ဆွာ ဆည်ရေတိုးခြင်းကြောင့် တောင်ငူမြို့နယ်မှ လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပြီး လူတစ်ဦး ရေစီးဖြင့်မျောပါ ပျောက်ဆုံး

ဆွာ ဆည်ရေတိုးခြင်းကြောင့် တောင်ငူမြို့နယ်မှ လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပြီး လူတစ်ဦး ရေစီးဖြင့်မျောပါ ပျောက်ဆုံး
Published 31 August 2018

သြဂုတ် ၂၉ ရက် ဆွာချောင်း ရေလှောင်တမံရေကြောင့် ရေတာရှည်မြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

ဆွာ ဆည်ရေတိုးခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ မိုးဇလဦးစီးဌာန၏ သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက် ၆၆၃ စင်တီမီတာ (နှစ်ပေကျော်)ခန့် ကျော်လွန် ရောက်ရှိနေပြီး တောင်ငူမြို့နယ် ကျေးရွာများမှ လူဦးရေ ၁၅၀၀၀ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရပြီး အမှတ် ၁၀ ရပ်ကွက်မှ အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ တောင်ငူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုမိုးမခက “၁၀ ရပ်ကွက်ထဲမှာတော့ လူတစ်ယောက် ရေထဲမျောသွားတယ်။ ပစ္စည်းပြန်သယ်ရင်းနဲ့လို့ ပြောတယ်။ အခုထက်ထိ မတွေ့သေးဘူးပေါ့။ ကယ်ဆယ်ရေးစခန်း အနေနဲ့ကတော့ ၂၆ ခုပေါ့။ အဲဒီထက်လည်း နည်းနည်း ပိုလာနိုင်တယ်ပေါ့။ ဒါကလည်း ၁၂ နာရီအထိ ရတဲ့ဟာပေါ့နော်။ အိမ်ထောင်စု အားလုံးပေါင်း ၃၇၃၁ စု၊ အားလုံးပေါင်း လူဦးရေ ၁၅၀၀၀ ကျော်ပေါ့။ ၁၅၀၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတယ်။ လောလောဆယ် ကျွန်တော်တို့ သိထားတဲ့ အနေအထားပေါ့။ နောက်ပြီးတော့ ဒီအထဲမှာ တချို့ကစခန်းတွေမှာ မဟုတ်ဘဲနဲ့ နီးစပ်ရာ တောင်ကုန်းပေါ်ကို သွားနေတဲ့ လူတွေတော့ ရှိတော့ ရှိသေးတယ်ပေါ့။ အဲဒါတော့ ကျွန်တော်တို့ အတိအကျ မရသေးဘူးပေါ့။ ဒါက စခန်းတွေမှာ ရောက်ရှိထားတဲ့ လူဦးရေနဲ့ အိမ်ထောင်စုပေါ့။ လောလောဆယ်ကတော့ ကျွန်တော်တို့ မနေ့ကတည်းက အစည်းအဝေးထိုင်ပြီးတော့ ထောက်ပံ့မယ့် ပစ္စည်းကို ဒီနေရာကနေပြီးတော့ ကြီးကြပ်ကွပ်ကဲပြီးတော့ ကော်မတီအနေနဲ့ အပိုင်းလိုက် ခွဲယူပြီးတော့ နီးစပ်ရာတော့ ထမင်းထုပ်ပေးပေါ့။ အရှေ့ဆင်ရွာတို့၊ ကမ်းနီရွာတို့၊ ရွှေလေးအင်းတို့။ ဝေးတဲ့ နေရာကျတော့ ထမင်းထုပ် မပို့တော့ဘူး။ သူတို့ဘာသာသူတို့ ချက်စားလို့ရတဲ့ ရေသန့်တို့၊ ဆန်တို့၊ ခေါက်ဆွဲခြောက်တို့ပေါ့။ အဲဒီရွာတွေကိုအရောက် ကျွန်တော်တို့ သွားပို့မယ်” ဟု ပြောကြားသည်။

သြဂုတ် ၃၀ ရက် ညနေပိုင်းတွင် ရေများ ထပ်မံ တိုးလာသဖြင့် တောင်ငူမြို့မှ ကရင်ပြည် နယ်သံတောင်ကြီးဒေသဘက်သို့ သွားသော တောင်ငူ-သံတောင် ကားလမ်းမကြီး ချောင်းမ မွေတော် ဘုရားရှေ့လမ်းပေါ်သို့ ရေများကျော်လာခဲ့ရာ ယာဉ်သွားလာမှုများကို ရပ်တန့်ခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် လမ်းမနံဘေးတွင် နေထိုင်သော မိုးကောင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ ဒေသခံများနှင့် တိရစ္ဆာန်များအား ညနေပိုင်းတွင် ရေဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး တောင်ငူမြို့နယ်မှ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးပရဟိတအသင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သြဂုတ် ၃၀ ရက်က ဆွာဆည်ရေတိုးမှုကြောင့် ရွှေ့ပြောင်း ရေဘေးဒုက္ခသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

ည ၇ နာရီခန့်တွင် စစ်တောင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားလာကြောင်းလည်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ရေကျော်သည့် နေရာသို့ သွားရောက် ကူညီပေးခဲ့သည့် တောင်ငူမြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးတင်အံ့ကိုက “ကားလေးတွေတော့ အကုန်လုံး သွားလို့မရတဲ့ အတွက်ကြောင့် ဟိုဘက်ဒီဘက် ကူးချင်တယ် ဆိုရင်လည်း လှေလေးနဲ့ ပို့ပေးပါတယ်။ ERT အဖွဲ့က လှေနဲ့ ပို့ပေးပါတယ်။ ဟိုဘက်မှာ နှစ်ယောက် ကျန်တယ်ပြောလို့ ခုနက နှစ်ယောက် ကယ်ပြီးပါပြီ။ အခုလည်း မဖြစ်မနေသွားရမယ့် လူဆိုရင်တော့ လှေနဲ့ ပို့ပေးပါတယ်”ဟုပြောကြားသည်။

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ သြဂုတ် ၂၉ ရက် ညနေ ၃ နာရီခန့်မှစ၍ မြစ်ရေတိုးခဲ့ပြီး သြဂုတ် ၂၉ ရက် ည ၉ နာရီခန့်တွင် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် စတင်ကျော်လွန် ရောက်ရှိကာ တောင်ငူမြို့ ပေါ် အနိမ့်ပိုင်း ရပ်ကွက်များအထိ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ပြီးနောက်၂၄ နာရီအတွင်း တစ်ပေခန့်အထိ ထပ်မံမြင့်တက်နိုင်ကြောင်း မိုးဇလဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၉ ရက် နံနက် ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာချောင်းတမံ၏ ရေပိုလွှဲ လက်တံမြောင်းနံရံ ပြိုကျမှုကြောင့် ရေများ ထိုးဆင်းမှုဖြစ်ပွားခဲ့ရာ ယင်းနေ့ နံနက်ပိုင်းတွင် ဆွာမြို့တွင် ရေလွှမ်းမှု စတင်ခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၆၆ မိုင် ဝန်းကျင်တွင်လည်း ရေကျော်မှု ဖြစ်ပွားခဲ့သည်။

အမြန်လမ်းမကြီးပေါ် ရေကျော်မှု ဖြစ်ပွားရာတွင် အမြန်လမ်းမကြီး ၁၆၅ မိုင် ၃ ဖာလုံအနီးရှိ ဆွာချောင်းတံတားမှာလည်း အနည်းငယ် နိမ့်ဆင်းမှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဆွာဆည်ရေမှာ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့နယ်အထိ ထိုးဆင်းလာခဲ့ပြီးနောက် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်သို့ ရေကျော်လွန်သည့်အပြင် ကျေးရွာပေါင်း ၈၅ ရွာမှ ရေဘေးမှ ရွှေ့ပြောင်းရသူ လူဦးရေ ၆၀၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း၊ ရေတာရှည်မြို့နယ်အတွင်း ဆည်ရေထိုးဆင်းမှုတွင် အမျိုးသမီးတစ်ဦး သေဆုံးကာ လူခြောက်ဦးခန့် မျောပါပျောက်ဆုံးခဲ့ပြီး အခြေခံပညာကျောင်း ၂၆၂ ကျောင်း ယာယီ ပိတ်ထားခဲ့ရသည်။

Most Read

Most Recent