<

ဈေးကွက်ဝေစုနှင့် ကြော်ငြာအများစုရရှိထားပြီး အရှုံးပေါ်နေသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအား မည်သည့်အတွက်ကြောင့် ရှုံးနေသနည်းဟု မေးခွန်းမေးမြန်းချင်ကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စက်တင်ဘာ ၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ဈေးကွက်ဝေစုနှင့် ကြော်ငြာအများစု ရရှိထားပြီး အရှုံးပေါ်နေသည့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအား မည်သည့်အတွက်ကြောင့် ရှုံးနေသနည်းဟု မေးခွန်းမေးမြန်းချင်ကြောင်း ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရဲ့ အသုံးစရိတ်အဖြစ် ကျပ် ၂၁ ဒသမ ၅၃၇ ဘီလျံ၊ အရှုံးအဖြစ် ကျပ် ၁ ဒသမ ၁၅၈ ဘီလျံဆိုပြီး တွေ့ရပါတယ်။ ဒီစာနယ်ဇင်းလုပ်ငန်းတွေဟာဆိုရင် နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ၊ အဆောက်အအုံတွေ၊ မြေနေရာတွေ သုံးထားပါတယ်။ နိုင်ငံတော်က ၀န်ထမ်းတွေကိုလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ခန့်ထားပေးထားပါတယ်။ ဈေးကွက်ဝေစု အကြီးမားဆုံးလည်း ရရှိထားပါတယ်။ ကြော်ငြာတွေလည်း အများကြီး ရရှိထားပါလျက်နဲ့ ဒီလောက်ရှုံးရတဲ့အပေါ်မှာ ဘာကြောင့် ရှုံးရတာလဲဆိုတာကို မေးချင်ပါတယ်။ ပြီးရင် စီမံခန့်ခွဲမှုလိုအပ်ချက်တွေကို ပြန်သုံးသပ်စေချင်ပါတယ်။ ယနေ့အချိန် ကမ္ဘာမှာ အပြတ်အသတ် တိုက်ခိုက်ခံနေရတဲ့ ရခိုင်အရေးမှာ နိုင်ငံပိုင်မီဒီယာတွေရဲ့ စွမ်းဆောင်မှုဟာ များစွာလိုအပ်ချက် ရှိနေပါတယ်။ ကမ္ဘာ့မီဒီယာများရဲ့ ဖော်ပြချက်ကို ပြန်လည်ဖြေရှင်း ချေဖျက်ပေးနိုင်ခြင်းမရှိတာက ကျွန်မတို့နိုင်ငံအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဒေါ်အေးမြမြမျိုးက ဆွေးနွေးသည်။

စစ်ကိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ ဦးရဲထွဋ်က “ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရပိုင် သတင်းစာတွေ၊ မီဒီယာတွေဆိုတာ မရှိပါဘူး။ အစိုးရပိုင် မီဒီယာတွေအားလုံး ပုဂ္ဂလိကပိုင်အဖြစ်ပေးသင့်ပါတယ်” ဟု ဆွေးနွေးသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းအရ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းပေါင်း ၃၂ ခုရှိသည့်အနက် အမြတ်ရရှိသည့် အဖွဲ့အစည်း ၂၂ ခုရှိပြီး အရှုံးပေါ်ခဲ့သည့်အဖွဲ့အစည်း ၁၀ ခုရှိခဲ့ကြောင်း၊ အရှုံးပေါ်ခဲ့သည့် အဖွဲ့အစည်း ၁၀ ခုထဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းပါဝင်ကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ၀င်ငွေ ကျပ် ၂၀ ဒသမ ၃၇၄ ဘီလျံရှိပြီး အသုံးစရိတ် ကျပ် ၂၁ ဒသမ ၅၃၂ ဘီလျံဖြစ်၍ အရှုံးမှာ ကျပ် ၁ ဒသမ ၁၅၈ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တောင်းခံထားသည့် ဘတ်ဂျက်များအား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန(ဦးစီးဌာနများ)၏ သာမန်အသုံးစရိတ်တောင်းခံထားသည့် ကျပ်သန်း ပေါင်း ၅၇၄၉၄ ဒသမ ၅၁၂ အား ဖြတ်တောက်ခြင်းမပြုဘဲ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၂၇၂၈၃ ဒသမ ၀၉၂ မှ ကျပ်သန်းပေါင်း ၄၄၁ ဒသမ ၉၀၀ အား စိစစ်လျှော့ချထားကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက “နိုင်ငံပိုင်သတင်းစာနဲ့ ပတ်သက်လို့  သူပြောတဲ့ သဘောက မှန်တယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဥရောပနိုင်ငံတွေမှာ။ တချို့နိုင်ငံဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနတောင် မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက် တကယ့်စစ်မှန်တဲ့ ရိုးမော်ဒယ် မဟုတ်သေးဘူးပေါ့။ ကျွန်တော်တို့က ဒီမိုကရေစီက သုံးနှစ်သားပဲ ရှိသေးတာကိုး။ တဖြည်းဖြည်းလာမှာပေါ့။ ဒီအသွင်ကူးပြောင်းရေးကာလမှာ ပြန်ကြားရေးဝန်ကြီးဌာနလည်း ရှိသင့်တယ်။ နိုင်ငံပိုင်သတင်းစာလည်း ရှိသင့်တယ်။ တစ်စုံတစ်ရာထိ ရှိသင့်ပါတယ်။ အရေးကြီးတာက နိုင်ငံပိုင်သတင်းစာတွေက တကယ့်ကို ပြည်သူကို မျက်နှာမူပြီး ပြည်သူနဲ့ အစိုးရကြားမှာ ပေါင်းစပ်ပေးဖို့ နိုင်ငံနဲ့ နိုင်ငံတကာကြားမှာ ပေါင်းစပ်ပေးနိုင်ဖို့ အဲဒါကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်။ လောလောဆယ် အဲဒါကိုဦးစား ပေးဆောင်ရွက်ဖို့ စိတ်ကူးရှိပါတယ်။ တစ်စုံတစ်ရာကာလအထိ ရှိနေဦးမှာပါ။ နိုင်ငံပိုင် သတင်းစာကလေ။ ကျွန်တော်တို့နိုင်ငံ အနေအထားအရ လိုအပ်နေသေးတာပေါ့။ တစ်ချိန်ကျရင်တော့ ဒီမိုကရေစီရင့်သန်လာရင် တဖြည်းဖြည်း တိုးတက်သွားမှာပေါ့။ ရေရှည်မှာ အဲဒီလိုဖြစ်သင့်တာပေါ့။ နိုင်ငံပိုင် သတင်းစာဆိုတာ ရှိချင်မှလည်း ရှိသင့်တာပေါ့။ တကယ်ကို ဒီမိုကရေစီ ထွန်းကားလာပြီဆိုရင် အခုကပုဂ္ဂလိက မီဒီယာကလည်း နုနယ်သေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ။ ပုဂ္ဂလိက သတင်းစာဆိုတာ သုံးနှစ်သားပဲ ရှိနေသေးတာ။ သူတို့မှာလည်း အခက်အခဲတွေရှိတယ်။ လောလောဆယ် ပုဂ္ဂလိက သတင်းစာတွေ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်နိုင်အောင် အခက်အခဲမရှိ ရှင်သန်နိုင်အောင် အဲဒါကို အားပေးရမယ်။ နိုင်ငံပိုင်သတင်းစာကို ပိုပြီးတော့ ထက်မြက်အောင်လုပ်ရမယ်။ အဲဒီနှစ်ခုကို မျှသွားပြီး လုပ်သွားဖို့လိုတယ်” ဟု ဇန်န၀ါရီ ၂၉ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် သတင်းထောက်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့သည်  စာပေလောက၊ မီဒီယာလောကမှ အုပ်ချုပ်ရေးပိုင်းသို့ရောက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

September 4, 2018














Copy Protected by Chetan's WP-Copyprotect.