နိုင်ငံခြား ငွေကြေးဝယ်လိုအားနှင့် ရောင်းလိုအားတည်ငြိမ်စေရန် ရေးဆွဲထားသည့်လုပ်ငန်းစဉ်တွင် ပြည်တွင်းမှငွေချေးသူများကို ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေဖြင့် ချေးငွေပေးနိုင်ရေးအတွက် နိုင်ငံခြားဘဏ်များအား ခွင့်ပြုချက်ပေးရန် ထည့်သွင်းထား

နိုင်ငံခြား ငွေကြေးဝယ်လိုအားနှင့် ရောင်းလိုအားတည်ငြိမ်စေရန် ရေးဆွဲထားသည့်လုပ်ငန်းစဉ်တွင် ပြည်တွင်းမှငွေချေးသူများကို ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေဖြင့် ချေးငွေပေးနိုင်ရေးအတွက် နိုင်ငံခြားဘဏ်များအား ခွင့်ပြုချက်ပေးရန် ထည့်သွင်းထား
Published 2 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံတော် ဗဟိုဘဏ်ရုံး အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

နိုင်ငံခြားငွေကြေး ဝယ်လိုအားနှင့် ရောင်းလိုအား တည်ငြိမ်စေရန် ရေးဆွဲထားသည့် လုပ်ငန်းစဉ်တွင် ပြည်တွင်းမှ ငွေချေးသူများကို ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေဖြင့် ချေးငွေပေးနိုင်ရေးအတွက် နိုင်ငံခြား ဘဏ်များအား ခွင့်ပြုချက်ပေးရန် ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) MSDP အရ သိရသည်။

MSDP ၏ မဟာဗျူဟာ ၂.၁ တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်းကို ထိရောက်စွာစီမံခန့်ခွဲခြင်းကို ထည့်သွင်းထားခြင်းဖြစ်သည်။ နိုင်ငံခြား ငွေလဲနှုန်း အတက်အကျမြင့်မားခြင်းသည် ပို့ကုန်တိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုနှင့် စီးပွားရေးတိုးတက်မှုတစ်ခုလုံးကို ထိခိုက်နစ်နာစေသည်။ ထိုနည်းတူစွာပင် စီးပွားရေး၏ ဖွဲ့စည်းမှုပြဿနာနှင်စပ်လျဉ်း၍ ဖော်ထုတ်ရာ၌ ငွေပေးငွေယူရှင်းတမ်းများတွင် လိုငွေဆက်တိုက်ဖြစ်ပေါ်နေခြင်းမှာ မေခရိုစီးပွားရေးကို ထိခိုက်စေသည့် ရလဒ်များ ရရှိလာစေသည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်နှင့် အခြားအဖွဲ့များ၏ လျော့ရဲသည့်ငွေရေးကြေးရေး မူဝါဒများကို ပြန်လည်တင်းကျပ်လာရာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုးမှာ သိသိသာသာ တန်ဖိုးလျော့ကျခဲ့သည်။ ကျပ်ငွေ တန်ဖိုးလျော့ကျခြင်း၏ အရေးကြီးအချက်များမှာ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် အတော်အတန် မြင့်တက်ခဲ့သော ဂဏန်း နှစ်လုံးရှိသည့် ငွေကြေးဖောင်းပွနှုန်း၊ သာမန်စာ ရင်းတွင်လိုငွေပြမှုမြင့်တက်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်ခြင်း ပိုမိုနှေးကွေးလာခြင်းတို့ကြောင့် အနုတ်လက္ခဏာဆောင်သည့် နိုင်ငံခြားငွေပေးငွေယူရှင်းတမ်းများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  ယင်းအခြေအနေကို ထိန်းချုပ်ရန် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း နိုင်ငံခြားငွေ အရင်းအမြစ်များ အကန့်အသတ်ရှိခြင်းနှင့် ငွေရေးကြေးရေးမူဝါဒ အကောင်အထည်ဖော်မှု လမ်းကြောင်းများ နည်းပါးခြင်းတို့ကြောင့်  နိုင်ငံခြား ငွေလဲလှယ်မှု နှုန်းထားမတည်ငြိမ်မှု နှင့် အနုတ်ပြသည့် နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်းများ ဆက်လက်တည်ရှိခဲ့သည်။ ထို့ ကြောင့် မေခရိုစီးပွားရေးစီမံခန့်ခွဲမှုကို သိ သာထင်ရှားသည့်ဖွဲ့စည်းပုံပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ငွေလဲလှယ်နှုန်းကို အကောင်းဆုံး သတ်မှတ်ခြင်းနှင့် စီးပွားရေးတည်ငြိမ်မှုကို ကျယ်ပြန့်စွာပြန်လည်ဆောင်ကြဉ်းခြင်းတို့အတွက် ဗျူဟာတစ်ခုရှိ လာရန်ရည်ရွယ်ရန် လုပ်ငန်းစဉ်များကို သတ်မှတ်ထားသည်။

ယင်းလုပ်ငန်းစဉ်များတွင် ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကို တုံ့ပြန်ရန် မြန်မာကျပ်ငွေကို ပိုမိုလွတ်လပ်စွာနှုန်း ရှင်မျှောခွင့်ပြုရန်၊ ဗဟိုဘဏ်သည် ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်နိုင်ရန်     နိုင်ငံခြားငွေ ဈေးပြိုင်လေလံစနစ်ဖြင့် ဆောင်ရွက်ရာမှ ဘဏ်အချင်းချင်းအကြား နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်သို့ ပြောင်းလဲခြင်းဖြင့် နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းကို ပိုမိုလိုက်လျောညီထွေမှုရှိစေရန်၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မြင့်မားခြင်းများကို တည်ငြိမ်မှုရှိစေ ရန်၊ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကြားဝင်ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးမူဝါဒရှုထောင့်များဖြင့် ငွေဖောင်းပွမှု တည်ငြိမ်စေရန် စသည်တို့ပါဝင်သည်။

ထို့အတူ ဗဟိုဘဏ်ရှိ နိုင်ငံခြားငွေ အရန်ငွေအပေါ် အဓိကထား၍ ပိုမိုထိရောက်မှုရှိသည့် နိုင်ငံခြားငွေစီမံခန့်ခွဲမှုကို မြှင့်တင်ရန်၊ ပြည်တွင်းမှ ချေးယူသူများအား မြန်မာ ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေချေးငွေများ ပေးအပ်နိုင်ရန် နိုင်ငံခြားဘဏ်များအား ခွင့်ပြုချက်ထုတ်ပေးခြင်းနှင့် နိုင်ငံခြားဘဏ်များ သည် ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဘဏ်အချင်းချင်းစနစ်တ ကျငွေချေးငှားနိုင်သည့်စနစ်တို့ကို ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များအကြား ဘဏ်အချင်းချင်း နိုင်ငံခြားငွေရောင်းချသည့် ဈေးကွက်တွင် အရောင်းအဝယ်ကိစ္စရပ်များ လွယ်ကူအဆင် ပြေစေမည့် နိုင်ငံခြားငွေလဲလှယ်ရာတွင်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများနှင့် မသေချာမှုများကို အနည်းဆုံးဖြစ်စေမည့် ငွေကြေးလေလံဈေးကွက် (Currency Swap) ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အစိုးရ၏နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေများအားလုံးကို အခြားနိုင်ငံပိုင် ဘဏ်များသို့ ဝင်ရောက်ခြင်းအစား ဗဟို ဘဏ်မှဆောင်ရွက်သည့် နိုင်ငံခြားရန်ပုံငွေသို့သာ စီးဝင်စေမည့် စနစ်တစ်ရပ်ဖော်ဆောင်ရန်၊ ဟွန်ဒီနှင့် အလားတူ တရားမဝင် ငွေလွှဲပြောင်းခြင်းစနစ်များကို ပုံစံတကျပြုလုပ်ရန်တို့ကို လုပ်ငန်းစဉ်များတွင် ထည့်သွင်း ထားကြောင်း သိရသည်။

Most Read

Most Recent