ကျန်းမာရေးဝန်ထမ်း အမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရမှုတွင် သတင်းပေးသူမှာ ၎င်းအမျိုးသမီးက တရားစွဲထားသည့် ဝရိန်မိုး၏ နေပြည်တော်တိုင်းမ်မီဒီယာ အဖွဲ့မှ သတင်းထောက်တစ်ဦးဖြစ်ကြောင်း သတင်းထွက်ပေါ်

ကျန်းမာရေးဝန်ထမ်း အမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရမှုတွင် သတင်းပေးသူမှာ ၎င်းအမျိုးသမီးက တရားစွဲထားသည့် ဝရိန်မိုး၏ နေပြည်တော်တိုင်းမ်မီဒီယာ အဖွဲ့မှ သတင်းထောက်တစ်ဦးဖြစ်ကြောင်း သတင်းထွက်ပေါ်
Published 15 September 2018

ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ ဖြင့် သူနာပြုဆရာမက တရားစွဲဆိုထားသည့် ဝရိန်မိုးဆိုသူအား တွေ့ရစဉ် (ဓာတ်ပုံ-ဝရိန်မိုး ဝရိန်မိုး-Facebook)

ကျန်းမာရေးဝန်ထမ်း အမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရမှုတွင် သတင်းပေးသူမှာ ၎င်းအမျိုးသမီးက တရားစွဲထားသည့် ဝရိန်မိုး၏ နေပြည်တော်တိုင်းမ်မီဒီယာအဖွဲ့မှ သတင်းထောက်တစ်ဦးဖြစ်ကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မကွေး တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်က ပြောကြားရာတွင် “ ရ Inquire က မပြီးသေးဘူး။ နေပြည်တော်တိုင်းမ် ဂန့်ဂေါက ကောင်ဆီက ရတယ်။ ဂန့်ဂေါကကောင်ဆီက ဘယ်ကရလဲဆိုတော့ သူ့ကို ကလေးက လှမ်းပြောတယ်။ လှမ်းပြောတော့ သူကလည်း ရဲကိုပြောတယ်ပေါ့ကွာ။ အဲဒီလိုပဲ။ တို့ကတော့ စစ်နေတုန်းပဲ ရှိနေသေးတယ်။ အမှုက တည်ဆောက်တုန်း။ စစ်နေတုန်း။ ကလေးက သတင်းထောက်လား။ အဲဒီအထိတောင် မလိုက်နိုင်သေးဘူး” ဟု ပြောကြားသည်။

ထို့ကြောင့် အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ ဒီဖြစ်စဉ်မှန်ကို သီးခြားအဖွဲ့နဲ့ စစ်ဆေးနေပါတယ်။ အဲဒါပြီးမှပဲ ပြောနိုင်မယ်” ဟု စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီ ခွဲခန့်တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က ထုတ်ဝေသည့်  စံတော်ချိန်သတင်းစာတွင် သားဖွားဆရာမ ဆိုင်ကယ်တွင် မူးယစ်ဆေးပါရှိကြောင်း နေပြည်တော်တိုင်းမ်သတင်းထောက်က သတင်းပေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ယင်းသတင်းမှာ ပျံ့နှံ့လျက်ရှိသည်။

စံတော်ချိန်သတင်းစာတွင် ဖော်ပြမှုများအရ နေပြည်တော်တိုင်းမ်သတင်းထောက် အောင်ထိုက်ဟုဆိုသူက သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရာတွင်လည်း အောင်ထိုက်ဆိုသူ ပါဝင်ကြောင်း အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းသန်းမြင့်ဆိုသူမှာ စက်တင်ဘာ ၁၁ ရက်က တရားရုံးတွင် အမှုရင်ဆိုင်အပြီး ပြန်လာစဉ် ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆိုကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား ရှာဖွေရာမှ စိတ်ကြွ ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားထားသည်။

ဒေါ်သန်းသန်းမြင့်က နေပြည်တော်တိုင်းမ်မီဒီယာအဖွဲ့မှ ဝရိန်မိုးဆိုသူအား ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇  ဖြင့် တရားစွဲဆိုထားပြီး လတ်တလောတွင် ယင်းအမှုအား ရင်ဆိုင်ဖြေရှင်းနေသူဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားနေမှုများနှင့် ပတ်သက်ပြီး ‘ဝရိန်မိုး ဝရိန်မိုး’ Facebook အကောင့်ပိုင်ရှင်က စက်တင်ဘာ ၁၃ ရက်တွင် “ ကျွန်တော့်ရဲ့ပုံကိုယူပြီး မဟုတ်မမှန် ရေးသားပြောဆို ဝေဖန်နေကြသူများကိုလည်း တည်ဆဲဥပဒေအရ ရင်ဆိုင်သွားမှာပါ။ အသင်းအဖွဲ့ကို ဂုဏ်သိက္ခာကျအောင်လုပ် နေသူများကိုလဲ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးပါရစေ လူတဘက်သားကို တဘက်သတ်ပြောဆို ဝေဖန်ရေးသားနေခြင်းဟာ မနာလို မရှုစိမ့် ဖြစ်သူများသာ ဖြစ်ပါတယ် မနာလိုဝန်တိုဖြစ် နေရင်တော့ ထိပ်တိုက်ရင်ဆိုင်တာ ပိုကောင်းမယ် ထင်ပါတယ်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ  ဒေါ်သန်းသန်းမြင့်အား မူးယစ်ဆေးဝါးဖြင့် ထောင်ဖမ်းခြင်းဖြစ်သည်ဟု ဒေသခံအများစုက ယုံကြည်လျက်ရှိကြောင်း The Daily Eleven သတင်းစာ၏ ကွင်းဆင်းမေးမြန်းမှုများအရ သိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမြင့်မှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းလည်း မရှိသကဲ့ သို့ ရောင်းချခြင်းလည်း မရှိကြောင်း၊ ယခုဖြစ်စဉ်မှာ လုပ်ကြံခံရခြင်းသာဖြစ်ကြောင်း မွှေ့လည်ရွာမှ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် က ပြောကြားသည်။

“ဒီရွာမှာ ငါးနှစ်၊ ခြောက်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ မူးယစ်ဆေးဝါးနဲ့ သုံးစွဲတာရော၊ ရောင်းချတာရော မကြားဖူးပါ ဘူး။ ဒါက တစ်ဦးတစ်ယောက်ရဲ့ လုပ်ကြံမှုလို့ပဲ တထစ်ချ ယုံကြည်ထားပါတယ်။ သူ့ရဲ့ စာရိတ္တကို သိလို့ပါ။ သူက ရွာမှာ နေသွားတာ ငါးနှစ်ကျော် ကြာပြီ။ နာမည်ဆိုး မရှိဘူး။ သတင်းကျော်စောမှုလည်း မရှိဘူး။ တစ်ဦးတစ်ယောက်ရဲ့ လုပ်ကြံမှုဆိုတာကလည်း သူက အမှုတစ်ခု ရင်ဆိုင်နေရတယ်။ ရင်ဆိုင်နေရတော့ တရားရုံးကို သွားတယ်။ တရားရုံးကနေအပြန် ဆိုင်ကယ်စီးပြီးတော့ ပြန်လာတယ်။ တရားရုံးကို သွားတယ်ဆိုကတည်းက ဒီလို ပစ္စည်းမျိုးကို လွယ်လင့်တကူ ဘယ်သူမှ မထားဘူး” ဟု ၎င်းကပြောကြားသည်။

ယင်းသို့ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရသည့်ပုံစံ ဖြစ်နေခြင်းကြောင့် အမှန်တရားပေါ်ပေါက်လာသည်အထိ ဝန်းရံမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

“ဒီကိစ္စက မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စပါ။ ဒီကိစ္စအမှန်တရား မပေါ်ပေါက်ဘူးဆိုရင် ကျွန်တော်တို့ ယောမြို့နယ် ဂန့်ဂေါမြို့နယ်အနေနဲ့ သမိုင်းနောက်သွားမှာပါ။ လူသားတိုင်းလည်း စိတ်ဆင်းရဲသွားမှာပါ။ မပေါ် ပေါ်အောင်လုပ်ဖို့ တာဝန်ရှိပါတယ်။ မှားခြင်းမှန်ခြင်းက ဥပဒေရဲ့တာဝန်ပါ။ ကျွန်တော်တို့ အမှန်တရားပေါ်ပေါက်ဖို့ ဝန်းရံသွားမှာပါ”ဟုဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

ယခုအဖမ်းခံရခြင်းမှာ ဝန်ထမ်းတစ်ဦးဖြစ်နေပြီး ယင်းသို့လုပ်ကြံခံရခြင်းကြောင့် ပြည်သူများအကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းကြောင့် အမှန်တရားပေါ်ပေါက်ရန်သာလိုလားကြောင်း ကျွန်းခုံသာ ကျေးရွာမှ ကိုသန်းဝင်းနိုင်က ပြောကြားသည်။

“ဆေးဆရာမလေးကို ဒီလိုလုပ်လိုက်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား နေထိုင်ကြတဲ့ ယောဒေသ ဂန့်ဂေါနယ်ဟာ ပိုလို့ မလုံခြုံဘူးလို့ ခံစားရပါတယ်။ ဝန်ထမ်းတစ်ယောက်ကို ဆေးဆရာမတစ်ယောက် အနေနဲ့ ဆေးပြားအနည်းငယ်နဲ့ ဒီလိုပစ်ဖမ်းတယ်ဆိုရင် သာမန်ပြည်သူလူထုတွေအတွက် ပိုပြီး စိုးရိမ်လာပါတယ်။ သွားလာရတာက အစ လုံခြုံမှုမရှိဘူးလို့ ခံစားရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း အမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်ရန် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“အဲဒါနဲ့ပတ်သက်ပြီး ဂန့်ဂေါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကလည်း ဖုန်းလှမ်းဆက်တယ်။ ဒီကလေးမလေးက မတရားခံရတာပါဆိုပြီးတော့ပေါ့။ နောက်တစ်ခါ Facebook မှာလည်း မတရားခံရတာ သတင်းတွေတက်နေတယ်။ အဲဒီမှာလည်း တရားခံက ဘယ်သူဆိုတာလည်း ထောက်ပြကြတာပေါ့နော်။ နောက်တစ်ခါဒါနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန်ပေါ်ပေါက်ဖို့ကို တိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်။ ဥပဒေမှာလည်းပဲ အပြစ်ရှိတဲ့လူတစ်ယောက် လွတ်ရင်လွတ်ပါစေ။ အပြစ်မရှိတဲ့ လူတစ်ယောက်ကိုမှားယွင်းပြီး အပြစ်ပေး ခံရတာမဖြစ်စေရဘူးဆိုတဲ့ ဆုံးမစကားရှိတယ်။ ပြောချင်တာကတော့ ဒါလောက်ပဲ” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်ဖြစ်စေရန် ကြိုးစားပေးရမည်ဖြစ်ပြီး ယင်းဖြစ်စဉ်ကိုလည်း ဥပဒေဘောင်အတွင်းမှ ကူညီပေးရမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ သဘာဝသယံဇာတ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်းလိုက်ပြီး ကြိုးစားနေတယ်။ ဖြစ်နိုင်တာကတော့ ဒီ ဆရာမက မူးယစ်ဆေးလုပ်ကြံခံရတာ ဖြစ်နိုင်တဲ့အနေအထားများပါတယ်။ သူ့ဒေသကို ကျွန်တော်လေ့လာကြည့်လိုက်တယ်လေ။ မွှေ့လယ်ရွာသူရွာသားတွေကို မေးကြည့်လိုက်တယ်။ သူတို့ကို မေးကြည့်တော့လည်း မဖြစ်နိုင်ဘူးဆိုတာကို ပြောတယ်။ သူရောင်းဝယ်တယ်ဆိုတဲ့ ဆိုင်ကယ်နဲ့ ရောင်းဝယ်တယ် ဆိုရင်လည်း ရှေ့က ခွက်လေးထဲမှာထည့်တယ် ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါကတော့ အ များစုကလည်း လုပ်ကြံခံရတာလို့ သုံးသပ်ကြတာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ကလေးမလေးက မတရားပြုကျင့်ခံရသေး တယ်။ အခုလိုလုပ်တယ်ဆိုတော့လည်း ဒါက လူ့ကျင့်ဝတ်အရ မသင့်တော်ဘူး။ ဥပဒေအရလည်း မှန်မှန်ကန်ကန်ဖြစ်အောင် ကျွန်တော်တို့က ကြိုးစားပေးရမှာပေါ့။လောကကျင့်ဝတ် အရလည်း မကောင်းဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။

ယင်းသို့ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်ပြီးနိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု ဒါ်သန်းသန်းမြင့်၏ မောင် ကိုအောင်ဇော်ဝင်း (ခ) ကိုအဲဇော်က ပြောကြားသည်။

“ကျွန်တော့်အစ်မကို မေးကြည့်တော့ ငါ့မောင် ငါဘာမှ မသိဘူးတဲ့။ ဆိုင်ကယ်ကို လိုင်စင်စစ်တယ်ထင်ပြီး ရပ်ပေးလိုက်တာ။ ဆရာမကို သတင်းပေးလို့ သတင်းရလို့ ရှာတာပါလို့ ပြောတယ်တဲ့။ အဲဒါဆို ကျွန်မ လုပ် ကြံခံလိုက်ရပြီလို့ ကျွန်တော့်အစ်မကပြောတယ်။ ကျွန်တော့်အစ်မ ပြန်ပြောပြတာပါ။ ကျွန်တော်ထင်တာက လုပ်ကြံခံလိုက်ရတာပါ။ တိုင်တဲ့သူက လုပ်ကြံတဲ့သူပဲ။ ဒီသူ့ရဲ့ရှေ့က ဘောက်ထဲ ထည့်ထားတာဆိုတော့ ကျွန်တော့် အစ်မက အရောင်းအဝယ်လုပ်တယ်ဆိုရင်လည်း ရှေ့တူးဘောက်ထဲမှာထည့်ထားစရာ အကြောင်းမရှိဘူး။ ရှေ့တူးဘောက်က အဖုံးမပါဘူး။ ကွမ်းယာထုပ်တို့ ရေသန့်ဘူးတို့ ထည့်တဲ့ဟာပါ။ အဲဒီကတည်းကအစ လုပ်ကြံမှုဆိုတာ သိတယ်ဗျ။ ဆရာမ အမှုရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်ပြီး အçလို့ခံရတယ် ဆိုပြီး ဝင်မစွက်ပါဘူး။ အခုဟာက ကျွန်တော့်အစ်မရဲ့ ဘဝပျက်အောင်အထိ ဖြစ်တဲ့အတွက် လိုက်လာတာ။ ပထမအမှုဖြစ်နေတုန်းက မွှေ့လယ်ကျေးရွာမှာ ဖြစ်ခဲ့တာ။ အခုတော့ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ပြောင်းရွှေ့ခဲ့ပါပြီ ။ အမှုမပြတ်သေးတော့ ဂန့်ဂေါကို လာပြီးတော့ အမှုရင်ဆိုင်နေရတာ ပါ။ အမှုကိုလာရင်ဆိုင်ရင်းအပြန် ညနေ ၃ နာရီလောက် ဖြစ်တာလို့ ပြောတယ်။ အမှုရင်ဆိုင်နေတုန်းမှာ ဆိုင်ကယ်က အပြင်မှာ ထားခဲ့တာပါ။ ဒီလို လိမ်လည်မှုကြီးက သေချာနေတာဆိုတော့ အမှုမှန်ကို ပေါ်စေချင်ပါတယ်။ တစ်နိုင်ငံလုံးလည်း သိပါတယ်။ ဒီအကြောင်းအရာက သတင်းပေးလို့ ရှာတယ် သတင်းပေး တဲ့သူသာ တရားခံဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို တစ်နိုင်ငံလုံးလည်း သိနေတာဆိုတော့ ဥပဒေ ပညာရှင်အားလုံးကလည်း ဒီကိစ္စကို ဝိုင်းဝန်းလုပ်ပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဂန့်ဂေါခရိုင်ကမှ လုပ်ဆောင်ချက်တွေ မအောင် မြင်ခဲ့ဘူးဆိုရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံအထိရောက်အောင် စာပို့ ပြီးတော့ တိုင်ကြားသွားမှာပါ” ဟု ကိုအဲဇော်က ပြောကြားသည်။

ဒေါ်သန်းသန်းမြင့်မှာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်၍ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

Most Read

Most Recent