တာမွေဈေးရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ

တာမွေဈေးရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ
Published 12 September 2018

ဓာတ်ပုံ - Yangon Police

တာမွေမြို့နယ်၊ တာမွေဈေးရှေ့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်က အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားရာမှ ဓားခုတ်ခံရမှုကြောင့် တစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်မှ လူသတ်မှု ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီး ရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီအချိန်က တာမွေမြို့နယ်၊ (က) ရပ်ကွက်နေ ဒေါ်---------၏ အတူနေ သမီးဖြစ်သူ မ------- နှင့် သမီး၏ ခင်ပွန်းဖြစ်သူ ကတုံးမ(ခ) ဇော်ဟိန်းသူ၊ (၃၀)နှစ်တို့သည် ကျိုက္ကဆံလမ်းမပေါ်ရှိ ------- ကလေးကစားသည့်ဆိုင်တွင် ဂိမ်းဆော့ရင်း ဆိုင်ရှေ့တွင် ၎င်း၏ကလေးအား အနီးရှိ ကလေးတစ်ဦးမှ ကစားစရာ သေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန် ပြောဆိုရာမှ အဆိုပါကလေး၏ မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ည ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဝင်းထွဋ်ဝင်း ဆိုသူမှ ဒေါ်------- ၏ ခင်ပွန်းဖြစ်သူ ဦး--------အား ဖုန်းဆက်၍ “မင်းတို့ေ-ာက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်မယ်” ဟု ပြောကြားခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန် စကားများခဲ့ကြောင်း၊ ယင်းနောက် ဒေါ်----တို့မိသားစုများမှာ တိုက်အောက်သို့ ဆင်းလာစဉ် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် ကား (၃) စီးမောင်းနှင်လာပြီး ရပ်တန့်၍ ကားပေါ်မှ လူတစ်စု ဆင်းလာခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Yangon Police

ထို့နောက် ၎င်းတို့လက်ထဲတွင် လှံ၊ ဓားများကိုင်ဆောင်ကာ ပြေးဝင်ထိုးခုတ်မှုကြောင့် ဒေါ်---------၏ ခင်ပွန်းဖြစ်သူ ဦး------မှာ ယာလက်ထိုးသွင်းဒဏ်ရာဖြင့် လည်းကောင်း၊ ၎င်းတို့အိမ်မှ အလုပ်သမားဖြစ်သူ ကို---- တွင် ဝဲပခုံးထိုးသွင်းဒဏ်ရာ၊ ဝဲမျက်ရိုး ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ သမက်ဖြစ်သူ ကတုံးမ(ခ) ဇော်ဟိန်းသူမှာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဝဲမျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ဝဲမျက်လုံးပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဝဲနံဘေး ထိုးသွင်းဒဏ်ရာ၊ ကျောကုန်းဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ယာပေါင်ပြတ်ရှ ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သမက်ဖြစ်သူ ကတုံးမ(ခ) ဇော်ဟိန်းသူမှာ လမ်း၌သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူနှင့် အလုပ်သမား ဖြစ်သူတို့မှာ ဆေးရုံတွင် ကုသလျက်ရှိကြောင်း သိရသည်။

ယင်းကြောင့် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်သူနှင့် သမက်ဖြစ်သူအား သေဆုံးအောင် ပြုလုပ်သူတို့အား အရေးယူပေးရန် တိုင်ကြားသဖြင့် တာမွေမြို့မရဲစခန်း (ပ)၈၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီး ရမိရေးအတွက် စုံစမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - Yangon Police

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာရှိ ပြစ်မှုကျူးလွန်သူများ ကျန်ရှိခဲ့သော DD/-------- Toyota Succeed အပြာရောင် အငှားယာဉ်ပေါ်မှ ဓားရှည်(၉)ချောင်း၊ ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီး ကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့အား အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မပေါ်တွင် AA/-------- Toyota Caldina အငှားယာဉ်ပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂) ရပ်ကွက်နေ ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀)နှစ်အား ရန်ဖြစ်စဉ်တွင် ရရှိသော ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာဖြင့် လည်းကောင်း၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ (၄၁)နှစ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၂၂)ရပ်ကွက်နေ သီဟအောင်၊(၃၅)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး၊(၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ 7J/-------- Toyota Alphard အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင် ကားရပ်၍ ကားပေါ်မှ ဆင်းလာပြီး ပြန်လည်ခုခံသဖြင့် ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Yangon Police

ထို့နောက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၀၀၅၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်နေ သိန်းထိုက်အောင်(ခ) အန်းကုန်း၊ (၂၉)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်နေ မင်းအောင်၊ (၄၂) နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင် လည်းကောင်း၊ ယင်းနေ့ နံနက် ၀၂၀၅ နာရီအချိန် သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ ဝင်းထွဋ်ဝင်း၊ (၄၂)နှစ်အား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ဝင်းထွဋ်ဝင်းပါ (၈) ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent