မန္တလေးမြို့ကို စွဲကပ်နေတဲ့ကင်ဆာ ဆေးမြီးတိုဖြင့် မပျောက်နိုင်ပါ

မန္တလေးမြို့ကို စွဲကပ်နေတဲ့ကင်ဆာ ဆေးမြီးတိုဖြင့် မပျောက်နိုင်ပါ
Published 10 September 2018

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပြင်ဦးလွင်-မန္တလေး ကားလမ်းနံဘေး ဝဲယာရှိ ကျူးကျော်နေအိမ်များအား စက်တင်ဘာ ၉ ရက်နံနက်က ရှင်းလင်းဖယ်ရှားစဉ်

လက်ရှိ မန္တလေးမြို့တွင် ဖြစ်ပွားနေသော လုယက်မှုပုံစံများသည် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က လက်တင် အမေရိကနိုင်ငံများ ဖြစ်သော ဘရာဇီး၊ ကိုလံဘီယာစသည့် နိုင်ငံများတွင် ကြုံတွေ့နေရသော အခြေအနေများနှင့် ထပ်တူနီးပါး ဖြစ်သည်။ အနည်းငယ် ကွဲလွဲသည်မှာ အဆိုပါနိုင်ငံများတွင် ဖြစ်ပွားခဲ့သော လုယက်မှုများက သေနတ်ကို ဖောဖောသီသီ အသုံးပြုကြခြင်းဖြစ်ပြီး မန္တလေးမြို့တွင်မူ ဆိုင်ကယ်ကို အသုံးပြုခြင်းဖြစ်သည်။ ထပ်မံ ကွဲလွဲမှုတစ်ခုတော့ ရှိပါသေးသည်။ ယင်းမှာ မြို့တာဝန်ရှိသူများက လုယက်မှုများ လျော့ပါးရေးအတွက် ကိုင်တွယ်မှု ပုံစံဖြစ်သည်။

မန္တလေးမြို့ကဲ့သို့ပင် ဘရာဇီးနိုင်ငံ၏ ရီယိုဒီဂျနေးရိုး မြို့တော်သည် ဒုတိယမြို့တော်ဖြစ်ပြီး ဒုတိယလူဦးရေ အများဆုံးသော မြို့တော်ကြီး တစ်ခုလည်းဖြစ်သည်။ ၁၉၉၀ ခုနှစ်များအတွင်း ရီယိုဒီဂျနေးရိုး မြို့တော်၌ လမ်းမများပေါ်တွင် ဖြစ်ပွားသော ရာဇဝတ်မှုများ (Street Crimes) များ အဆမတန် တိုးပွားလာခဲ့သည်။ ဘရာဇီးနိုင်ငံသည်လည်း မူးယစ်ဆေးဝါးကို ဖြန့်ဖြူးရောင်းချသော နိုင်ငံတစ်ခု ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော ပြစ်မှုများ ဖြစ်မည်ဟု မြို့ခံများ၊ တာဝန်ရှိသူများက သုံးသပ်ခဲ့ပြီး နှိမ်နင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရာဇဝတ်မှုများမှာ လျော့ပါးမသွားဘဲ ပို၍ ပို၍သာ တိုးပွားလာခဲ့သည်မှာ အဘယ့်ကြောင့်နည်း ဆိုသော မေးခွန်းများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မြို့ခံများက မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ ဆိုးကျိုးဟု ယူဆခဲ့ကြပြီး ဘရာဇီးသည်လည်း မြန်မာနိုင်ငံ ကဲ့သို့ပင် ကမ္ဘာတွင် မူးယစ်ဆေးဝါး အများအပြား ထုတ်လုပ်ရောင်းချသော နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။

မန္တလေးမြို့တွင် လုယက်မှု ကျုးလွန်ကြသူများအတွက် မြို့ခံများက မှတ်ချက်ပေးကြသည်မှာ ဒါဟာ မူးယစ်ဆေးဝါးကြောင့် လုပ်ကြတာပဲဖြစ်မယ် ဆိုသည့် မှတ်ချက်ဖြစ်သည်။ သို့သော်လည်း လုယက်မှု တရားခံများကို ဖမ်းဆီးစစ်ဆေးကာ မှတ်တမ်းယူကြသည့် အမှုစစ် အရာရှိများကမူ ယင်းအချက်ကို အပြည့်အ၀ လက်ခံမည် မဟုတ်ပါ။

“ဒီနှစ်ပိုင်း မန္တလေးမှာ လမ်းပေါ်က လုယက်မှုတွေ ကျုးလွန်တဲ့ သူတွေရဲ့ အသက်တွေက ၁၅ နှစ်ကနေ နှစ်ဆယ်ကြားပဲရှိပြီး သူတို့လိပ်စာတွေကို ပြန်လိုက်ကြည့်တဲ့အခါ  မန္တလေးမြို့ရဲ့ အရှေ့တောင်နဲ့ တောင်ဘက်က ပြည်ကြီးတံခွန်နဲ့ မြရည်နန္ဒာဘက်က များတယ်။ ပြည်ကြီးတံခွန်မြို့နယ် ဆိုရင်လည်း မြို့တွင်းနဲ့နီးတဲ့ဘက် မဟုတ်ဘူး။ တိုးချဲ့လာတဲ့ ဟိုးဘက် ရတနာပုံမြို့သစ်တို့၊ ဇီးအုပ်တို့လို မြို့အစွန်ဆုံးဘက်မှာ နေတာတွေ့ရတယ်။ ချမ်းမြသာစည်ဘက် ဆိုရင်လည်း မြရည်နန္ဒာတို့ ကန်သာယာတို့ ဘက်တွေပေါ့။ သူတို့မှာ အိမ်ပိုင်ယာပိုင် မရှိကြဘူး။ အိမ်ငှားနေကြတယ်။ ကျုးကျော်နေကြတယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ တခြားနယ်ကနေ မန္တလေးကိုလာပြီး လုပ်ငန်းလာလုပ်ကြတဲ့ သူတွေများပြီး မန္တလေးမြို့ခံတွေ ပါဝင်ကျုးလွန်တာက မရှိသလောက် နည်းတယ်။ အဖွဲ့နဲ့ ကျုးလွန်တဲ့ကိစ္စ တွေမှာလည်း မြို့ခံတွေ တစ်ယောက် နှစ်ယောက် ပါလေ့ရှိတယ်။ ဒါပေမဲ့ အဖော်ကောင်းလို့ နောက်ကလိုက်တဲ့ သဘောပဲ တွေ့ရပြီး တကယ် လက်ရဲဇက်ရဲ ဦးဆောင်ကျုးလွန်တဲ့ ကောင်တွေက တခြားနယ်က လူတွေပဲ ဖြစ်နေတယ်။ ကျုးလွန်တဲ့ အကြောင်းရင်းက အစက ထင်တာက မူးယစ်ဆေးဝါးသုံးဖို့ ငွေလိုလို့လုပ်တယ် ထင်ခဲ့ပေမယ့် တော်တော်များများက ဆိုလိုတာက ကျုးလွန်တဲ့ လူတစ်ရာမှာ ရှစ်ဆယ်လောက်က မူးယစ်ဆေးဝါးကြောင့် မဟုတ်ဘူး။ ဒီကောင်တွေက အလုပ်မရှိကြတာ တွေ့ရတယ်။ ပညာမတတ်တာကို တွေ့ရတယ်။ သူတို့က လမ်းပေါ်မှာ လုယက်တယ်။ ရလာတဲ့ငွေတွေကို KTV တွေမှာ ဘီယာဆိုင်တွေမှာ သူဋ္ဌေးသုံး သုံးကြတာ။ KTV က ကောင်မလေးတွေနဲ့ ပတ်သက်ကြ။ တချို့ဆို လုယက်တယ်။ ရလာတဲ့ငွေတွေနဲ့ သူတို့နဲ့ပိုင်တဲ့ အဆင်ပြေတဲ့ KTV တွေမှာ နေ့ရော ညပါ နေကြတာ။ အဲဒါတွေကို တွေ့ရတယ်။ တော်တော်များများက အဲဒီပုံစံတွေပဲ။ မူးယစ်ကြောင့် ဖြစ်တဲ့လူလည်း ပါပေမယ့် အလုပ်လက်မဲ့ ဖြစ်လို့ လုယက်ကြတဲ့ကောင်တွေ၊ လွယ်လွယ်နဲ့ ငွေရှာတဲ့ကောင်တွေ ဖြစ်တာများတယ်။ လုတဲ့နေရာနဲ့ လုယက်တဲ့သူနဲ့ လုယက်တဲ့ တရားခံတွေသာ ကွဲသွားတယ်။ သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းက ဒါမျိုးဆင်တူယိုးမှား တွေချည်းပဲ” ဟု အဆိုပါ လုယက်မှု တရားခံများကို စစ်ဆေးမှတ်တမ်းယူရသည့် အမှုစစ် အရာရှိတစ်ဦးက ပြောကြားသည်။

နယ်အသီးသီးမှ ဘဝမျှော်လင့်ချက်အတွက် မန္တလေးမြို့သို့ ရွှေ့ပြောင်းလာကြသူများ နေထိုင်ရန် ရွေးချယ်ကြသည်မှာ မန္တလေးမြို့ တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ ဆင်ခြေဖုံး အစွန်အဖျား ရပ်ကွက်များ ဖြစ်ကြသည်။ ထိုနေရာ တဝိုက်တွင် ကျုးကျော်များ အစုလိုက် အပြုံလိုက် နေထိုင်ကြပြီး အိမ်ငှားခ၊ မြေငှားခများ အဆမတန် ဈေးချိုသည်။ ထို့အတွက် လူစုံနေထိုင်ကြပြီး ရာဇဝတ်မှု အများအပြား ဖြစ်ပွားသော နေရာများလည်း ဖြစ်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသော ပင်မနေရာ တစ်ခုလည်းဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ မကြာခဏ နယ်မြေဝင်ရောက် ရှင်းလင်းခဲ့သော်လည်း ရှင်းလင်းပြီး ခဏအတွင်း ပြန်လည် ကျုးကျော်ကြသည့် ကျုးကျော်သံသရာ လည်နေသော နေရာတစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့တွင် ဖြစ်ပွားလျက်ရှိသော ဆိုင်ကယ်ဖြင့် လုယက်မှုများ အဖြစ်များဆုံး နေရာမှာလည်း မြို့အရှေ့တောင်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတွင် ဖြစ်သည်။ မြို့မြောက်ဘက်နှင့် အနောက်ဘက်ပိုင်းမှာ ဖြစ်ပွားမှု အနည်းဆုံးဖြစ်ပြီး ဖြစ်ပွားမှု နည်းရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ မြို့မြောက်ဘက်နှင့် အနောက်ဘက်ပိုင်းမှာ မြို့ခံများ စဉ်ဆက်မပြတ် နေလာခဲ့သော နေရာများဖြစ်ပြီး ကျုးကျော်များ ဝင်ရောက်နေထိုင်ရန် နေရာနည်းပါးသောကြောင့် ဖြစ်သည်။ မြို့အနောက်မြောက်ဘက် ကျွဲစွန်းရှိ ကျုးကျော်များကိုလည်း ဖယ်ရှားကာ တိုက်ခန်းအငှား ချပေးပြီးနောက် ဈေးသစ်ကြီးလည်း ပေါ်ထွက်လာသဖြင့် ယင်းနေရာများတွင်လည်း လုယက်မှု နည်းပါးသွားခဲ့ပြီး ကျွဲစွန်းမြောက်ဘက်ရှိ ညောင်ကွဲသာ ယခုအထိ စည်ပင်က မရှင်းနိုင် သေးသောကြောင့် ကျုးကျော်များ ဆက်လက်တည်ရှိ နေခြင်းဖြစ်သည်။ လုယက်မှု ဖြစ်ပွားသည့် နေရာများကို ပြန်လည်စစ်ဆေးကြည့်လိုက်လျှင် မြို့တောင်ဘက်နှင့် အရှေ့တောင်ဘက် ခြမ်းတွင်သာ အများဆုံး ဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်သည်။

 

လုယက်မှုတွေများလာတာ ရဲတပ်ဖွဲ့မှာပဲ တာဝန်ရှိသလား

မန္တလေးမြို့တွင် ဖြစ်ပွားနေသော လုယက်မှုများ မည်မျှပင် နာမည်ဆိုးဖြင့် ကျော်ကြားလာသနည်း ဆိုလျှင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယ ရဲချုပ်ကြီး ၁ ရဲဗိုလ်ချုပ်မျိုးဆွေဝင်းနှင့် ရဲမှူးချုပ်ဝင်းဗိုလ်တို့ ကိုယ်တိုင် မန္တလေးမြို့အထိ ဆင်းလာကာ မြို့လုံခြုံရေးအတွက် လာရောက်ကွပ်ကဲ ပေးနေသည်ကို မြင်နိုင်ပါသည်။ ၎င်းတို့မလာခင်ကပင် သိမ်းငှက်စစ်ဆင်ရေး ချမှတ်ကာ မန္တလေးမြို့ရှိ ရဲအင်အားသာမက မန္တလေးတိုင်း အတွင်းရှိ ရဲစခန်းများထံမှ တွဲဖက်အနေဖြင့် ရဲအင်အားတောင်းကာ မန္တလေးမြို့လုံခြုံရေးအတွက် ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ သိမ်းငှက် စစ်ဆင်ရေး စီမံချက်အား ပြီးခဲ့သည့် ဇွန် ၂၅ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ဖောက်ထွင်းမှု၊ လုယက်မှု၊ မူးယစ်မှုကျုးလွန်သူ တရားခံ အများအပြားကိုလည်း ဖမ်းဆီးရရှိခဲ့သည်။ ပြစ်မှုကျုးလွန်သူ တရားခံများမှာ အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြား အရွယ်ကောင်း လူငယ်လူရွယ်များလည်း ဖြစ်ကြသည်။ မည်မျှပင် ဖမ်းဆီးနေစေကာမူ လုံခြုံရေး လျော့ရဲသွားသည့် အခြေအနေမျိုးတွင် လုယက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲသာ ဖြစ်နေသည်။ မန္တလေးမြို့ လူငယ်သင်တန်း ကျောင်းတွင် ထိန်းသိမ်းပြုပြင် ပေးထားသည့် ကလေးသုံးရာကျော် (၃၅၉) ဦး ရှိပြီး ခိုးမှုဖြင့် ၁၀၆ ဦး၊ ဖောက်ထွင်း ခိုးယူမှုဖြင့် ၄၆ ဦး၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ၃၇ ဦး၊ မူးယစ်မှုဖြင့် ၃၆ ဦး၊ လူသတ်မှုဖြင့် ၁၃ ဦး၊ လဝက အက်ဥပဒေပုဒ်မ ၆ (၃)ဖြင့် ၅၈ ဦး၊ အခြားပုဒ်မများဖြင့် ၅၃ ဦးရှိသည်။ ယင်းစာရင်းကို ကြည့်ပါက မူးယစ်မှု ကျုးလွန်သူ လူငယ်များထက် ခိုးမှုကျုးလွန်သူ၊ ဖောက်ထွင်းခိုးယူမှု ကျုးလွန်သူ လူငယ်က ပိုမိုများပြားကြောင်း တွေ့ရမည်ဖြစ်သည်။ လူငယ်တွေ ရာဇဝတ်မှု ပိုမိုကျုးလွန်လာတာ ဘာကြောင့်လဲ၊ ဖမ်းဆီးထောင်ချ အရေးယူရုံဖြင့် ယင်းပြသနာများ ပြေလည်သွားမည်လားဆိုသည့် မေးခွန်းများ အများအပြား ကျန်နေပါသေးသည်။

 

လမ်းပေါ် ရာဇဝတ်မှု များပြားတဲ့ ပြဿနာကို တခြားနိုင်ငံမှာ ဘယ်လိုဖြေရှင်းကြသလဲ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့၊ ဆောပေါ်လို (SaoPaulo) စသည့် မြို့ကြီးများသည် လမ်းပေါ် ရာဇဝတ်မှု အများပြားဆုံးသော မြို့ကြီးများဖြစ်ပြီး  ရာဇဝတ်မှု ကျုးလွန်သည့် လူငယ်များကို ခပ်ကြမ်းကြမ်း ကိုင်တွယ်သော စနစ်ကို ကျင့်သုံးသည့် မြို့ကြီးတစ်မြို့လည်းဖြစ်သည်။ ယင်းစနစ်မှာ မအောင်မြင်ခဲ့ပဲ ရာဇဝတ်မှုများကို ပိုမိုတိုးပွား လာစေခဲ့သည်။ ထို့နောက်တွင်တော့ လူတန်းစား မညီမျှမှုများကို လျှော့ချခြင်း၊ ကျောင်းထွက်နှုန်း နည်းပါးအောင် ပြုလုပ်ခြင်း (ကျောင်းတက်စေရန် မက်လုံးပေးခြင်း) နှင့် အလုပ်အကိုင် အခြေအနေများ တိုးတက်အောင် ပြုလုပ်ပေးခြင်းစသည့် နည်းစနစ်များကို အသုံးပြုခဲ့ကြသည်။

အဆိုပါ နည်းစနစ်များတွင် ဘရာဇီးနိုင်ငံ အတွင်းရှိ မြို့ငယ်လေးများ၊ ကျေးလက်ဒေသများမှ မြို့ကြီးများထံ ပြောင်းရွှေ့လာသည့် ရွှေ့ပြောင်းလုပ်သားများကို ဒေသခံများနှင့် တစ်သားတည်းဖြစ်အောင် လုပ်ပေးသည့် စနစ်လည်း ပါဝင်ပါသည်။ ယင်းဗျုဟာကို အသုံးပြုသည့် တာဝန်ရှိသူများက စဉ်းစားသည်မှာ လူငယ်များ ရာဇဝတ်မှုကို လက်ရဲ ဇတ်ရဲ ကျုးလွန်ရဲကြသည်မှာ ရာဇဝတ်မှု ကျုးလွန်သည့် နေရာ၊ ဒေသသည် ၎င်းတို့မွေးရပ်မြေဒေသ မဟုတ်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ဒါ သူတို့မြို၊ ငါ့မြို့မဟုတ်ဘူး ဆိုသည့် စိတ်အခံရှိသော လူငယ်တစ်ယောက်သည် ရုန့်ရင်းကြမ်းတမ်းသော ရာဇဝတ်မှုများကို ကျုးလွန်ရန် ဝန်လေးမည် မဟုတ်ပေ။ သို့သော် ဒါဟာ ငါ့မြို့၊ ငါ့ဒေသ၊ ဒီလူတွေက ငါတို့မြို့သားတွေဆိုသည့် စိတ်အခံ ရှိသွားလျှင်မူ အဆိုပါ လူငယ်သည် ရာဇဝတ်မှုများကို ကျုးလွန်ရန် အခွင့်အလမ်း နည်းသွားမည်ဟု ယူဆကာ အကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်သည်။ တခြားဒေသမှ လာသော ကျုးကျော်နေထိုင်ကြသည့် လမ်းပျော် လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ နားခိုရန် ဂေဟာများ ဖွင့်လှစ်ပေးကြသည်။ ၎င်းတို့နေထိုင်ရန် တိုက်ခန်းတွဲကြီးများ ဆောက်လုပ်ပေးကြပြီး အငှားစနစ်ဖြင့် နေထိုင်စေသည်။ အလုပ်အကိုင်များကို အစိုးရက ဦးစီးဦးဆောင်ပြုကာ အလုပ်ရှာပေးသည်။ ကျုးကျော်များ၊ လမ်းပျော်လူငယ်များကို အလုပ်ပေးသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခြင်း၊ အခွန်လျှော့ကောက်ခြင်း စသည့်မက်လုံးများ ဖန်တီးပေးသည်။ ဒေသခံများနှင့် အပေါင်းအသင်းဖြစ်ကာ ဝင်ဆံ့စေရန် ဘုရားကျောင်းများသို့ ဖိတ်ခေါ်စေခြင်း၊ ဘောလုံးကလပ်များ၊ တင်းနစ်၊ စစ်တုရင်၊ ရေကူးစသည့် အားကစားကလပ်များသို့ လမ်းပျော်လူငယ်များကို အသင်းဝင်စေကာ ဒေသခံလူငယ်များနှင့် ရင်းနှီးမှု ရယူစေသည်။ မှုခင်းဖြစ်ပွားမှု အများဆုံး နေရာများကို အထူးကြပ်မတ်ကာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချသည်။ ပြစ်မှုကျုးလွန်သည့် လူငယ်များကို ထောင်ထဲတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများ မသင်မနေရ သင်ယူစေသည်။ ထောင်မှ ထွက်လာပြီးနောက် ပြန်လည်ထူထောင်ရေး စခန်းများတွင် ၎င်းတို့ဘဝကို ပြန်စရန် ကူညီပေးသည်။ ရာဇဝတ်မှု ကျုးလွန်သူများကို ရှောင်ကြဉ်မှု မရှိစေပဲ နွေးထွေးစွာ ကြိုဆိုစေသည်။ လုံခြုံရေးကဏ္ဍတွင်လည်း ပြစ်မှုများ ဖြစ်ပွားပြီးမှ လုံခြုံရေး တင်းကျပ်ခြင်းထက် ပြစ်မှုမဖြစ်ပွားစေရန် လိုအပ်သည့် အစီအမံများကို ပိုမိုလုပ်ဆောင်ရင်း ကာကွယ်ရေးကို ဦးစားပေးခဲ့သည်။ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိများကိုလည်း ကောင်းမွန်သည့် အထောက်အပံ့များ ပေးအပ်ကာ ၎င်းတို့ကို စိတ်ဓာတ်တက်ကြွ စေခဲ့သည်။ ယင်းပရိုဂရမ်အား နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ ရီယိုဒီဂျနေးရိုးမြို့တွင် ရှေ့ပြေးအစီအစဉ် (Pilot Programme) အဖြစ် ဆောင်ရွက်ခဲ့ပြီး အောင်မြင်သည့် အလျောက် တခြားမြို့ကြီးများတွင်လည်း ယင်းအစီအစဉ်များကို ဆက်လက်ကျင့်သုံး ခဲ့ကြသည်။ ရလဒ်အနေဖြင့် ၂၀၀၀ ပြည့်နှစ် ၂၀၁၀ ကြား ၁၀ နှစ်တာကာလ မှုခင်းဖြစ်ပွားမှုနှုန်းကို သုံးသပ်ကြည့်ပါက ဆော်ပေါ်လိုမြို့တွင် လူသတ်မှု ဖြစ်ပွားနှုန်းသည် ၆၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး ဘဟီးယား (Bahia) ပြည်နယ်တွင် ၃၀၃ ရာခိုင်နှုန်း၊ အလာဂို့စ် (Alagoas) တွင် ၁၆၀ ရာခိုင်နှုန်း၊ ပါရာ (Para) တွင် ၂၅၃ ရာခိုင်နှုန်းထိ ကျဆင်းလာခဲ့ကြောင်း ကမ္ဘာ့ဘဏ် (The World Bank) က သတင်းထုတ်ပြန်ခဲ့သည်။

 

မန္တလေးမြို့ကို ရွှေ့ပြောင်းလာတဲ့ လူငယ်တွေ အဆင်ပြေကြရဲ့လား

ကျေးလက်ဒေသ အသီးသီးတွင် အထွေထွေ လိုအပ်ချက်များကြောင့် ထိုင်း၊ မလေးရှား စသည့်နိုင်ငံများကို လူငယ်အများအပြား အလုပ်သွားရောက် လုပ်ကိုင်နေကြသည်မှာ အများသိပြီးသားဖြစ်သည်။ တချို့လူငယ်များကတော့ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက် မလုပ်ကြဘဲ မန္တလေး၊ ရန်ကုန် စသည့်မြို့ကြီးများသို့ ပြောင်းရွှေ့လာကြသည်။ ထိုလူငယ်များ၊ မိသားစုများ အဆင်ပြေကြပါရဲ့လား။

မန္တလေးမြို့တွင် အလုပ်လျှောက်မည်ဆိုလျှင် အနိမ့်ဆုံး သန့်ရှင်းရေး ဝန်ထမ်းအဖြစ် လျှောက်ထားမည်ဆိုလျှင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ လိုအပ်မည်ဖြစ်သည်။ ထိုထောက်ခံစာများ ရရှိရန်အတွက် အိမ်ထောင်စုစာရင်း ရှိရမည်ဖြစ်သည်။ တောကျေးလက် ဒေသများတွင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ရှိသူ အလွန်နည်းပါးပါသည်။ အထူးသဖြင့် တောရွာများမှ မြို့ပေါ်သို့ ရရာအလုပ် လုပ်ကိုင်ရန် ထွက်ခွာလာခဲ့သူများမှာ ယင်းလို အပ်ချက်ကို ဖြည့်ဆည်းရန် ပိုမိုခဲယဉ်း နေကြပါသည်။ အဝတ် တစ်ထည်၊ ကိုယ်တစ်ခုဖြင့် ထွက်လာခဲ့ကြသူ များပါသည်။ မည်ကဲ့သို့ ထောက်ခံစာ ယူကြပါမည်နည်း။ အလုပ်ပေါသည့် ဈေးချိုတော်ကဲ့သို့ နေရာမျိုးတွင် ဝင်အလုပ်ရှာရန်လည်း ခဲယဉ်းပါသည်။ မန္တလေးသည် ယခုထိ လူရင်းမှသာ ယုံကြည်တတ်သောအကျင့် ရှိပါသေးသည်။ မည်သည့် ဒေသက လာမှန်းမသိသော၊ မည်သည့် အထောက်အထားမှ မရှိသော လူများကို အလုပ်ပေးရန်အတွက် လုပ်ငန်းရှင် အများအပြားက ငြင်းဆန်လေ့ ရှိတတ်သောကြောင့် အဝေးနယ်များမှ လာရောက်ကာ ဝင်ငွေတခု ရရှိနိုင်မည့် အလုပ်များကို ရှာဖွေနေသော လူငယ်များအတွက် အလုပ်တခုရရန် အလွန်ခဲယဉ်းလှပါသည်။ ၎င်းတို့ပုံမှန် လုပ်ကိုင်ရသည်မှာ ထောက်ခံစာ မလိုအပ်သော လမ်းလုပ်သား၊ ပန်းရန်လုပ်သား၊ ကျောက်သယ်၊ မြေတူး၊ စက်ရုံအခြေခံလုပ်သား စသည့် အလုပ်ကြမ်းများသာဖြစ်ပြီး ၎င်းတို့ကဲ့သို့ ရွှေ့ပြောင်းလာသူ အချင်းချင်းသာ ပေါင်းသင်းနေကြရသည်။ ယခုနောက်ပိုင်း စီးပွားရေး အဆင်မပြေမှုများ ကြုံတွေ့လာရပြီးနောက် လုပ်ငန်းရှင် အများအပြားလည်း လုပ်ငန်းကို “မှေး” ထားကြသည့်အတွက် အလုပ်သစ်ရှာရသည်မှာ ယခင်ကကဲ့သို့ လွယ်ကူမှု မရှိတော့ပေ။ ထိုအခါ ရွှေ့ပြောင်းလာသည့် လူငယ်များသည် ရရာအလုပ်ကို လုပ်ကြရင်း ရသည့်နည်းဖြင့် ငွေရှာရန် ကြိုးစားလာကြတော့သည်။ ဤသည်လည်း လမ်းပေါ်ရာဇဝတ်မှု တိုးပွားလာစေသည့် အကြောင်းခြင်းရာတစ်ခု ဖြစ်လာပါတော့သည်။

 

လမ်းပေါ်ရာဇဝတ်မှု တိုးပွားလာစေသည့် ဒုတိယအကြောင်းရင်းတစ်ခု

လမ်းပေါ်ရာဇဝတ်မှု တိုးပွားလာစေသည့် ဒုတိယအကြောင်းရင်း တစ်ခုမှာ သိမ်းငှက်စစ်ဆင်ရေးနှင့် ဆက်စပ်နေပါသည်။ မန္တလေးမြို့တွင် ငါးမန်းဂိမ်းဆိုင်များ ယခင်က အလုံးအရင်းနှင့် ရှိခဲ့ပါသည်။ ဈေးချိုတော် အနီးအနားတွင်ပင် ငါးမန်းဂိမ်းဆိုင်များ ငါးဆိုင်နှင့် အထက်မှာရှိပြီး ၆၂လမ်း၊ မနော်ဟရီ၊ မြို့သစ်ဘက်များတွင် ငါးမန်းဂိမ်းဆိုင်များ ၁၀ ဆိုင်နှင့် အထက်တွင် ရှိပါသည်။ အဆိုပါ ငါးမန်းဂိမ်းဆိုင်များ၏ ငွေဝင်၊ ငွေထွက်မှာ ကြမ်းတမ်းလှသည့်အတွက် ငွေကြေးရှုံးနိမ့်သူများက ဆိုင်ရှင်ကို ရန်ရှာခြင်း၊ ပြန်လည် လုယက်ခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆိုင်ရှင်များက လူမိုက်များအား အုပ်စုလိုက်ငှားရမ်းကာ အစောင့်အကြပ် ချထားခဲ့ကြသည်။ ငါးမန်းဂိမ်းဆိုင် တစ်ဆိုင်လျှင် လူမိုက်ငါးယောက် အနိမ့်ဆုံးရှိပြီး နေ့ဆိုင်း ညဆိုင်းဖြင့် လဲလှယ် စောင့်ကြပ်ကြသည်။ သိမ်းငှက်စစ်ဆင်ရေး စတင်ပြီးနောက် ယခင်ကကဲ့သို့ ညှိနှိုင်းမရတော့ပဲ ငါးမန်းဂိမ်းဆိုင်များအားလုံး လုံးဝပိတ်သိမ်း လိုက်ရသည်။ ယင်းမှာ သိမ်းငှက်စစ်ဆင်ရေး၏ ကောင်းကျိုးတစ်ရပ် ဖြစ်သော်လည်း နောက်ဆက်တွဲ မေးခွန်းမှာ ငါးမန်းဂိမ်းဆိုင်များက အလုပ်ခန့်ထားသော ရာဂဏန်းရှိသည့် လူမိုက်များ ယခု ဘာလုပ်နေကြသလဲဆိုသည့် မေးခွန်းဖြစ်သည်။ လုယက်မှု ဖြစ်စဉ်များကို ပြန်အစကောက်ကြည့်လျှင် ယခင်က ဖြစ်ပွားခဲ့သော လုယက်မှုများမှာ ပစ္စည်းရလိုမှုသာ များပြားပြီး ယခုနောက်ပိုင်းတွင်မူ လက်ရဲဇက်ရဲ ကျုးလွန်သော လုယက်မှုများ ပိုမိုများပြား လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းလူမိုက်များကို ကိုင်တွယ်ထိန်းချုပ် ပြုပြင်ရန်အတွက် သင့်လျော်သော နည်းလမ်းတစ်ခုကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ထို့အတူပင် မူးယစ်ဆေးဝါး ရောင်းချသူ အများစုမှာလည်း သိမ်းငှက်စစ်ဆင်ရေးကို ကြောက်လန့်သည့်အတွက် မူးယစ်ဆေးဝါး ရောင်းချမှုများကို ရပ်နားထားကြကြောင်း သိရသည်။ မူးယစ်ဆေးဝါး ရောင်းချသူများသည်လည်း လူမိုက်များကို ငှားရမ်းထားပြီးမှ ရောင်းချကြခြင်းဖြစ်သည်။ ၎င်းတို့ အလုပ်မရှိတော့သည့်အခါ ၎င်းတို့ငှားရမ်းထားသည့် လူမိုက်များ ဘယ်ကို ရောက်သွားမည်နည်း။ သေချာပါသည်။ လမ်းပေါ် တက်လာမည် ဖြစ်ပါသည်။ လုံခြုံရေးအင်အား တင်းကျပ်နေသော အချိန်မျိုးတွင် အသာလျှိုနေမည်ဖြစ်ပြီး လုံခြုံရေးအင်အား အနည်းငယ် လျော့သွားသည်နှင့် ပြန်လည် လုယက်ကြမည်သာ ဖြစ်သည်။ ၎င်းတို့အတွက် မန္တလေးမြို့သည် တစိမ်းမြို့တစ်မြို့၊ ငွေလွယ်လွယ်ကူကူ ရှာ၍ရသောမြို့တစ်မြို့ အဖြစ်သာ မြင်နေကြပြီး မန္တလေးမြို့၊ ငါ့မြို့ဟူသော စိတ်ခံစားချက် မရှိကြသေးသည်ကို အလွယ်တကူ တွေ့နိုင်ပါသည်။ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များမှာလည်း သိမ်းငှက် စစ်ဆင်ရေး ကာလအတွင်း လွန်စွာပင်ပန်းနေကြပြီဖြစ်သည်။ ညဦးပိုင်း လှည့်ကင်းလှည့်ရသည်။ ထို့နောက် ယာဉ်စစ်ဆေးရာတွင် ပါဝင်ရသည်။ ထို့နောက် သန်းခေါင်ယံ လှည့်ကင်းတစ်ကြိမ် လှည့်ရသည်။ နံနက်ရောက်သောအခါ တရားခံရုံးထုတ် လိုက်ပို့ရသည်။ တရားခံ အဖမ်းထွက်ရသည်။ လုံလောက်သော အနားယူချိန်၊ လုံလောက်သော အထောက်အပံ့ မရှိဘဲ လုပ်ကိုင်နေရသည့် ရဲတပ်ဖွဲ့ဝင်များသည် လုံလောက်သော စွမ်းဆောင်မှုကို ပြသနိုင်ဖို့ မသေချာတော့ပါ။

 

ရွှေ့ပြောင်းလာသူတွေကို မက်လုံးပေးပါ မျှော်လင့်ချက်ပေးပါ

မန္တလေးမြို့တွင် ညပိုင်း လုယက်မှုများ အဆက်မပြတ် ဖြစ်လာပြီးနောက် မြို့ခံအများစုလည်း အတော်လေး ကြောက်ရွံ့သွားပုံပေါ်သည်။ အထူးသဖြင့် မနော်ရမ္မံရှေ့တွင် ဆိုင်ကယ်ပေါ်ထိုင်ကာ ဖုန်းပြောနေစဉ် လည်ပင်းကိုဓားဖြင့် စိမ်ပြေနပြေလှီး၍ ဆိုင်ကယ်ယူ ပြေးသွားသည့်ဖြစ်စဉ်၊ စက်မှုဇုန်ထဲတွင် မိမိဘာသာမိမိ ဆိုင်ကယ်စီးသွားနေစဉ် ကလေးအရွယ် လူငယ်အုပ်စုက ဓားဖြင့် အသားလွတ် ဝင်ခုတ်သည့် ဖြစ်စဉ်များ စဉ်ဆက်မပြတ် လူမှုကွန်ရက် Facebook တွင် တက်လာပြီးနောက် မြို့ခံလူငယ်များ ကိုယ်တိုင် ည ၁၂ နာရီ နောက်ပိုင်း အပြင်ထွက်ရန် ကြောက်လန့် ကုန်ကြတော့သည်။ ယခင်ကဆိုလျှင် ည ၁၂ နာရီ၊ ၁ နာရီထိ စည်ကားနေသော ကျုံးတောင်ဘက်မှာ ယခု ၁၁ နာရီခန့် ဆိုလျှင်ပင် လူငယ်များ တော်တော်နည်းပါးသွားပြီ ဖြစ်သည်။ ၈၄ လမ်း၊ ၂၆ လမ်း၊ ၃၅ လမ်း စသည့် မန္တလေးမြို့၏ အစည်ကားဆုံးသော လမ်းမကြီးများတွင် ည ၁၁ နာရီခန့်ဆိုလျှင် လူသွားလူလာ တော်တော်လေးကို နည်းပါးသွားပြီဖြစ်သည်။ လုယက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း အထူးအင်အားစိုက်ကာ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြပါသည်။ သို့သော် ယင်းသို့လုပ်ဆောင်နေခြင်းသည် ဆေးမြီးတိုမျှသာဖြစ်သည်။ အလုပ်လက်မဲ့ ဖြစ်နေသော၊ ပညာမတတ်သော ကျုးကျော်များ၊ ရွှေ့ပြောင်း လုပ်သားများသည် မန္တလေးမြို့တွင် အမှန်တကယ် စွဲကပ်နေသော လုယက်မှု ကင်ဆာရောဂါဆိုးကြီးဖြစ်ပြီး လုယက်မှုများ ဆက်တိုက်ဖြစ်ပွားမှ ဘီယာဆိုင်များကို စောစောပိတ်စေခြင်း၊ လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်များအား ပိတ်ဆို့စစ်ဆေးခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား လှည့်ကင်းများ ပိုမိုလှည့်စေခြင်း စသည့် လုပ်ဆောင်ချက် ဆေးမြီးတိုများသည် ယင်းကင်ဆာရောဂါ ဆိုးကြီးအား ခေတ္တခဏသာ သက်သာစေမည်ဖြစ်သည်။ အချိန်တန်လျှင် ပြန်ပေါ်လာမည်ဖြစ်သည်။ အရေးကြီးသည်မှာ ယင်းအလုပ်လက်မဲ့ ဖြစ်နေသော၊ ပညာမတတ်သော ကျုးကျော်များ၊ ရွှေ့ပြောင်း လုပ်သားများသည် မြန်မာနိုင်ငံ သား စစ်စစ်များဖြစ်ကြသည့်အတွက် ၎င်းင်း တို့ကို မန္တလေးမြို့ အသိုင်းအဝိုင်းမှ ဖယ်ထုတ်ရှောင်ကြဉ်သည့်နည်းသည် အဆင်မပြေနိုင်ပါ။ ၎င်းတို့ကို အလုပ်အကိုင် ဖန်တီးခြင်း၊ ပညာသင်ပေးခြင်း၊ မန္တလေးမြို့ လူမှုအသိုင်းအဝိုင်းသို့ ဆွဲခေါ်ကာ ဒါမန္တလေးမြို့ မဟုတ်ဘူး။ မင်းတို့မြို့၊ မင်းတို့ဒီမြို့မှာ နေစရာရှိတယ်။ အလုပ်ရှိတယ်။ မင်းဘဝအတွက် မျှော်လင့်ချက် ရှိတယ်ဆိုသည့် ဘဝတစ်သက်စာ မျှော်လင့်ချက် (life-long hope) ပေးခြင်းကသည်သာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ကြောင်း ယခင်မရမ်းခြံ၊ ကျွဲစွန်းရှိ တရိုးဘေး ကျုးကျော်နေရသည့်ဘဝမှ ယခုတိုက်ပေါ် ရောက်သွားသည့် ကျုးကျော်များကြား ရာဇဝတ်မှု နည်းပါးလာခြင်းက အကောင်းဆုံး သက်သေပြနေပြီ ဖြစ်သည်။

 

Most Read

Most Recent