မန္တလေးရဲ့ လုံခြုံရေးကို မေးခွန်းထုတ်စရာဖြစ်စေတဲ့ ဓားခုတ်လုယက်မှုများ

မန္တလေးရဲ့ လုံခြုံရေးကို မေးခွန်းထုတ်စရာဖြစ်စေတဲ့ ဓားခုတ်လုယက်မှုများ
Published 3 September 2018

ညဉ့်နက်သည်အထိ လမ်းပေါ်မထွက်ကြခြင်းကြောင့် အသွားအလာအတန်ရှင်းနေသော မန္တလေးမြို့၏ ညဘက်မြင်ကွင်း

“ကျွန်တော်ပြောချင်တာက ဓားကိုင်တဲ့သူများလာရင်၊ ဘယ်လောက်များလာသလဲ။ တစ်လအတွင်း ဘယ်နှခုရှိလဲ။ ဟိုတစ်နေ့က ဓားခုတ်မှုလေးသုံးခုလောက်ရှိတာနဲ့ခင်ဗျားတို့က Magnify  (ပုံကြီးချဲ့) လုပ်ထားတာပဲ။ Magnify လုပ်ထားတယ်လို့ ပြောချင်တယ်။ ဓားကိုင်တာများလာတယ်လို့ ပြောရအောင် ဘယ်နှကြိမ်များလာလဲ။ ဘယ်နှခါများလာလဲ။ ဘယ်နှရက်များလာလဲ။ နေ့စဉ် ဓားကိုင်နေတဲ့သူတွေ ရှိသလား။ ရာဇဝတ်မှုဖြစ်လာတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်လေ။ ဝိုင်းပြီး ဆောင်ရွက်ပေးပါ။ သတင်းပေးပါ။ ဒါတွေဟာ အကုန်လုံးမှာတာဝန်ရှိတယ်။ မီဒီယာသမားတွေမှာလည်း တာဝန်ရှိတယ်နော်။ ကျွန်တော်တို့ လုပ်နေတာပဲ။ မှုခင်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေးတွေ လုပ်နေတာပဲ။ ကျူးလွန်နေရတဲ့အကြောင်းရင်းကို ခင်ဗျားတို့ရှာလေ။ ဒါတွေကို အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး Facebook တွေပေါ်မှာ ပြောနေကြတယ်။ ဒါတွေဟာ အားလုံးမှာ တာဝန်ရှိတယ်နော်”

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့မေလ အတွင်းက မန္တလေးမြို့မှာဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်မေးခွန်းထုတ် ဖြေကြားထားတာ ဖြစ်ပါတယ်။

ယခု မန္တလေးမြို့အခြေအနေဟာ လွန်ခဲ့တဲ့သုံးလအတွင်းက ဝန်ကြီးချုပ်ပြောထားသလို ဓားကိုင်သူတွေ ဘယ်လောက်များလာပြီလဲ၊ နေ့စဉ်လိုလိုများလာနေပြီလား၊ ဒါမှမဟုတ် လျော့နည်းပပျောက်သွားပြီလားဆိုတာ ဆက်ပြီး လေ့လာကြည့်ကြရအောင်ပါ။

မန္တလေးမြို့ ညပိုင်းလုံခြုံရေးအခြေအနေ

မန္တလေးခရိုင်အတွင်းမှာ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု၊ ခိုးမှုတွေအပါအဝင် အမှုအခင်းကြီးတွေ လျော့နည်းကျဆင်းစေဖို့အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇွန် ၂၅ ရက် ကစတင်ပြီး ရက်ပေါင်း ၉၀ သိမ်းငှက်စစ်ဆင်ရေးအမည်နဲ့ မှုခင်းကျဆင်းရေးအတွက် လုပ်ဆောင်လျက်ရှိပါတယ်။ ရက်ပေါင်း ၉၀ စစ်ဆင်ရေးကာလအတွင်းမှာ မန္တလေးခရိုင်အတွင်း မူးယစ်ဆေးဝါးမှု၊ လုယက်မှု၊ ခိုးမှု၊ လူသတ်မှု စတဲ့အမှုအခင်းတွေအပါအဝင် မှုခင်းများစွာကို စုံစမ်းဖော်ထုတ်အရေးယူ နေတာတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နေ့စဉ်သတင်းထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။  ဇွန်လက စတင်ခဲ့တဲ့ ရက်ပေါင်း ၉၀ သိမ်းငှက်စစ်ဆင်ရေးကာလအတွင်း သြဂုတ်လအထိ အမှုပေါင်း ၂၀၀၀ ကျော်ကို ဖော်ထုတ်ဖမ်းဆီးထားနိုင်ခဲ့တယ်လု့ိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရပါတယ်။

သိမ်းငှက်စစ်ဆင်ရေးစတင်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ယခင်က ညပိုင်းအချိန်တွေမှာ ခပ်စိပ်စိပ်ကြားနေရတဲ့ မှုခင်းဖြစ်စဉ်အသံတွေ အနည်းငယ် တိတ်ဆိတ်သွားခဲ့ပါတယ်။ သို့သော် စစ်ဆင်ရေးကာလ တစ်လကျော်ကို ရောက်ရှိလာချိန် (သြဂုတ်လအတွင်း) မှာတော့ စိတ်မကောင်းဖွယ်ရာ ရာဇဝတ်မှုတွေက ညပိုင်းတွေသာမကဘဲ နေ့ခင်းအချိန်လူစည်ကားနေချိန်တွေမှာပါ ဖြစ်ပွားလာခဲ့ပါတယ်။ နေ့ခင်းကြောင်တောင် လူအများသွားလာနေတဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ပြည်သူနှစ်ဦးကို သေနတ်သမားက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာပင် တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူသေနတ်သမားကို ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်မှာတော့ သေနတ်သမားဟာ ဇနီးမောင်နှံနှစ်ဦးက ဘဏ်တစ်ခုကနေ ငွေထုတ်ပြီးထွက်အလာမှာ ငွေပါလာမယ်အထင်နဲ့ လုယက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ သေနတ်ပစ်ခတ်လုယက်မှုဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့ညပိုင်းအချိန်တွေမှာ အနည်းငယ်ငြိမ်သက်နေခဲ့တဲ့ ဓားခုတ်လုယက်မှု အသံတွေ ခပ်စိပ်စိပ်ပြန်ကြားလာရပါတယ်။

သြဂုတ်လနောက်ဆုံးပတ်အတွင်းမှာပဲ မန္တလေးမြို့ညပိုင်းအချိန်တွေမှာ ဓားခုတ်လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြန်ပါတယ်။ သြဂုတ် ၂၉ ရက်ည ၁၀ နာရီ အချိန် ၆၂ လမ်း၊ မနော်ရမ္မံဥယျာဉ်အရှေ့မှာ ဖုန်းပြောနေသူတစ်ဦး လည်ပင်းကိုဓားနဲ့ လှီးဖြတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရပါတယ်။ ဆက်လက်ပြီး သြဂုတ် ၃၀ ရက်ည စက်မှုမြို့ သစ်ဘက်မှာ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး ဓားနဲ့ခုတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ချမ်းအေးသာစံမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်မောင်းနှင် နေသူတစ်ဦးကို ည ၁၁ နာရီခန့်မှာ အမည်မသိလူအုပ်စုက ဓားနဲ့ဝိုင်းခုတ်သွားတဲ့ဖြစ်စဉ်၊ အဲဒီနေ့ညအစောပိုင်းမှာပဲ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ မြစ်ငယ်သွားကားလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းနှင်လာသူလူနှစ်ဦးကို ဓားနဲ့ဝိုင်းခုတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဓားခုတ်မှုဖြစ်စဉ်တွေမှာ အားလုံးလိုလိုက သေစေနိုင်တဲ့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုတွေခံယူခဲ့ကြရပါတယ်။ ဒါ့အပြင် သြဂုတ် ၂၄ ရက်က မဟာအောင်မြေမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ အကြောပြင်ဆိုင်တစ်ဆိုင်ကို အမည်မသိလူတစ်စုက ဓားပြပြီးခြိမ်းခြောက်ငွေတောင်းခံတဲ့ဖြစ်စဉ် တစ်ခုပါ ဖြစ်ပွားခဲ့ပါသေးတယ်။ ဓားခုတ်လုယက်မှုဖြစ်စဉ်တွေ အားလုံးဟာ တူညီနေတာတစ်ခုက ပစ္စည်းလုယက်ယူငင်ရုံတင် မကဘဲ လူကိုပါအသေသတ်ပစ်တဲ့အထိ ကျူးလွန်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးမြို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး မြို့ခံလူထုအကြားမှာ စိုးရိမ်မှုတွေနဲ့အတူ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လက်ရှိ မန္တလေးမြို့ ညပိုင်းလုံခြုံမှုအခြေအနေဟာ ယခင်မန္တလေးမြို့အခြေအနေနဲ့ ကွာခြားသွားတာကတော့ အမှန်ဖြစ်ပါတယ်။ ဓားခုတ်လုယက်မှုတွေကြောင့် မြို့ခံပြည်သူအများစုဟာ ညဉ့်နက်သည်အထိ လမ်းပေါ်မှာ သွားလာနေမှုမလုပ်တော့ဘဲ အရေးကြီးကိစ္စတွေကလွဲလို့ သွားလာမှုတွေရှောင်ကြဉ်လာကြပါတယ်။ ယခင်က ည ၁၂ နာရီအထိ အဓိကလူစည်ကားတဲ့နေရာတွေ၊ လမ်းမတွေဟာ ယခုအချိန်မှာတော့ ည ၉ နာရီကျော်ကတည်းက တဖြည်းဖြည်း လူအသွားအလာစဲသွားခဲ့ပါပြီ။ ဒါ့အပြင် လမ်းမပေါ်မှာ ဆိုင်ကယ်စီးနင်းလာပြီဆိုရင် ဘယ်အချိန်မှာ ကိုယ့်ဆီကပစ္စည်းလုယက်ခံရမလဲ၊ ဘယ်သူကဓားနဲ့ လာခုတ်မလဲစတဲ့ စိုးရိမ်စိတ်တွေအပြင် ဆိုင်ကယ်စီးနင်းနေစဉ်ကိုယ့်ဘေးနားမှာ အခြားဆိုင်ကယ်တစ်စီး စီးကပ်ပါလာခဲ့ပြီဆိုရင် ကိုယ့်ကို လုယက်မယ့်သူလားဆိုတဲ့ မလုံခြုံမှုဆိုတဲ့ သံသယစိတ်တွေနဲ့ သွားလာနေကြရပါတယ်။ မန္တလေးမှာ သွားလာနေသူအများစုမှာ ဆိုင်ကယ်စီးနင်းသူ အများစုဖြစ်ပါတယ်။ မြို့တွင်းမှာ ဆိုင်ကယ်နဲ့သွားလာတာက လိုရာခရီးကိုအချိန်တိုအတွင်း အမြန်ရောက်နိုင်တာကြောင့် ကားရှိသူအချို့ကပါ မလိုအပ်ဘဲနဲ့ကားကို အသုံးမပြုကြတာများပါတယ်။ ဓားခုတ်လုယက်သူ အများစုရဲ့ပစ်မှတ်ကလည်း ဆိုင်ကယ်စီးနင်းသူတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အရင်က လုယက်မှုအများစုမှာ ဆိုင်ကယ်စီးနင်းသူ အမျိုးသမီးတွေကို အဓိကထားလုယက်နေတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အမျိုးသမီး၊ အမျိုးသား၊ အကြီး၊ အငယ်အရွယ်၊ အလတ်မရွေးတော့ပါဘူး။ ဆိုင်ကယ်စီးနင်း လာသူကို ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်အပြင် ပါလာတဲ့ ပစ္စည်းအားလုံးကိုပါ လုယက်သွားတာ ဖြစ်ပါတယ်။ ဓားခုတ်လုယက်သူတွေ အနေနဲ့ဘာကြောင့် ဆိုင်ကယ်စီးနင်းသူတွေကို အဓိကထားတိုက်ခိုက်လုယက်နေတာလဲဆိုတာ စုံစမ်းတွေ့ရှိထားတဲ့ အချက်အလက်အချို့ကို တင်ပြပေးသွားပါမယ်။

ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါးနဲ့ ဓားခုတ်လုယက်မှုများ မန္တလေးတိုင်းဒေသကြီးနဲ့ မန္တလေးခရိုင်အတွင်း ဖြစ်ပွားနေတဲ့မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မှုခင်းဖြစ်စဉ်တွေ လျော့ကျရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပညာပေးဆောင်ရွက်နေတာ၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေတာ၊ စီမံချက်ရေးဆွဲဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မှုခင်းတွေဟာ ခန့်မှန်းထားတာလောက် လျော့ကျမသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိ မန္တလေးခရိုင်အတွင်း ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေထဲက ဓားခုတ်လုယက်မှုဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် စီးပွားရေးနိမ့်ကျမှုကြောင့် ဝင်ငွေနည်းပါးတာ၊ အလုပ်အကိုင်ရှားပါးမှု ပြဿနာစတဲ့ ဆင်းရဲမွဲတေမှုတွေနဲ့ ပတ်သက်နေသလို နေရာအနှံ့ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးပြဿနာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု၊ ဝင်ငွေမလုံလောက်မှုတွေကြောင့် ရာဇဝတ်မှုတွေကျူးလွန်လာတာ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုဖို့ ငွေလိုအပ်တာကြောင့် ရာဇဝတ်မှုကျူးလွန်တာ၊ နောက်ဆုံးတစ်ချက်ကတော့ ယခင်က တည်းကရှိခဲ့ပြီးဖြစ်တဲ့ ရာဇဝတ်မှုကို အလုပ်တစ်ခုလို ကျူးလွန်နေတာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု ငွေကြေးအခက်အခဲကြောင့် ပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် ကျူးလွန်သည်ဖြစ်စေ၊ စနစ်တကျပြင်ဆင်ထားပြီး ပြစ်မှုကျူးလွန်ခြင်းဖြစ်စေ ရာဇဝတ်မှုကျူးလွန်ခြင်းသာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ဓားခုတ်လုယက်မှုဖြစ်စဉ်တွေမှာ ကျူးလွန်သူအများစုဟာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အမူအရာတွေစစ်ဆေးတွေ့ရပြီး ကျူးလွန်စဉ်အချိန်မှာလည်း မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲထားတယ်လို့ စုံစမ်းသိရှိထားပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့အချိန် သတင်းထုတ်ပြန်ပေးရာမှာ ကျူးလွန်သူတွေဟာ အသက် ၃၀ အောက် လူငယ်အများစုဖြစ်နေတာကို တွေ့ရပါတယ်။ ပြစ်မှုကျူးလွန်ခြင်း ပထမအချက်က ငွေကြေးရရှိဖို့ဖြစ်ပေမယ့် အဓိကအကြောင်းအရာက မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်ချိန်မှာ ပစ္စည်းကိုသာ လုယူခြင်း မဟုတ်ဘဲ လူ့အသက်အန္တရာယ်ကိုပါ ရန်ပြုလာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြရမယ်ဆိုရင် တရားမဝင် အပေါင်ဆိုင်ဈေးကွက်၊ လိုင်စင်မဲ့ဆိုင်ကယ်ဈေးကွက် စတဲ့တရားမဝင်ဈေးကွက်တွေနဲ့လည်း ပတ်သက်ချိတ်ဆက်နေပြန်ပါတယ်။

တရားမဝင် အပေါင်ဆိုင်ဈေးကွက်၊ လိုင်စင်မဲ့ဆိုင်ကယ်ဈေးကွက်စတဲ့ တရားမဝင် ဈေးကွက်တွေထဲကို ရာဇဝတ်မှုကျူးလွန်ထားသူတွေက သူတို့ရရှိလာတဲ့ပစ္စည်းကို သွားရောက်ရောင်းချကြမှာ မလွဲပါဘူး။ ဥပမာ ဓားခုတ်လုယက်မှုမှာ ဆိုင်ကယ်ကို လုယက်သွားတယ်ဆိုရင် ဆိုင်ကယ်ဟာ လိုင်စင်ဘီးဖြစ်နေပေမဲ့ တရားဝင်အပေါင်ဆိုင်ကို သွားရောက်ပေါင်နှံရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ အထောက်အထားမပြည့်စုံရင်  တရားဝင်ဖွင့်လှစ်ထားတဲ့ အပေါင်ဆိုင်တွေက လက်မခံပါဘူး။ အကယ်၍ လက်ခံမိခဲ့လို့ ရာဇဝတ်မှုနဲ့ပတ်သက်နေတဲ့ ပစ္စည်းဆိုရင် လက်ခံထားသူပါ ဥပဒေအရအမှုတွဲရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်တကူ ပေါင်နှံရောင်းချလို့ရနေတဲ့ တရားမဝင်ဈေးကွက်ကို အစိုးရ၊ ရဲတပ်ဖွဲ့၊ ပြည်သူအပါအဝင် ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ တရားမဝင်ဈေးကွက် ပျောက်ကွယ်သွားရင် ရာဇဝတ်မှုတွေပါ ပူးတွဲလျှော့ချပြီး ဖြစ်သွားမှာ မလွဲပါဘူး။

လက်ရှိအချိန်ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရက တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအသွင် ဖော်ဆောင်ပြီး တိုက်ဖျက်ချေမှုန်းနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ရောင်းချသူအနည်း ငယ်အပါအဝင် သုံးစွဲသူအများအပြား ဖမ်းဆီးရမိနေတာတွေကို နေ့စဉ်သတင်းတွေမှာ တွေ့နေရမှာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ နာမည်ကျော်နေရာတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်ဆောင်နေသလို ကျော်စောသတင်းရှိတဲ့ နေရာတွေကိုပါ ဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးပုံမှန်သုံးစွဲ နေသူတွေဟာ မန္တလေးမြို့ကနေ မနီးမဝေး ပတ်ဝန်းကျင်နေရာတွေကို တိမ်းရှောင်သွားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က ကျောက်ဆည်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲနေသူ စုစုပေါင်း ၈၀ ဝန်းကျင်ကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေရဲ့ နောက်ဆက်တွဲ ဆက်စပ်အနေနဲ့ မူးယစ်ဆေးဝါးကို ပုံမှန်ရောင်းဝယ်မှုပြုလုပ်နေသူတွေ (တစ်ပိုင်တစ်နိုင် ဖြန့်ဖြူးရောင်းချသူများ) ဟာ ရောင်းချရဖို့အတွက် အခက်အခဲတွေရှိလာတာကြောင့် အခြားရာဇဝတ်မှုတွေကို ပြောင်းလဲကျူးလွန်လာကြတယ်လို့ စုံစမ်းကြားသိနေရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ထိရောက်ပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။

မန္တလေးမြို့မှာဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးအမှုတွေကို ဖော်ထုတ်ဖမ်းဆီးနေတယ်ဆိုပေမဲ့ အဓိကကျော်စောသတင်းရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးသလို ကြိုတင်သတင်းပေါက်ကြားမှုတွေကြောင့် လွတ်မြောက်နေတာတွေအများကြီး ရှိနေဆဲဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားထားပါတယ်။

 

သိမ်းငှက်စစ်ဆင်ရေး ကယ်အောင်မြင်ရဲ့လား

မန္တလေးခရိုင်အတွင်း ဓားခုတ်လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု၊ ခိုးမှုအပါအဝင် အမှုအခင်းကြီးတွေ လျော့နည်းကျဆင်းစေဖို့အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇွန် ၂၅  ရက်ကစတင်ပြီး ရက်ပေါင်း ၉၀ သိန်းငှက် စစ်ဆင်ရေးသတ်မှတ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်ပွားဖို့ ကြိုတင်ကာကွယ်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြတာကို မဖြစ်မနေ အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုအပေါ်မှာ လုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်ပေးနိုင်တဲ့ ပမာဏကတော့ တပ်ဖွဲ့ဝင်အင်အား နည်းပါးနေဆဲ ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်မယ့်သူတွေဆိုတာကလည်း လုံခြုံရေးအင်အားနည်းတာ၊ လစ်လပ်နေတာကို အမြဲတမ်းအခွင့်ကောင်းယူ ချောင်းမြောင်းနေသူတွေ ဖြစ်ပါတယ်။ ဒါ ကြောင့် လုံခြုံရေးလစ်လပ်နေတဲ့နေရာတွေမှာတော့ မှုခင်းတွေက ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

နေ့ခင်းကြောင်တောင် လူစည်ကားပြီး အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ သေနတ်ပစ်ခတ်လုယက်မှု၊ ညပိုင်းအချိန် လူအများသွားလာနေတဲ့လမ်းမပေါ်မှာ ဓားခုတ်လုယက်မှုတွေ စတဲ့ ဒုစရိုက်မှုတွေကို   ပြောင်ပြောင်တင်းတင်း ကျူးလွန်လာနေကြတာဟာ မန္တလေးမြို့အတွက် အလွန်အင်မတန် အရုပ်ဆိုးအကျည်းတန်စေသလို တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆောင်ရွက်နေသူတွေကို အချက်ပေးစိန်ခေါ် ထိုးနှက်လိုက်တာပဲ ဖြစ်ပါတယ်။ မြို့ခံပြည်သူတွေအကြားမှာလည်း နေ့စဉ်လှုပ်ရှားသွားလာကြရာမှာ  ညပိုင်းအချိန်တွေသာမကဘဲ နေ့ပိုင်းအချိန်တွေမှာပါ မိမိလုံခြုံရေးအတွက် စိုးရိမ်မကင်းစိတ်တွေက နေ့စဉ်ဝေဒနာတစ်ခုလို ခံစားနေကြရပါတယ်။

မန္တလေးခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးမှာ “အများပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ လျော့နည်းပပျောက်စေရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အထူးအလေးပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း” အဆိုကို  ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ဦးတင်အောင်က တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက  အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိဖို့ ဆွေး နွေးခဲ့ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၂၄ မဲ နဲ့ထောက်ခံသူအရေအတွက် ထက်ဝက်ကျော်ရှိတာကြောင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်မှာ အဆိုကို အတည်ပြုထားပေမယ့် လတ်တလောကာလအတွင်း မန္တလေးမြို့မှာ မှုခင်းဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့  ပြောကြားခဲ့ပါတယ်။

“အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ကြီးချုပ်နဲ့တွေ့ပြီး ဆွေးနွေးဖို့ရှိပါတယ်။ နောက်ထပ်ဘယ်လို အစီအစဉ်တွေများ စီစဉ်ထားတာရှိပါသေးလဲ။ ဘာတွေလုပ်မလဲပေါ့။ ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် သိမ်းငှက်စစ်ဆင်ရေး စီမံချက်ဟာ မအောင်မြင်ဘူးပေါ့။ ဒီလိုပဲပြောရမှာပဲ။ လုပ်တော့လုပ်နေတယ်ပေါ့။ မအောင်မြင်ဘူးပြောရမယ်” လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူအား သြဂုတ် ၁၃ ရက်က အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်လာစဉ်

မန္တလေးမြို့ တရားဥပဒေစိုးမိုးရေး

မန္တလေးမြို့မှာ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက်လွှတ်တော်၊ တိုင်းဒေသကြီးအစိုးရ၊ ရဲတပ်ဖွဲ့စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ မှုခင်းမဖြစ်ပွားဖို့ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း ရာဇဝတ်မှုတွေက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ လက်ရှိ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေတဲ့ သိမ်းငှက်စစ်ဆင်ရေးဟာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မန္တလေးမြို့တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ဆက်စပ်နေသူတွေကို ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးရမိရေးဟာ အဓိကအချက် ဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအသွင် ဓားခုတ်လုယက်မှုတွေကြောင့် မြို့ခံပြည်သူလူထုဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခံစားနေကြရပါတယ်။ ဒါတွေကို အစိုးရ အနေနဲ့မနှေး အမြန်ကုစားပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုမှာလည်း တာဝန်ရှိတယ်လို့ ပြောလာခဲ့မယ်ဆိုရင် ပြည်သူလူထုကတော့ ရာဇဝတ်မှုတွေ လျော့နည်းပပျောက်ပြီး တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းပါဝင်မှာ ဧကန်မလွဲပါဘူး။ သက်ဆိုင်ရာအစိုး ရတာဝန်ရှိသူတွေအနေနဲ့ အပြောမဟုတ် အလုပ်နဲ့သက်သေပြပြီး တာဝန်ကျေဖို့သာ အဓိကဖြစ်ပါတယ်။

“ကျွန်တာ်တို့အနေနဲ့ အိမ်ပြင်ကိုထွက်လာရင် အိမ်ပြန်ရောက်ပါ့မလားဆိုပြီး စိတ်ပူနေရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်နေရင်တောင် ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေရတာ။ ဘယ်သူကများ သေနတ်နဲ့ပစ်မလဲလို့။ အရူးကနေ ဓားနဲ့ဝင်ခုတ်မလား၊ ရဲအချင်းချင်း သေနတ်နဲ့ပစ်ပြီး ကိုယ့်ဝင်မှန်မလားဆိုပြီး ကြောက်နေရတယ်။ တရားဥပဒေက အားနည်းတာ မဟုတ်ဘူးဗျ။ ရှိကိုမရှိတာ” လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက လက်ရှိမှုခင်း ဖြစ်စဉ်တွေအပေါ်မှာ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

“အခု လက်ရှိအနေအထားအရပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ကိုယ်ဂရုစိုက်ရမယ့် အနေအထား ဖြစ်နေတာပေါ့ဗျာ။ ကျွန်တော်ဆိုရင် လွှတ်တော်မှာ အဆိုမတင်ခင်ကတည်းက ည ၉ နာရီကျော်ရင် အပြင်ကိုမထွက်တော့ဘူးဗျ။ ထွက်လဲမထွက်ရဲတော့ဘူးလေ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က လက်ရှိမန္တလေးမြို့အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

မန္တလေးမြို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေဟာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လွန်ခဲ့တဲ့သုံးလက မေးခွန်းထုတ်ပြောကြား ထားသလို ဓားကိုင်သူတွေ ဘယ်လောက်များလာပြီလဲ၊ နေ့စဉ်လိုလိုဓားကိုင်နေကြပြီလား၊ နေ့စဉ်လိုလိုများလာနေပြီလား၊ ဘယ်နှကြိမ်များလာပြီလဲ၊ ဒါမှမဟုတ် လျော့နည်းပပျောက်သွားပြီလားဆိုတာ လက်ရှိအချိန်မှာ အဖြေထွက်နေလောက်ပြီလို့ ထင်မြင်မိပါတယ်။

ဟုတ်ကဲ့။ ပုံကြီးချဲ့၍ တင်ပြခဲ့ခြင်း မဟုတ်ရပါ။ မှန်ပါတယ်ခင်ဗျ။ မီဒီယာသမားတွေလည်း တာဝန်ရှိပါတယ်။ တာဝန်ရှိ၍ တာဝန်သိသိ ဝေဖန်ထောက်ပြရခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့ကြီး ဘေးရန်အမြန်ကင်းပါစေ။

Most Read

Most Recent