ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ဘယ်လောက် စိတ်ဝင်စားကြမလဲ

ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ဘယ်လောက် စိတ်ဝင်စားကြမလဲ
Published 10 September 2018

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ် မော်မေ့ကျေးရွာ၌ လာရောက်မဲပေးနေကြသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)

(၁)

၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ခုနစ်နေရာနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွေကတော့ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်နဲ့ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်တို့ပဲ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် မဲဆန္ဒနယ်မြေတွေကတော့ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ်အမှတ်(၁)၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ်အမှတ်(၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ်အမှတ်(၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူး မဲဆန္ဒနယ်အမှတ်(၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်အမှတ်(၂)နဲ့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ်(၂)တို့ပဲ ဖြစ်ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်က ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကလည်း လစ်လပ် နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ရခိုင်အမျိုးသား ပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကွယ်လွန်ခဲ့တာကြောင့် လွှတ်တော်အသီးသီးမှာ ကွယ်လွန်သူ ၁၂ ဦးရှိလာပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ ဖြစ်သွားတာကြောင့် လစ်လပ်တစ်နေရာ၊ မင်းဘူးမြို့နယ် မကွေးတိုင်း လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးနေမျိုးကျော်က နုတ်ထွက်ခဲ့တဲ့အတွက် လစ်လပ်တစ်နေရာဖြစ်ပြီး ကျန်မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်တွေကတော့ ကွယ်လွန်ခဲ့တာကြောင့် လစ်လပ်မဲဆန္ဒနယ်တွေ ဖြစ်နေတာပါ။

(၂)

လာမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်စုစုပေါင်း  ၆၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ကနေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၆၉ ဦးက ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လစ်လပ် ၁၃ နေရာအတွက်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကသာ နေရာပြည့် ယှဉ်ပြိုင်မှာဖြစ်ပြီး အဓိကပြိုင်ဘက် ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ လစ်လပ် ၁၀ နေရာမှာသာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ဒီနှစ် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စု လယ်သမား၊ အလုပ်သမား အင်အားစုပါတီ၊ ရှမ်းနီ(တိုင်းလိုင်)နဲ့ မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသား ဒေသခံဖွံ့ဖြိုးရေး ပါတီတို့ကလည်း ဝင်ရောက်ယှဉ် ပြိုင်ကြမှာပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတဲ့ ပါတီတွေအထဲက မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊  ပြည်သူ့ အလုပ်သမားပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း တည်ထောင်ခွင့်ရတဲ့ ပါတီတွေဖြစ်ပြီး ရွေးကောက်ပွဲ ပထမဆုံး ယှဉ်ပြိုင်မယ့် မျက်နှာသစ်ပါတီတွေလည်း ဖြစ်ပါတယ်။

(၃)

၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၉ ရက်ကနေ ၂၂ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက် ပွဲအဖွဲ့ခွဲတွေနဲ့ ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေမှာ ပထမအကြိမ်အဖြစ် ကပ်ထားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်း လာရောက်ကြည့်ရှုဖို့ကို လည်း တိုက်တွန်းထားပါတယ်။

ဒါ့ပြင် မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)နဲ့ မဲစာရင်းမှာ အမည်ထည့်သွင်းဖို့ တောင်းဆိုခြင်း၊ မပါဝင်သင့်သူတွေ ပါဝင်နေပါက ပုံစံ(၄)နဲ့ ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက် အလက်မှားယွင်းပါက ပုံစံ(၄-ဂ)နဲ့ ပြင် ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒီလို ပထမအကြိမ် မဲစာရင်းကပ်ထားပြီးချိန်မှာ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းစတဲ့ အချက်တွေ ဆောင်ရွက်ပြီးပါက အောက်တိုဘာမှာ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ မဲစာရင်းတွေကို ထပ်မံကပ်ထားပြီး ကြေညာသွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုတွေကို ထပ်မံဆောင်ရွက်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

(၄)

၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ NLD အစိုးရလက်ထက်မှာ ဒုတိယအကြိမ်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ၂၀၁၇ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်တုန်းက လစ်လပ်မဲဆန္ဒနယ် ၁၉ ခု ရှိပြီး ပြည်သူ့လွှတ်တော် ကိုးနေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ခုနစ်နေရာ ရှိခဲ့ပါတယ်။

ပါတီ ၂၄ ပါတီက ကိုယ်စား လှယ်လောင်း ၉၄ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုးနေရာမှာ NLD ပါတီက ငါးနေရာ၊ SNLD ပါတီက နှစ်နေရာ၊ USDP ပါတီနဲ့ ANP ပါတီက တစ်နေရာစီ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် သုံးနေရာမှာတော့ NLD ပါတီကပဲ သုံးနေရာလုံးကို အနိုင်ရရှိခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ခုနစ်နေရာမှာတော့ SNLD ပါတီက လေးနေရာ၊ NLD ၊ USDP နဲ့ AND ပါတီတို့က တစ်နေရာစီ အနိုင်ရရှိခဲ့ကြပါတယ်။

(၅)

မြန်မာနိုင်ငံမှာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်လုပ်ခဲ့ပါတယ်။

အရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် လုပ်ခဲ့ပြီး အခု NLD အစိုးရ လက်ထက် ၂၀၁၇ မှာ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ခြောက်နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာ စုစုပေါင်း ၄၅ နေရာအတွက် ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက NLD ပါတီအနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို စတင်ဝင်ရောက် ယှဉ်ပြိုင်တဲ့ အတွက် မဲပေးတဲ့ မဲဆန္ဒရှင်ဦးရေ ရာခိုင်နှုန်းဟာ သိသိသာသာ များခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ၃၇ နေရာအတွက် စုစုပေါင်းမဲပေးနိုင်သူ ၄,၆၈၃,၂၃၁ ဦး ရှိခဲ့ပြီး လာရောက် မဲပေးသူဦးရေက ၂,၈၇၇,၄၆၅ ဦး ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော်ရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ခြောက်နေရာအတွက် စုစုပေါင်း မဲပေးနိုင်သူ ဦးရေ ၁,၄၉၂,၇၂၄ ရှိတဲ့ အထဲမှာ လာရောက်မဲပေးသူဦးရေက ၉၃၅,၄၅၁ ရှိတဲ့အတွက် ၇၅ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် နှစ်နေရာအတွက် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၃၃,၃၃၀ ရှိတဲ့ အထဲမှာ ၇၅,၀၁၉ ရှိတဲ့အတွက် ရာခိုင်နှုန်းထက်ဝက်ကျော်က မဲပေးခဲ့ပါတယ်။

(၆)

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲထက် လစ်လပ်မဲဆန္ဒနယ် နေရာလျော့နည်းသွားသလို မဲပေးသူဦးရေကလည်း ကျဆင်းခဲ့ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုးနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁,၂၁၂,၄၀၀ ရှိတဲ့အထဲမှာ လာရောက်မဲပေးသူက ၄၃၀,၄၁၉ သာ ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၃၅ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ မဲပေးခဲ့ပါတယ်။

အမျိုးသားလွှတ်တော် သုံးနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၉၉,၉၆၅ ရှိတဲ့အထဲမှာ ၂၄၃, ၅၉၀ သာ လာရောက်မဲပေးတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၃၄ ဒသမ ၈၀ ရာခိုင်နှုန်းသာရှိခဲ့ပါ တယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ခုနစ်နေရာအတွက် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၂၆,၁၅၃ ရှိတဲ့အထဲမှာ ၁၁၀, ၉၀၀ ကသာ မဲလာပေးတဲ့အတွက် ၄၉ ဒသမ ၀၃ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ပါတယ်။

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးတဲ့သူအရေအတွက်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပါက အမှန်တကယ် ကျဆင်းခဲ့တာ အသေအချာပါပဲ။

ဒီကိန်းဂဏန်းတွေက ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဝင်စားမှု လျော့ကျလာတာကို ညွှန်းဆိုနေပါတယ်။

(၇)

လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှုက ဘယ်လိုရှိနိုင်ပါသလဲ။

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ၂၀၁၈ ဇူလိုင် ၁၃ ရက်မှာ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲအကြို စစ်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ နိုဝင်ဘာမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေရဲ့ သိရှိမှုနဲ့ ပါဝင်လိုစိတ်အတိုင်းအတာကို သိရှိနိုင်ဖို့ ဇွန် ၂၉ ရက်နဲ့ ၃၀ ရက် မှာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့ လှုပ်ရှားမှုအဖွဲ့PACE ကနေ ရွေးကောက်ပွဲအကြိုကာလ စစ်တမ်းတစ်ခုကို လစ်လပ်မဲဆန္ဒနယ် ၁၂ ခု (မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်မပါ)ကောက်ယူခဲ့ရာမှာ စစ်တမ်းကောက်ယူသူ ၁၂၂ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုပေါင်း ၁၂၂၀ ကို ပြုလုပ်ပြီး ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မှာကို လစ်လပ်မဲဆန္ဒနယ် ၁၂ နေရာက လူဦးရေ ၄၈ ရာခိုင်နှုန်းသာ သိရှိခဲ့ပြီး မဲစာရင်းကြေညာမှာကိုလည်း လူဦးရေ ၃၃ ရာခိုင်နှုန်းလောက်ကသာ ကြားမိတယ်လို့ PACE အဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

“အကျဉ်းချုပ်ကတော့ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာကို သိရှိတဲ့သူက တစ်ဝက်နီးပါးလောက်ပဲရှိတယ်။ ပိုပြီးအရေးကြီးတာက မဲဆန္ဒရှင်စာရင်း ကြေညာပြသနေတာကို သိသလားလို့ပြောတဲ့အခါမှာ သုံးပုံတစ်ပုံလောက်ကသိတယ်။ အဲဒီအရေအတွက်က အရမ်းမနည်းပေမယ့် နည်းတယ်လို့ ပြောလို့ရတယ်” လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဇူလိုင် ၁၃ ရက်က ရန်ကုန်မြို့ ပတ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်တဲ့ “ ရွေးကောက်ပွဲအကြို ကာလ  သဘောထားအမြင်စစ်တမ်း ကနဦး အစီရင်ခံစာ” ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ဒါ့ပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးသူ ၆၉ ရာခိုင်နှုန်းပဲရှိပြီး ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ မဲပေးသူ ၃၄ ရာ ခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို သိရှိသူက ၄၈ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ၂၀၁၇ နဲ့ နှိုင်းယှဉ်ပါက မဲဆန္ဒရှင်တွေ သိရှိမှုနဲ့ စိတ်ဝင်စားမှုက နည်းသွားတယ်လို့ ဆိုပါတယ်။

“၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆို နိုင်ငံသားတွေရဲ့ သိရှိမှုက စိတ်ဝင်စားမှု ပိုပြီးတော့ နည်းသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ ကောက်လို့ရတယ်”လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

(၈)

PACE အဖွဲ့ရဲ့ စစ်တမ်းနဲ့ပြောကြားချက်တွေအရ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ကျင်းပတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ကျင်းပမယ့် မဲဆန္ဒနယ် ၁၂ နေရာက မဲဆန္ဒရှင် ၄၈ ရာခိုင်နှုန်း ကပဲ သိတယ်ဆိုတော့ မဲပေးသူ ရာခိုင်နှုန်း ဆက်လက်ကျဆင်းဖို့ ရှိနေတဲ့ အနေအထားပါ။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တချို့က ဒေသခံတွေအချို့နဲ့ ရပ်ကျေးအုပ် ချုပ်ရေးမှူးတချို့ကို Eleven Media Group က ဆက်သွယ်မေးမြန်းရာမှာ အားလုံးနီးပါးက ကြားဖြတ် ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေက စိတ်ဝင်စားမှု လျော့ကျတယ်လို့ ဖြေဆိုကြပါတယ်။

ဘာကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေအပေါ်မှာ စိတ်ဝင်စားမှုလျော့ကျလာရပါသလဲ။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်အချို့က ဒေသခံအများစု ဖြေဆိုတာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ကိုင်ဆောင် ရွက်မှုတွေက အားနည်းမှုတွေရှိနေတဲ့အတွက် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါးလာတာလို့ မှတ်ချက်ပေး ကြပါတယ်။

“ဘာလို့ စိတ်မဝင်စားကြတာလဲဆိုတော့ အဲဒါက လက်ရှိလုပ်ဆောင်ချက်နဲ့ ဆိုင်တယ်လို့ ထင်တယ်။ ပြည်သူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်တော့်အုပ်စုမှာ လက်ရှိအစိုးရနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုက အားနည်းတဲ့အတွက် စိတ်ဝင်စားမှု လျော့လာတာပေါ့။ အဓိကကတော့ ၂၀၁၅ မှာ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်မှု အားနည်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ပြည်သူတွေက စိတ်ဝင်စားမှု လျော့နည်းသွားတယ်” လို့ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဒေသခံ ဦးတင် ဇော်ဦး က “ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေက ဘာလို့ စိတ်မဝင်စားတော့တာလဲဆိုတော့ ၂၀၁၅ တုန်းက ပြည်သူတွေက အိတ်သွန်ဖာမှောက် အကုန်လုံးက စိတ်ဝင်တစားနဲ့ ပေးခဲ့ကြတယ်။ ဒါပေမဲ့ အရွေ့တစ်ခုက နေရာတော်တော်များများမှာ ဖြစ်မလာဘူးဆိုတဲ့အခါကျတော့ ဒါကြီးက ငါတို့သွားပေးလည်း အလကားပါပဲဆိုတာမျိုး၊ နောက်ပြီး သူတို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးပဲ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့လည်း ငါတို့ပြည်သူတွေအပေါ်မှာ စာနာခြင်းမရှိဘူး။ ဘာမှလုပ်ပေးတာလည်း မရှိဘူး။ အဲဒီမက်ဆေ့ချ်က သူတို့ထဲ ရောက်နေတယ်။ ဒါတွေက ဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာတာတွေလို့ ပြောချင်တယ်”လို့ ဆိုပါတယ်။

နောက်ထပ်အကြောင်းပြ ချက်တစ်ခုကတော့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် အစိုးရတစ်ရပ်ကို အပြောင်းအလဲမလုပ်နိုင်တာကြောင့်လည်း ပြည်သူတွေက စိတ်ဝင်စားမှု နည်းသွားတယ်လို့ သုံးသပ်ကြပါတယ်။

“ပြည်သူတွေ ကြားဖြတ်ရွေးကောက်ပွဲကို ဘာကြောင့် စိတ်မဝင်စားသလဲဆိုတော့ အခုလုပ်မှာက နေရာ ၁၃ နေရာအတွက်ပဲ ဆိုတော့ အစိုးရတစ်ရပ်ဖွဲ့လောက်အောင်၊ အပြောင်းအလဲဖြစ်လောက်အောင် အရေးမကြီးတာလည်း ပါမယ်ထင်ပါတယ်။ နေရာ အရေအတွက်ကလည်း နည်းလွန်းအားကြီးတယ်။ နေရာအရေအတွက် နည်းလွန်းတာရယ်၊ အစိုးရအပြောင်းအလဲ မဖြစ်နိုင်ဘူးဆိုတာရယ်၊ နောက်တစ်ချက်က ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူတွေက တာဝန်ကျေပြီ ဆိုတာမျိုး ဖြစ်သွားတာလည်း ပါမယ် ထင်တယ်။ နိုင်ငံရေးစိတ်ဝင်စားမှုအရှိန်က တော်တော်လျော့သွားတယ်။ နောက်ပြီး ဒေသတွင်း စီးပွားရေးအခြေအနေကလည်း နိုင်ငံရေးကို စိတ်ဝင်စားလောက်အောင်၊ တက်တက်ကြွကြွ ဖြစ်လောက်အောင် ကောင်းမွန်တဲ့ အနေအထားလည်း မရှိဘူး။ အဲဒါလည်း ပါမယ်ထင်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တမူးလူငယ်ကွန်ရက်မှ ကိုအောင်သူချမ်းက ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု နည်းပါးတာဟာ လစ်လပ်နေရာနည်းပြီး ပါတီတွေရဲ့ စည်းရုံးလှုံဆော်မှု အားနည်းမှုတွေကြောင့်ဖြစ်တယ်လို့ ပြောကြားလာသူက မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် အမှတ်  ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောထွန်း ဖြစ်ပါတယ်။

“ကိုယ်တို့ မြင်းခြံမှာက လွှတ်တော်အမတ်နေရာ တစ်နေရာအတွက် ပါတီက လေးခုပြိုင်တယ်။ အဲဒီတော့ နေရာကလည်း တစ်နေရာတည်းဆိုတော့ လူထုက စိတ်ဝင်စားမှုကလည်း နည်းတယ်။ အခုတောင် ကိုယ်တို့ရပ်ကွက်မှာ လာစည်းရုံးသွားတာ NLD ပါတီနဲ့ လူ့ ဘောင်သစ်ပါတီပဲ လာပြီးစည်းရုံးထားတာ ရှိတယ်။ စည်းရုံးတဲ့နေရာမှာလည်း လာပြီးပြန်သွားတဲ့ သဘောလောက်ပဲ ရှိတယ်။ ပါတီတွေဘက်ကလည်း လူထုစိတ်ဝင်စားအောင် လုပ်နိုင်မှုက နည်းသေးတယ်” လို့  ဦးစောထွန်းက သူ့အမြင်ကို ပြောပါတယ်။

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာမဲပေးခဲ့တဲ့ ကန်ပက်လက်မြို့နယ် မြို့မ ၂ ရပ်ကွက်မှာနေထိုင်သူ ဦးကီးဘူက         “ကြားဖြတ်ရွေးကောက်ပွဲကို လူထုက ဘာလို့ စိတ်ဝင်စားမှု နည်းလာသလဲဆိုတာ ကျွန်တော့်အမြင်ကို ပြောရရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကြတဲ့သူတွေက ဒေသအတွက် ထူးထူးခြားခြား ပြောင်း လဲပစ်အောင် လုပ်နိုင်တာလည်းမရှိသေးဘူး။ အဲဒီတော့ ဘယ်သူပဲရရ ဘာမှမထူးပါဘူးဆိုတဲ့ စိတ်က ကျွန် တော်တို့ လူထုထဲမှာ ဝင်သွားတယ်လို့ ခန့်မှန်းမိတယ်”လို့ ဆိုပါတယ်။

(၉)

လက်ရှိအချိန်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်မှာ မဲဆန္ဒရှင်အများအပြား မဲပေးမှု မြင့်မားရေးဟာ ဒီမိုကရေစီရွေးကောက်ပွဲတွေအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

ရွေးကောက်ပွဲတွေအပေါ်မှာ ပြည်သူလူထုက စိတ်ဝင်စားမှုလျော့နည်းခဲ့ရင် ဒါမှမဟုတ် မဲလာပေးဖို့ စိတ်ဆန္ဒမရှိခဲ့ရင် ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို ကျောခိုင်းခဲ့ရင် ဒီမိုကရေစီစနစ် ရှင်သန်ရေးဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိသွားနိုင်ပါတယ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကြားဖြတ်ရွေးကောက်ပွဲတွေကို ပြည်သူလူထု စိတ်ဝင်စားမှုလျော့ နည်းလာတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ဖို့ဆိုရင် အရေးအကြီးဆုံးက တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ လိုပါတယ်။ အဲဒီလို ကျင်းပတဲ့အခါမှာလည်း မဲပေးသူပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှသာ ကိုယ့်ဒေသ အကျိုးသယ်ပိုးနိုင်တဲ့ ကိုယ်စားလှယ်လောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွေကို ပြည်သူတွေ စိတ်ပါဝင်စားမှုရှိလာအောင်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လိုက်လံစည်းရုံးပြီး လှုံ့ဆော်မှုများများလုပ်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်တွေကလည်း ရှိနေပါတယ်။

“ပြည်သူတွေ စိတ်ဝင်စားမှု ရှိလာအောင်ဆိုရင် ပါတီတွေကပဲ လှုံ့ဆော်မှရမယ်။ ပါတီတွေက မဲစာရင်းတွေကို တစ်အိမ်တက်ဆင်း ပြောပေးမယ်။ ပြီးရင် စိတ်ဝင်စားအောင် နှိုးဆော်မှုတွေ လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ပါတီတွေ အားလုံးကလည်း အားနည်းတာပါတယ်။ သူတို့ လှုပ်ရှားမှုတွေက တော်တော်အားနည်းတယ်။ ဒီကြားဖြတ်က သူတို့အတွက်လည်း အရေးမကြီးလို့ လားတော့ မသိဘူး” လို့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တမူးလူငယ်ကွန်ရက်မှ ကိုအောင်သူချမ်းက ဆိုပါတယ်။

ဒါ့ပြင် PACE အဖွဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံသားတွေ ပိုမိုစိတ်ဝင် တစားသိရှိရေးအတွက် ဆောင်ရွက်နေတဲ့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေ၊ ကျေးလက်ဒေသနဲ့ အသက် ၁၈-၃၅ နှစ်အကြား လူငယ်တွေကို ဦးတည်တဲ့လုပ်ငန်းစဉ်တွေကို တိုး မြှင့်ဆောင်ရွက်ဖို့နဲ့ မဲဆန္ဒရှင်စာရင်း ပိုမိုမှန်ကန်တိကျစေရေးအတွက် သတင်းအချက်အလက်နဲ့ ဆက် သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး SMS ၊ Mobile App ၊  Online (အင်တာနက်၊ ဝက်ဘ်ဆိုက်) စတာ တွေနဲ့ မဲစာရင်းအလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေသုံးဖို့ ရွေးကောက်ပွဲအကြိုကာလ သဘော ထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာမှာ အကြံပြုထားပါတယ်။

လက်ရှိအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့အချိန်က နှစ်လလောက်သာ လိုပါတော့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ကလည်း ဒုတိယ မဲစာရင်းတွေကို အောက်တိုဘာလထဲမှာ ထပ်ပြီးကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မကြာခင်ကျင်းပတော့မယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲလိုမျိုး လာရောက်မဲပေးသူ နည်းမလား၊ ဒါမှမဟုတ် ပြည်သူလူထုက စိတ်ဝင်တစားနဲ့ လာရောက်မဲပေးမှု များမလားဆို တာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

“ကြားဖြတ်မှမဟုတ်ဘူး။ လာမယ့် ငါးနှစ်တစ်ကြိမ်လုပ်တဲ့ ရွေးကောက်ပွဲတွေမှာ ပါတီကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ရှင်းရှင်းပြောရရင် ကျွန်တော်တို့က နိုင်ငံရေးသမားကောင်းပဲ လိုချင်တာ။ နိုင်ငံရေးပါးဝတဲ့သူတွေ မလိုချင်ဘူး။ တချို့ကကျတော့ နိုင်ငံရေးပါးဝတဲ့သူတွေချည်းပဲ ဖြစ်နေတာ။ သူတို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးလောက်ပဲ သူတို့လုပ်တာ။ တကယ့်ဒေသခံအရေးကို ထဲထဲဝင်ဝင်လုပ်မယ်၊ ကူညီဆောင် ရွက်ပေးမယ်ဆိုရင် စည်းရုံးစရာ မလိုပါဘူး။ နောက်ပိုင်း ပြည်သူက တကယ်ကြိုက်တယ်ဆို ပေးမှာပါ” လို့ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ဒေသခံ ဦးတင်ဇော်ဦး က ဆိုပါတယ်။

Most Read

Most Recent