<

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်လည်ဘူးမြို့နယ်နှင့် ကျွန်းလှမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တံတားပျက်စီးမှုကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်

ကောလင်းနှင့် ပင်လည်ဘူးကြား မြေလင်းရွာရှိ တံတားကျိုးမှုဖြစ်ပွားစဉ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်တင်ဘာ ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကသာခရိုင် ပင်လည်ဘူးမြို့နယ်နှင့် ရွှေဘိုခရိုင် ကျွန်းလှမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြေလင်းကျေးရွာအနီးရှိ တံတားတစ်စင်း ပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက် ရှိနေသည်ဟု ဒေသခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်လည်ဘူး-ကောလင်း သွား ကားလမ်းအနီးရှိ မြေလင်းကျေးရွာတွင် တိုင် ဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် တံတားသည် ရေမျောသွားပြီ ဖြစ်ကြောင်း ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ဆိုသည်။

“မိုးရွာတာ အရမ်းများတယ်။ ကျွန်တော်တို့ ပင်လည်ဘူးမြို့နယ် မြေလင်းကျေးရွာမှာ တည်ဆောက်ထားတဲ့ တံတားအသေးလေးကတော့ ဒီနေ့မနက်ပိုင်းလောက်ကပဲ ရေမျောသွားပြီ။ အခြားနေရာတွေနဲ့ အခြားကျေးရွာတွေရဲ့ အခြေအနေကတော့ လောလောဆယ်မှာ ဘာမှမပြောနိုင်သေးဘူး။ မိုးကလည်း အခုထိ ရွာနေတုန်းပဲ” ဟု ၎င်းက ပြောကြားသည်။

မြေလင်းကျေးရွာသည် ပင်လည်ဘူး- ကောလင်းလမ်းတွင် တည်ရှိပြီး မြစ်ကြီးနားကားလမ်းမှ ကျောက်တန်း၊ ကျောက်တန်းမှ ကောလင်း၊ ကောလင်းမှ ပင်လည်ဘူးလမ်းဖြစ်ပြီး ဖောင်းပြင်၊ ဟုမ္မလင်း၊ ဗန်းမောက်မြို့များသို့ သွားသောလမ်းဖြစ်ကာ အဆိုပါနေရာတွင် ခရီးသွားယာဉ်များ သွားလာ၍မရဘဲ ရပ်တန့်ထားရကြောင်း သိရသည်။

“ကောလင်းနဲ့ ပင်လည်ဘူးကြား အလယ်လောက်မှာရှိတဲ့ မြေလင်းရွာမှာ တံတားကျိုးနေလို့ ကားတွေ စောင့်နေရတယ်။ အဲဒီနေရာမှာ ရေကျော်ပုံစံ တံတားလုပ်ထားတာ။ အဲဒါက ချောင်းရေများတယ်။ ချောင်းရေက မျောလာတော့ အပင်ကြီးတွေ ပါလာတယ်။ ပိတ်ပြီး ကျိုးသွားတာ။ ချောင်းရေနဲ့ ပါတော့ မပါဘူး။ ကျိုးကျသွားတာ ကားသွားလို့ မရတော့ဘူး။ မိုးက တောက်လျှောက်ရွာနေတာ။ အခုတော့ မိုးစဲသွားပါပြီ။ ကားအစီးရေ ဟိုဘက်ဒီဘက်ဆိုရင် လောလောဆယ် အစီး ၃ လောက်တော့ရှိမယ်။ တံတားကျိုးပြီး ပိတ်သွားတာ နေ့လည် ၁၂ နာရီ ကျော်လောက်က ပိတ်သွားတာပါ။ အခုတော့ ဘက်ဟိုးစက်ကြီးတွေနဲ့ သွားလာလို့ရအောင် လုပ်ပေးနေတယ်” ဟု မြေလင်းရွာတွင် ရောက်ရှိနေသူ ကိုကျော်သူရက ပြောကြားသည်။

ရွှေဘိုခရိုင် ကျွန်းလှမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြို့ပေါ်ရှိ ရပ်ကွက်ကြီး လေးရပ်ကွက်အနက် ရပ်ကွက်ကြီးသုံးခုမှာ ရေကြီးရေလျှံနေကြောင်း၊ ယင်းမြို့နယ်သည် မိုးရွာသွန်းမှုမှာ အလွန်များပြားကြောင်း ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးက ပြောကြားသည်။

“ကျွန်တော်တို့ ကျွန်းလှမြို့မှာတော့မိုးက အရင်မိုးရွာတာထက်ကို များသွားတယ်။ အခုလည်း မိုးရွာနေတယ်။ လျှပ်စစ်မီးတွေလည်း ပျက်နေတယ်။ ကျွန်းလှမြို့ပေါ်ရှိ သစ်ယာမြိုင်ရပ်ကွက်ရယ်၊ ပိတောက်ပြိုင်ရပ်ကွက်ရယ်၊ ပျဉ်းမမြိုင်ရပ်ကွက် ဒီရပ်ကွက်ကြီးသုံးခု အတွင်းမှာရှိတဲ့ လူနေအိမ်တွေကတော့ ရေနစ်နေပြီ။ လောလောဆယ်ကတော့ လူနဲ့ တိရစ္ဆာန်တွေ သေဆုံးတာ ပျောက်ဆုံးတာတော့ ဘာမှမကြားမိသေးပါဘူး” ဟု ဦးလှဖြိုးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ကောလင်းမြို့နယ်နှင့် ၀န်းသိုမြို့နယ်အနီး သင်တောကျေးရွာနှင့် ကံကုန်းကျေးရွာခြားရှိ ကားလမ်းမများပေါ်တွင် ရေစတင် ကျော်နေပြီဖြစ်ပြီး စိုက်ပျိုးထားသည့် စပါးခင်းများတွင်လည်း ရေကြီးနစ်မြုပ်နေကြောင်း သိရသည်။

 

September 1, 2018














Copy Protected by Chetan's WP-Copyprotect.