလာချိန်တွင် ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent