မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းဝန်းကျင်မှ ဧရာဝတီမြစ်အတွင်း စွန့်ထုတ်သော ရေဆိုးများ အဖြူရောင်အမြှုပ်များထပြီး ရေထုညစ်ညမ်းမှုဖြစ်ပေါ်

မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းဝန်းကျင်မှ ဧရာဝတီမြစ်အတွင်း စွန့်ထုတ်သော ရေဆိုးများ အဖြူရောင်အမြှုပ်များထပြီး ရေထုညစ်ညမ်းမှုဖြစ်ပေါ်
Published 15 September 2018

ဧရာဝတီမြစ်အတွင်း စွန့်ထုတ်သော ရေဆိုးများ အဖြူရောင်အမြှုပ်များထပြီး ရေထုညစ်ညမ်းမှုဖြစ်ပေါ် နေသည်ကို တွေ့ရစဉ်

မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းဝန်းကျင်မှ ဧရာဝတီမြစ်အတွင်း စွန့်ထုတ်လျက်ရှိသော ရေဆိုးစွန့်ပိုက်မှထွက်ရှိသည့်ရေများမှ အမြှုပ်များထပြီး ရေထုညစ်ညမ်းများဖြစ်ပေါ်နေကြောင်း စက်တင်ဘာ ၁၄ ရက် ည ၈ နာရီခန့်က သိရသည်။

မန္တလေးမြို့တွင် နေအိမ်၊ စက်ရုံများမှ ထွက်ရှိသည့် ရေဆိုးများကို လက်တံမြောင်းများမှတစ်ဆင့် အဓိကချောင်းမြောင်း ခုနစ်မြောင်းဖြင့် စွန့်ထုတ်လျက်ရှိပြီး အဆိုပါ ချောင်းမြောင်းများမှ ရေဆိုးများကို ရေဆိုးစု ကန်များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်း ပိုက်များသွယ်တန်းကာ စုပ်ထုတ်လျက်ရှိခြင်း ဖြစ်သည်။

ယင်းသို့ ရေဆိုးစုကန်များ၊ အင်းများနှင့် ရေဆိုးသန့်စင်စက်ရုံများမှ ထွက်ရှိသည့်ရေများကို ပိုက်များသွယ်တန်း၍ ဧရာဝတီမြစ်အတွင်းသို့ စွန့်ပစ်လျက်ရှိရာ မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း ဝန်းကျင်နေရာတွင်  ရေဆိုးများမှာ အဖြူရောင်အမြှုပ်များထပြီး ယင်းရေများထိပါက ယားယံခြင်းဖြစ်ပေါ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ စွန့်ထုတ်နေမှုမှာ ၂၄ နာရီပတ်လုံး စွန့်ထုတ်နေခြင်းဖြစ်သည်ဟု အဆိုပါ ရေဆိုးစွန့်ထုတ်ပိုက်လိုင်းအနီး နေထိုင်သူများက ဆိုသည်။

ဧရာဝတီမြစ်အတွင်း ရေဆိုး စွန့်ပစ်နေပုံ (ဓာတ်ပုံ-မင်းသန့်)

“အခုရက်ပိုင်း အမြှုပ်ထတာ တော်တော်လေး သိသိသာသာ ရှိလာတယ်။ ရေဆိုးတွေက ၂၄ နာရီလုံး စွန့်ထုတ်နေတာ ဖြစ်ပေမယ့် ဒီရေဆိုးပမာဏက ဘယ်ရွေ့ဘယ်မျှ ရှိသလဲ မသိနိုင်ဘူး။ မြင်ရတွေ့ရတာတော့  စိတ်မသက်သာဘူး။ ဧရာဝတီမြစ်ရေ တိုးတဲ့အချိန်တိုင်း ဒီလို မသိမသာနဲ့ စွန့်ထုတ်နေမယ်ဆိုရင်တော့ မတွေးဝံ့စရာပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

“ဒီပိုက်ကြီးက နေ့တိုင်း ရေတွေ တရဟော ကျနေတာပဲ။ အခုမှ မဟုတ်ဘူးလေ။နေ့ခင်းဆို တစ်ခါတလေ ဒီထက်တောင် များသေးတယ်။ ပိုက်လိုင်းနဲ့ အပြည့်ပဲ။ ညစ်ပတ်သလား၊ အန္တရာယ်ဖြစ်မလားတော့ မပြော တတ်ပါဘူး” ဟု မရမ်းခြံဆိပ်ကမ်းအနီးနေ ထိုင်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဧရာဝတီမြစ်အတွင်း စွန့်ထုတ်သော ရေဆိုးများ အဖြူရောင်အမြှုပ်များထပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသည့်အပေါ် သန့်ရှင်းရေးဌာနသို့ ည ၁၀ နာရီခန့်တွင် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ချေ။

Most Read

Most Recent