<

မြန်မာနိုင်ငံကို တရားစွဲဆိုရန် ဥပဒေကြောင်းအရခိုင်မာသည့် အချက်အလက် အထောက်အထားမရှိကြောင်းနှင့် ICC ၏ အရေးယူမှုကိုပယ်ချကြောင်း မြန်မာအစိုးရ ထုတ်ပြန်

စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးဖွယ်ရှိသည်ဟု ပြောကြားလျက် ICC တရားသူကြီးအများစု၏ မြန်မာနိုင်ငံအား အရေးယူရန် ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက စိတ်မကောင်းဖြစ်မိ ကြောင်းနှင့် ချို့ယွင်းချက်ရှိနေသော လုပ်ထုံးလုပ်နည်း၏ အကျိုးရလဒ်ဖြစ်သည့် ဆုံးဖြတ်ချက်နှင့် ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ရောမစတက်ကျူအဖွဲ့ဝင်နိုင်ငံ (ရောမသဘောတူစာချုပ်) မဟုတ်ကြောင်း၊ ICC ၏ စီရင်မှုနှင့်စပ်လျဉ်း၍ လိုက်နာရန် တာဝန်မရှိကြောင်း မြန်မာနိုင်ငံ၏ရည်တည်ချက်ကို ထပ်လောင်းပြောကြားလိုက်သည်။ ဆုံးဖြတ်ချက်သည် ဆိုးရွားသော ယုံကြည်မှု၏ ရလဒ်ဖြစ်၍လုပ်ထုံးလုပ်နည်းအရ နည်းလမ်းမကျခြင်း၊ အထွေထွေပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းတို့ ရှိနေသည်။ အမှုနှင့်မသက်ဆိုင်သော တင်ပြချက်များကို တင်ပြစေရန်အဖွဲ့အစည်းများကို ခွင့်ပြုပေးရာတွင် ၎င်းတို့၏ သရုပ်သကန်ကို မစဉ်းစားခြင်း သို့မဟုတ် ၎င်းတို့၏ အဆိုပြုထားသော အရင်းခံအကြောင်းအရာ၏ အကျိုးပြုသောနယ်ပယ်ကို စဉ်းစားခြင်းမပြုခဲ့ပေ။

တင်သွင်းခဲ့သော အစီရင်ခံစာအတိုချုပ်များသည် ဥပဒေရေးရာပြဿနာရပ်များကို ဖြေရှင်းမပေးခဲ့ပါ။ ထို့ပြင်လည်း ဥပဒေကြောင်းအရ အငြင်းပွားစရာကိစ္စရပ်များနှင့်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ထွန့်ထွန့်လူး ကိုယ် ရေးကိုယ်တာ အဖြစ်ဆိုးများနှင့်သက်ဆိုင်သော နောက်ကြောင်းပြန်ပြောဆိုချက်များ ပါဝင်သောစွပ်စွဲချက်များကို ခွင့်ပြုပေးခဲ့ရာ ယင်းသို့ ခွင့်ပြုပေးခဲ့ခြင်းကအပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ရုံးကို စိတ်ပိုင်းဆိုင်ရာ ဖိအား သက်ရောက်စေခဲ့သည်။ အဆိုပါအဖွဲ့အစည်းများ၏ တွေ့ရှိချက်များ တင်သွင်းခြင်း သည် အပြည်ပြည်ဆိုင်ရာရာဇ၀တ်ရုံးကို  စိတ်ခံစားမှုဆိုင်ရာ တုပ်နှောင်မှုအတွင်း ရောက်ရှိသွားစေမည့် အကျိုးဆက်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးသည် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်စွာ စီရင် ပိုင်ခွင့်မရှိသည့်အနေအထားတွင် တရားစီရင်စေရန် တရားရုံး၏စီရင်မှုကို တောင်းခံရာတွင် တရားစွဲသူသည် ဥပဒေ အပိုဒ် ၁၉ (၃) ကို မှားယွင်းစွာ အသုံးပြုခဲ့သည်ဟု မြန်မာအစိုးရက တရားနည်းလမ်းကျစွာ ပြောကြားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရားသူကြီးတစ်ဦးဖြစ်သည့် မာ့ပါရင်ဒီဘရစ်ချမ်ဘောက်သည်လည်း ဤအမြင်မျိုး ရှိနေသည်ဟုသိရသဖြင့် မြန်မာအစိုးရအနေဖြင့် အားတက်မိကြောင်း၊ ရောမစတက်ကျူဥပဒေတွင် ဥပဒေအပိုဒ် ၁၉ (၃)နှင့် ၁၁၉ (၁)တို့သည် လျှောက်လဲ၍မရနိုင်သော ဥပဒေများဖြစ်ကြပြီး La Competence de la competence စည်းမျဉ်းသည် တရားသူကြီး အဖွဲ့က တရားစီရင်နိုင်စေရန် အခြားနည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု တရားသူကြီး မာ့ပါရင်ဒီဘရစ်ချမ်ဘောက အမြင်ရှိထားကြောင်း ကြားသိရပါကြောင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းဟူသော စွပ်စွဲပြောကြားချက်များသည် မှန်ကန်ခြင်း မရှိပါ။ ပဋိပက္ခတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှင်ထုတ်ခဲ့ခြင်းမရှိကြောင်း၊ အိုးအိမ်ပစ်ပြေးသွားသူများကို ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား ရခိုင်ပြည်နယ်မှ အိုးအိမ်စွန့်ခွာပြေးခဲ့ကြသူများ ပြန်လာနိုင်ရေးနှင့် စပ်လျဉ်း၍ စီစဉ်ထားမှုကဲ့သို့သော နှစ်နိုင်ငံ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် သံအမတ်အပါအ၀င် အိမ်နီးချင်းလေးနိုင်ငံမှ သံအမတ်များနှင့် အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မှထွက်ခွာရန် ပြင်ဆင်နေသူများကို ထွက်သွားခြင်းမပြုရန် ဖျောင်းဖျခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် လက်ရှိအစိုးရတာဝန်ယူပြီးချင်း ရခိုင်အရေးကိုဖြေရှင်းရန် ရခိုင်ပြည်နယ် ငြိမ်းချမ်း၊ တည်ငြိမ်ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီတစ်ရပ် ချက်ချင်းဖွဲ့စည်းခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးစေရေးအတွက် အကြံပြုချက်များပံ့ပိုးပေးရန် (ကွယ်လွန်ခဲ့သူ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို ချက်ချင်းဖွဲ့စည်းခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှု၊ တာဝန်ခံမှုတို့ကိုအားပေးမြှင့်တင်ခြင်း၊ အကောင်အထည်ဖော်ခြင်းဆိုသည့် စည်းကမ်းလိုက်နာသော အနေအထားကို အစိုးရကအကြိမ်ကြိမ် ထပ်လောင်းပြောကြားခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့်ယင်းတို့နှင့်ဆက်စပ်နေသောပြဿနာများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သောစုံစမ်းရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက်တွင် အစိုးရက ဖွဲ့စည်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သော စုံစမ်းရေးကော်မရှင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် လူ့အခွင့်အရေး ပြဿနာရပ်တွင် ကောင်းစွာ တတ်ကျွမ်းသော နိုင်ငံတကာမှထင်ရှားသူ နှစ်ဦးနှင့်အတူ ဥပဒေရေးရာကျွမ်းကျင်၍ ကုလသမဂ္ဂအတွေ့အကြုံရှိသော မြန်မာနိုင်ငံသားများပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် မိမိကိုယ်ပိုင်နယ်နိမိတ်တွင် လူ့အခွင့်အရေးဆိုင်ရာရာဇ၀တ်မှုမှန်သမျှနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို လိုလိုလားလား စုံစမ်းစစ်ဆေးလိုပြီး စုံစမ်းစစ်ဆေးခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊  တရားစီရင်မှုကိုလွန်လွန်ကျွံကျွံ ကျင့်သုံးခြင်းသည် ဥပဒေကြောင်းအရ ခိုင်မာမှုရှိရေးဆိုသော အခြေခံစည်းမျဉ်းကို စိန်ခေါ်ရာရောက်ပြီး လက်ခံထားပြီး အများနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းကမ်းများနှင့် ဖီလာဆန့်ကျင်နေကြောင်း၊ ၎င်းသည် အန္တရာယ်ရှိသော သာဓကတစ်ရပ်ကို ဖန်တီးပေးခဲ့ပြီး ICC ၏ ကျင့်ဝတ်သိက္ခာကို လျော့ပါးစေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

September 8, 2018














Copy Protected by Chetan's WP-Copyprotect.