ဆွာချောင်း ရေလှောင်တမံမှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆွာချောင်းတံတား တစ်ပေခွဲခန့် နိမ့်ဆင်း၊ ရေကြီးမှုကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်တွင် တစ်ဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးကာ လူ ၆၀၀၀၀ ကျော် ရေဘေးသင့်

ဆွာချောင်း ရေလှောင်တမံမှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆွာချောင်းတံတား တစ်ပေခွဲခန့် နိမ့်ဆင်း၊ ရေကြီးမှုကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်တွင် တစ်ဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးကာ လူ ၆၀၀၀၀ ကျော် ရေဘေးသင့်
Published 30 August 2018

ပျက်စီးခဲ့သည့် ဆွာချောင်းတံတားအား အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ- သိန်းလှိုင်)

ဆွာချောင်း ရေလှောင်တမံမှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆွာချောင်းတံတား တစ်ပေခွဲခန့် နိမ့်ဆင်း၊ ရေကြီးမှုကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်တွင် တစ်ဦးသေဆုံးကာ ခြောက်ဦးပျောက်ဆုံးနေပြီး ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ပြောကြားသည်။

သြဂုတ် ၂၉ ရက် နံနက် ၇ နာရီမှ စတင်၍ ဆွာချောင်း ရေလှောင်တမံမှ ရေများ အရှိန်ဖြင့် စီးဆင်းလာမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း လမ်းပေါ်တွင် နှစ်ပေခန့် ရေကျော်မှုဖြစ်ပွားခဲ့ပြီး ဆွာချောင်းတံတား ဘက်ခြမ်း တံတားတိုင် RP 1 သည် တစ်ပေခွဲခန့် နိမ့်ကျခဲ့ကြောင်း၊ ထို့ပြင် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) တွင်လည်း ရေ နှစ်ပေကျော်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လတ်တလောတွင် အမြန်လမ်းရေကျော်မှု ဖြစ်စဉ်အား ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန ဝန်ထမ်းများက အမြန်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသ အာဏာပိုင်များက လာရောက်ကြီးကြပ် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ရှိ ဆွာချောင်း ရေလှောင်တမံမှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆည်အတွင်းရှိ ရေများ အရှိန်ဖြင့် စီးဆင်းလာပြီး အနီးအနားရှိ ကျေးရွာအချို့နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။

ဆွာချောင်းတံတားကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်၊

သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရရှိသော သတင်းများအရ လူတစ်ဦး သေဆုံးကာ ခြောက်ဦး ပျောက်ဆုံးလျက် ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအုပ်စု ၁၇ ရွာတွင် ပါဝင်သည့် ရွာ ၈၅ ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားကြောင်း ဒေါက်တာကျော်ကျော်က ပြောကြားသည်။

ရေများ အရှိန်ဖြင့် စီးဆင်းလာမှုကြောင့် မျောပါ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေါက်တာကျော်ကျော်က ပြောကြားသည်။

“ရေထဲ မျောပါတာကတော့ သေ မသေ မသိသေးဘူး။ တစ်ယောက်ကတော့ အလောင်း ပြန်တွေ့တယ်။ သေသွားတာက အဘွားကြီး တစ်ယောက်ပါ” ဟု ဒေါက်တာကျော်ကျော်က ဆိုသည်။

ဆည်မှရေများ တစ်ရှိန်ထိုး စီးဆင်းလာမှုမှာ နံနက် ၇ နာရီတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်းအား ခေတ္တ ပိတ်ထားခဲ့ရသဖြင့် ယာဉ်သွားလာမှုများ ည်း ရပ်ဆိုင်းခဲ့ရသည်။

ယင်းရေကြီးမှုသို့ နံနက် ၁၀ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စသူတို့ ရောက်ရှိလာခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွာချောင်း ရေလှောင်တမံရေကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတားနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေစဉ်

“ ဒီလိုပေါ့ဗျာ။ သဘာ၀ ဘေးအန္တရာယ်တော့ ကြုံတော့ ကြုံရမှာပဲ။ ဝိုင်းလုပ်ကြရမှာပေါ့။ ကျွန်တော်တို့လည်း သိသိချင်းပဲ အခု ကျွန်တော်တို့ ဘုတ်တွေလည်း အကုန်လာနေပြီ။ ရာဘာဘုတ်တွေလည်း ဟိုဘက်ခြမ်းမှာ အောက်က ပိုဆိုးတယ်။ လမ်းဟောင်းက ပိုဆိုးတယ်။ အများကြီး ဒါကံကောင်းပါတယ်။ ဒီနေ့ တစ်ရက်တော့ ရေတော့ ရှိနေဦးမယ်။ ဆောက်လုပ်၊ ဒုသမ္မတတို့ နိုင်ငံတော်ဘက်ကလည်း အများကြီး လုပ်ပေးနေတယ်။ ဒုဝန်ကြီးလည်း ရောက်နေတယ် ဒီမှာ။ ရေကျော်တာကတော့ ရေပိုလွှဲက ကျော်တာလေ။ ရေပိုလွှဲ ကျိုးပြီးတော့ ကျော်သွားတာ။ လောလောဆယ်တော့ ဧကပေ ၆၀၀၀၀ လောက် ရေကျော်သွားတယ်။ အဲဒီတော့ တစ်သိန်းလောက်ကျော်ဖို့ ကျန်သေးတယ်။ ကျွန်တော်တို့ ဒါပြီးရင် အဲဒီ ကိုသွားပါမယ်။ သွားကြည့်မယ်။ ဒီနေ့ ဘယ်လိုမှတော့ ရေပိုလွှဲကတော့ လက်ရှိအနေအထားမှာ ထိန်းလို့ မရတော့ဘူး။ ကုန်အောင် ဆင်းသွားမှာပါပဲ။ တစ်သိန်းခွဲလောက်အထိ ဆင်းသွားပါလိမ့်မယ် ရေက” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရေကြီးမှုကြောင့် အထက်တန်းကျောင်း ရေနစ်မြုပ်စဉ်

အမြန်လမ်း ရေကျော်မှုကြောင့် နာရီအနည်းငယ်အကြာ လမ်းပိတ်ထားခဲ့ရပြီးနောက် နံနက် ၁၁ နာရီတွင် နိမ့်ကျမှု မရှိသည့် ဆွာချောင်းတံတား တစ်ဖက်အား ပြန်လည် ဖွင့်လှစ်ပေးခဲ့ကာ အိမ်စီး မော်တော်ယာဉ်များ ကို သွားလာခွင့်ပြုခဲ့သည်။

သာဂရ အမြန်လမ်းမကြီး ရဲစခန်းမှူးက “ကားလမ်းပေါ် ရေကျော်နေတာတော့ ပြန်ကျသွားပါပြီဗျ။ လောလောဆယ်တော့ စစ်ဆေးလို့ မပြီးသေးပါဘူးဗျ။ တံတားကတော့ စစ်ဆေးနေပါတယ်ဗျ။ တံတားက နိမ့်သွားတယ်ဗျ” ဟု ပြောကြားသည်။

ရေတိုက်စားမှုကြောင့် နိမ့်ကျသွားသည့် ဆွာချောင်းတံတားအား ပြန်လည် ပြင်ဆင်မည်ဖြစ်ကာ ၂၄ နာရီအတွင်း နောက်ထပ် ဘေလီတံတားတစ်စင်း ဆောက်လုပ်ကာ ခရီးသည်များ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောကြားသည်။

ဆွာချောင်းတံတား နိမ့်ကျသွားမှု အခြေအနေကို အပေါ်စီးမှ တွေ့ရစဉ် (ပုံကြီး)၊

“ရေအောက် ကလိုင်ကြီးတွေ ဘယ်လိုရှိလဲဆိုတာကို ရေငြိမ်သွားတဲ့အချိန်မှာ ရေငုပ်သမားနဲ့ ဆင်းငုပ်ပြီးတော့ ကျောက်ချင်းကြီးချပြီး ဆောင်ရွက်မယ်။ ကလိုင်ကြီးတွေ ငြိမ်သွားပြီဆိုရင် ကားတွေ ပေးဖြတ်မယ်။ ဘေလီတံတားထိုးပြီး ၂၄ နာရီအတွင်း ဟိုဘက် ဒီဘက် သွားလို့ရအောင် ချက်ချင်းဆောင်ရွက်မယ်”ဟု ဒုဝန်ကြီးဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျွန်းတောစု၊ ဥယျာဉ်မှူးနှင့် ချောင်းတစ်လျှောက် ကျေးရွာများ ရေဝင်နစ်မြုပ်လာခြင်းကြောင့် ကျေးရွာများရှိ ဒေသခံများ ရေလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အလားတူ ရေများအရှိန်ဖြင့် စီးဆင်းလာမှုကြောင့် ဆွာမြို့ တောင်ဘက်အထွက် ဆွာတိုးဂိတ်အနီးတွင် ယာဉ်တစ်စီး ရေထဲမျောပါမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် ကားတစ်စီးရေနှင့်မျောပါစဉ်

ထို့ပြင် ဆွာမြို့နှင့် ရေတာရှည်မြို့ကြားရှိ မီးရထားလမ်း ရေကျော်ခဲ့ပြီး ကျွန်းကုန်းဘူတာ ဝန်ထမ်း ခုနစ်ဦး ပိတ်မိနေခဲ့ကြောင်း သိရသည်။ ပိတ်မိနေသည့် ဝန်ထမ်း ခုနစ်ဦးအား ကယ်ဆယ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်ခဲ့ပြီး ဆွာမြို့နှင့် မီးရထားလမ်းများတွင် ရေကျော်မှုကြောင့် မီးရထားပြေးဆွဲမှုများလည်း ရပ်တန့်လျက်ရှိကြောင်း သိရသည်။

■ လမ်းပိုင်း ရေကျော်နေမှုကြောင့် ယာဉ်လိုင်းများတွင် ကုန်ကန့်သတ်၍ ပြေးဆွဲရန် ညွှန်ကြားထားပြီး ရထားခရီးစဉ်များ ယာယီရပ်နားထား

ရန်ကုန်-မန္တလေး အမြန်လမ်းလမ်းပိုင်း အချို့နေရာများတွင် ရေကျော်နေခြင်းကြောင့် မန္တလေးမှ ထွက်ခွာပြေးဆွဲမည့် ယာဉ်လိုင်းများအား ကုန်ကန့်သတ် ပြေးဆွဲရန်နှင့် မန္တလေးဘူတာကြီးမှ သြဂုတ် ၂၉ ရက်တွင် ထွက်ခွာမည့် မန္တလေး -ရန်ကုန် ရထားခရီးစဉ်များအား ယာယီရပ်နားခဲ့ကြောင်း သိရသည်။

“လမ်း ရေကျော်မှုနဲ့ ပျက်စီးမှုတွေကြောင့် မနက်က သိသိရချင်းမှာ မန္တလေးက ထွက်မယ့် မန္တလေး - ရန်ကုန် ကားဂိတ်တွေကို မထွက်ဖို့ ပြောထားတယ်။ လက်မှတ်ရောင်းချပြီး လက်မှတ်တွေကိုလည်း ဂိတ်တွေက သူ့အစီအစဉ်နဲ့သူ ငွေပြန်အမ်းနေပါတယ်။ တကယ်လို့ အခုလို တားထားတဲ့ကြားက ခိုးထွက်လို့ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ယာဉ်အသင်းတွေနဲ့ တာဝန်ယူဖို့နဲ့ မနက်ပိုင်း ထွက်သွားတဲ့ ကားအချို့ကိုလည်း ပြန်လှည့်ခဲ့ဖို့ စာထုတ် အသိပေးခဲ့တယ်။ နေ့လယ်ပိုင်းမှာ လမ်းပိုင်းက တစ်စင်းချင်း ဖြတ်သန်းခွင့်ပေးမယ် ဆိုတာကြောင့် ယာဉ်အသင်းတွေအနေ နဲ့ ကုန်အများ တင်ဆောင်ခွင့်မပြုဘဲ ခရီးသည်တွေ အဓိက တင်ဆောင်ပြီး ဂိတ်ကနေ တစင်းချင်း ထွက်ခွာခွင့် ပြုခဲ့ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌက ပြောကြားသည်။

ဆွာမြို့နှင့် ရေတာရှည်မြို့ ဆက်သွယ်ထားသည့် မီးရထားလမ်းပိုင်း ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်ဝင်းချစ်)

ထို့အတူ ရထားလမ်းပိုင်း ရေကျော်ခြင်းကြောင့် မန္တလေးဘူတာကြီးမှ ထွက်ခွာမည့် မန္တလေး-ရန်ကုန် ရထားခရီးစဉ် အမှတ် ၆ အစုန်ရထားနှင့် အမှတ် (၄ )အစုန်ရထားများကို လည်း သြဂုတ် ၂၉ ရက် ပြေးဆွဲမှု ဖျက်သိမ်းထားကြောင်း သိရသည်။

“ရထားခရီးစဉ်က မန္တလေးဘူတာကြီးကနေ ညနေ ၃ နာရီ ထွက်တဲ့ ရထားနဲ့ ညနေ ၅ နာရီထွက်တဲ့ ရထားခရီးစဉ်တွေကို ညွှန်ကြားချက်နဲ့ ဒီနေ့တစ်ရက် ခရီးစဉ်ပြေးဆွဲမှု ဖျက်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် လက်မှတ်ခတွေကို ပြန်အမ်းပေးနေတယ်။ နောက်ရက်တွေအတွက် ခရီးစဉ်ပြေးဆွဲမှုက လမ်းပိုင်းအခြေအနေနဲ့ ညွှန်ကြားမှုအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးဘူတာကြီးရှိ တာဝန်ကျ ဒုရုံပိုင်ကြီးက ပြောကြားသည်။

■ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသည့် ကျေးရွာများရှိနေဆဲ

ဆွာချောင်း ရေလှောင်တမံမှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆွာချောင်းရေ မြင့်တက်လာပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ဆွာမြို့နှင့် ရေတာရှည်မြို့များရှိ ကျေးရွာများ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

အဓိက ပိတ်မိနေသည့် ကျေးရွာများမှာ ဆွာချောင်းဆည် ရေလှောင်တမံအနီးရှိ ကျေးရွာများဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေတာရှည်မြို့နယ် သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်းတောစုရွာရယ်၊ လှည်းလမ်းကူးရွာ၊ အလယ်မြောင်ရွာ ခုနစ်တဲစုရွာ အဲဒီရွာ လေးရွာကတော့ ဆည်နားက ရွာတွေဆိုတော့ လုံးဝအဆက်အသွယ် မရသေးဘူး။ ပိတ်မိနေတယ်။ လူအသေအပျောက်တွေ ရှိနိုင်တယ်” ဟု သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေဘေးရှောင်ပြည်သူများကို တွေ့ရစဉ်

လက်ရှိတွင် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသူများကို ရေလွတ်ရာ ကုန်းမြင့်များတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

“ ဒုက္ခသည်တွေကိုတော့ တောင်ပေါ်မှာ ၅၀၀ လောက်ရှိတာ ၁၀၀ လောက် ပြန်ဆင်းသွားတော့ ၄၀၀ လောက် ကျန်မယ်။ ဆည်ကတော့ စိုးရိမ်ရေမှတ်အောက် ကျသွားပြီ။ တခြားပိတ်မိနေပေမဲ့ အဆက်အသွယ် ရသေးတယ်။ ဒုက္ခသည်က ခန့်မှန်းလို့ကို မရသေးဘူး”ဟု NLD ရေတာရှည် သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကယ်ဆယ်ကူညီရေးအဖွဲ့များ အနေဖြင့် လက်လှမ်းမီသည့် နေရာများကို သွားရောက် ကူညီလျက်ရှိကြောင်း၊ ပိတ်မိနေသည့် ကျေးရွာများကို ကူညီကယ်ဆယ်ရန် အခက်အခဲများ ရှိနေကြောင်း တောင်ငူ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအသင်းဥက္ကဋ္ဌ မျိုးကျော်သူက ပြောကြားသည်။

“ ကျွန်တော်တို့ အခု အရပ်ဘက် အဖွဲ့အစည်းတွေရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေရော၊ တပ်မတော်ကရော အကုန်လုံး သူတို့ လက်လှမ်းမီသလောက် အင်တိုက်အားတိုက် ကူညီနေကြပါတယ်။ တစ်ချို့ ပိတ်မိနေတဲ့ ရွာတွေလည်း ရှိနေကြပါတယ်။ အဲဒီတော့ ပိတ်မိနေတဲ့ ရွာတွေကို ကျွန်တော်တို့အနေနဲ့ အခက်အခဲ ဖြစ်တာကတော့ အဲဒီကို သွားဖို့အတွက်ကို ကျွန်တော်တို့ဆီမှာ အဆင်မပြေပါဘူး။ အဲဒီအတွက်ကြောင့် လောလောဆယ် ရေတဖြည်းဖြည်း တက်လာတဲ့အပေါ်မှာပဲ အနီးစပ်ဆုံးကို ပြည်သူတွေကို ဘာကူညီရမလဲဘဲ အဲဒါကို အဆင်သင့် စောင့်နေပါတယ်” ဟု တောင်ငူ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအသင်းဥက္ကဋ္ဌ မျိုးကျော်သူက ပြောကြားသည်။

ရေဘေးရှောင်ပြည်သူများကို တွေ့ရစဉ်

သြဂုတ် ၂၉ ရက် ညနေ ၆ နာရီခန့်တွင် မိုးရွာသွန်းလျက် ရှိသည်ကို တွေ့ရပြီး တံတားပြုပြင်ရေး လုပ်ငန်းများအတွက် အင်ဂျင်နီယာများက ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။

“ မိုးတအား ရွာလာရင်တော့ ရေဆက်တက်နိုင်လို့ အခြေအနေ စောင့်ကြည့်ရမယ်” ဟု တံတားပြုပြင်ရေး လုပ်နေသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရန်ကုန်ဘက်သို့ ပြန်လာသည့်အခြမ်းကို ဖွင့်လှစ်ထားသည်ကို တွေ့ရပြီး မိုင်တိုင် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းရှင်းနေသည်ကို တွေ့ရသည်။

ယာဉ်ကြောပိတ်ဆို့မှုမှာ ရန်ကုန်ဘက်အခြမ်းသို့ ပြန်လာသည့် မိုင်တိုင် ၁၆၄ မိုင် ၇ ဖာလုံအထိ ဖြစ်ပွားနေသည်။

Most Read

Most Recent