ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ်၇ နှစ်ချမှတ်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ်၇ နှစ်ချမှတ်
Published 3 September 2018

ဓာတ်ပုံ - ကြည်နိုင်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ - ၃(၁) (ဂ) အရမြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်၇ နှစ်ကျခံစေရန် စက်တင်ဘာ ၃ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို အပြီးသတ် အမိန့်ချရန် သြဂုတ် ၂၇ ရက်တွင် ချိန်းဆိုထားခဲ့ပြီး သတင်းထောက် နှစ်ဦးသည် မြောက်ပိုင်းခရိုင် တရားရုံးသို့ ရောက်ရှိလာသော်လည်း တရားသူကြီး နေမကောင်းသဖြင့် အမှုဆောင်ရွက်နိုင်ခြင်း မရှိနိုင်ဘဲ စက်တင်ဘာ ၃ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရိုက်တာသတင်းထောက် နှစ်ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃(၁)(ဂ) ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုပြု၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကြည်နိုင်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးသည် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ယနေ့ထိ ကိုးလကျော်ကြာ ချုပ်နှောင် ထိန်းသိမ်းခံထားရကာ အမှုအတွက် ရုံးချိန်းပေါင်း ၄၀ နီးပါး ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent