စက်သုံးဆီဈေး သုံးလကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၄၉၄ ကျပ်၊ 95 Ron ၄၆၇၆ ကျပ်၊ ဒီဇယ် ၄၅၈၅ ကျပ်၊ ပရီမီယံဒီဇယ် ကျပ် ၄၆၃၀ အထိ ရောက်ရှိ

စက်သုံးဆီဈေး သုံးလကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၄၉၄ ကျပ်၊ 95 Ron ၄၆၇၆ ကျပ်၊ ဒီဇယ် ၄၅၈၅ ကျပ်၊ ပရီမီယံဒီဇယ် ကျပ် ၄၆၃၀ အထိ ရောက်ရှိ
Published 12 September 2018

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

စက်သုံးဆီဈေးနှုန်း သုံးလကျော်အတွင်း ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၄၉၄ ကျပ်၊ 95 Ron ၄၆၇၆ ကျပ်၊ ဒီ ဇယ် ၄၅၈၅ ကျပ်၊ ပရီမီယံဒီဇယ် ကျပ် ၄၆၃၀ အထိ ရောက်ရှိခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှ အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၁၀၁၀ (တစ်ဂါလန် ၄၅၈၅ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၁၀၂၀ (တစ် ဂါလန် ကျပ် ၄၆၃၀)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၉၀ (တစ်ဂါလန် ၄၄၉၄ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၀၃၀ (တစ်ဂါလန် ၄၆၇၆ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ဒီဇယ် ၁၀ ဒသမ ၉၈ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀ ဒသမ ၂၇ ရာခိုင်နှုန်း၊ 92 Ron ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ 95 Ron ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာ ဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာလ ဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက်တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၃၀ ရက်တွင် ဒေါ်လာ ၇၀ ကျော်အထိ ပြန်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ၆၈ ဒေါ်လာဝန်းကျင် ရှိနေသည်။

နိုင်ငံခြား ငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ အထိ စံချိန်တင် မြင့်တက်ကာ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ၁၅၆၈ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ခြောက်ရာခိုင်နှုန်းကျော် လျော့နည်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ထားသော စက်တင်ဘာ ၁၀ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၅ ဒသမ ၉၃ ဒေါ်လာ၊ 95 Ron ၈၇ ဒသမ ၆၅ ဒေါ်လာ၊ ဒီဇယ် ၉၁ ဒသမ ၈၅ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၂ ဒသမ ၅၂  ဒေါ်လာ တို့ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်ဈေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ဝန်းကျင်အတွင်း ဒီဇယ် ၁၀၂ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၈၉ ရာခိုင်နှုန်း၊ 92 Ron ၈၀ ရာခိုင်နှုန်း၊ 95 Ron ၅၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent