အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိ

အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိ
Published 12 September 2018

အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

အာဆီယံဒေသဆိုင်ရာ  ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံဒေသဆိုင်ရာ ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ဟနွိုင်းမြို့သို့ ထွက်ခွာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး Dr.Luan Thyu Duong နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူ များ လိုက်ပါသွားကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက  သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ဟနွိုင်းမြို့သို့ရောက်ရှိရာ ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ခေတ္တဝန်ကြီးမစ္စတာ ငုယင်မန့်ဟုမ်၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဟနွိုင်းမြို့ NoiBai  အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြကြောင်း၊ ထို့နောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ဟနွိုင်းမြို့ရှိ Daewoo Hotel သို့ ရောက်ရှိကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

၂၇ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ယခုသွားရောက်သည့်ခရီးစဉ်သည် ၂၀၁၈ ခုနှစ် အတွင်း ဗီယက်နမ်နိုင်ငံသို့ ဒုတိယ အကြိမ်သွားရောက်ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယွင်စွမ်းဖု၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်မှ ၂၀ ရက်အထိ  ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

Most Read

Most Recent