ရန်ကုန်-ပုသိမ် လမ်းမကြီး ပြင်ဆင်ရေးအတွက် BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက ယာယီလွှဲပြောင်းရယူခဲ့ပြီး လမ်းပိုင်းပြင်ဆင် နေစဉ်အတွင်း လမ်းကြေးကောက်ခံမည်မဟုတ်

ရန်ကုန်-ပုသိမ် လမ်းမကြီး ပြင်ဆင်ရေးအတွက် BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက ယာယီလွှဲပြောင်းရယူခဲ့ပြီး လမ်းပိုင်းပြင်ဆင် နေစဉ်အတွင်း လမ်းကြေးကောက်ခံမည်မဟုတ်
Published 5 September 2018

ပုသိမ်မြို့အဝင်တွင် လမ်းကြေး ကောက်ခံနေသောဂိတ်ကို ဖျက်သိမ်းခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

B.O.T (Build, Operate & Transfer) စနစ်ဖြင့် Oriental Highway ကုမ္ပဏီထံ အငှားချထားသည့် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးမှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီးနောက် BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက စက်တင်ဘာ ၄ ရက် နံနက် ၁ နာရီတွင် ယာယီလွှဲပြောင်းရယူခဲ့ပြီး လမ်းပိုင်းပြင်ဆင်မှုများ စတင်ပြုလုပ်ကာ လမ်းပြင်ဆင်နေချိန်အတွင်း လမ်းကြေးကောက်ခံမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်-ပုသိမ် လမ်းမကြီးသည် Oriental Highway ကုမ္ပဏီထံ BOT စနစ်ဖြင့် အငှားချထားချိန်တွင် လမ်းမကြီးတစ်လျှောက် ဆိုးရွားစွာ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းလမ်းပိုင်းကို ပြန်လည် ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက ADB ချေးငွေဖြင့် ပြင်ဆင်ရန် ပြင်ဆင်ခဲ့ရကြောင်း၊ BOT ချေးငွေဖြင့် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေစဉ်အတွင်း BOT ကုမ္ပဏီထံမှ လမ်းပိုင်းတာဝန်ယူ ကြီးကြပ်ပြင်ဆင်ခြင်းကို လမ်းဦးစီးဌာနက ယာယီလွှဲပြောင်း ရယူထားမည်ဖြစ်ကြောင်း၊ လမ်းပိုင်းပြင်ဆင် နေချိန်အတွင်း လမ်းကြေးကောက်ခံခြင်းကို ယာယီရပ်ဆိုင်းထားပြီး တံတားကြေးများကိုသာ ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း၊ ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းဦးစီးဌာနမှ အထူးအဖွဲ့နှစ်ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လမ်းဦးစီးဌာန အထူးအဖွဲ့ ငါးဖွဲ့က တာဝန်ယူ ပြင်ဆင်မည်ဖြစ်သည်။

“ရန်ကုန်-ပုသိမ် လမ်းမကြီးက ပြည်ထောင်စုက အစီအမံနဲ့ ADB ချေးငွေနဲ့ ပြင်ဆင်ဖို့လုပ်တာပေါ့။ ပြင်ဆင်ဖို့လုပ်နေတဲ့ လုပ်ငန်းစဉ်အတွင်း လုပ်ဆောင်စရာတွေက တစ်နှစ် တစ်နှစ်ခွဲလောက် ကြာဦးမှာပေါ့နော်။ အဲဒီအချိန်အတွင်းမှာ ပြည်သူတွေ သွားလာဖို့ အဆင်ပြေရေးအတွက် ပြည်ထောင်စုအစီအမံနဲ့ လမ်းဦးစီးက ဝင်ပြီးတော့ အဆင်ပြေရေး ကိစ္စတွေကို လုပ်တဲ့သဘောပါ။ လမ်းဦးစီးဌာနက ရန်ကုန်တိုင်းမှာ ဆိုရင်တော့ အဖွဲ့နှစ်ဖွဲ့ ဧရာဝတီတိုင်းမှာဆို ငါးဖွဲ့ပေါ့။ ဒါတွေကို ချက်ချင်းလက်ငင်း ပြင်ဆင်ဖို့ လုပ်နေတယ်။ ရန်ကုန်တိုင်း လမ်းပန်းဝန်ကြီးနဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းပြီးသွားပြီ။ တံတားတွေမှာ ကောက်ခံတဲ့ တံတားကြေးတွေကိုပဲ ဆက်ကောက်ခံပြီးတော့ လမ်းကြေးတွေကိုတော့ ကောက်ခံတော့မှာ မဟုတ်ဘူး။ တန်ပိုထိန်းသိမ်းခြင်း တွေလည်း ဆက်လက်လုပ်ဆောင်မှာပါ။ အခုလောလောဆယ်တော့ ADB မစတင်ခင်မှာ ဒီလမ်းကို လမ်းဦးစီးဌာနကပဲ ယာယီထိန်းသိမ်းထားမယ်။ ပြီးရင်တော့ ADB လုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင် သွားမယ်ပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ကျွန်တော်တို့တွေက ဒီလမ်းပိုင်းမှာ အမြဲတမ်း သွားလာနေရတာ။ အခုလို လမ်းကြေးပိတ်သိမ်းလိုက်တော့ အများကြီး ခံသာသွားတာပေါ့။ အခုလို ဆီဈေးတွေကတက်၊ တန်ဆာခက မကောင်းတော့ လမ်းကြေး တံတားကြေးတင် အသွားအပြန်တင် လေးသောင်းကျော်တယ်ဆိုတော့ အများကြီး ခံသာသွားတာပေါ့။ အခုလမ်းဦးစီးဌာနက လမ်းပျက်နေတာကို ဖာတော့ဖာပေးတယ်။ အရင်ကထက် စာရင်တော့ နည်းနည်းတော်ပါတယ်။ အရင်က ချိုင့်ခွက်တွေချည်းပဲ။ ကားကတစ်ခေါက်သွားရင် လေးနှစ်ချောင်းလောက် ကျိုးတယ်။ အခုကတော့ အများကြီး သက်သာတယ်လို့ ပြောရမှာပဲ” ဟု ရန်ကုန်-ပုသိမ် ကားလမ်းမကြီးကို နေ့စဉ်အသုံးပြုနေရသည့် ကုန်တင်ယာဉ်မောင်း ကိုသိန်းဇော်လင်းက ဆိုသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအား လက်ရှိတွင် BOT ကုမ္ပဏီထံမှ ယာယီပြန်လည် လွှဲပြောင်းရယူ ခဲ့သော်လည်း လမ်းပိုင်းပြင်ဆင်ပြီးချိန်တွင် အဆိုပါ BOT ကုမ္ပဏီထံ ပြန်လည်လွှဲပြောင်း ပေးအပ်မည်၊ မပေးအပ်မည်ကို အစိုးရက တိကျစွာ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

မင်းသူဝင်းထွဋ်

Most Read

Most Recent