ဒါရိုက်တာအဖြစ်ရှိနေသည့် အစိုးရအား အမွှမ်းတင်လွန်းပါက အာဏာရှင်နှင့် တွေ့နိုင်သည်ကို သတိထားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဒါရိုက်တာအဖြစ်ရှိနေသည့် အစိုးရအား အမွှမ်းတင်လွန်းပါက အာဏာရှင်နှင့် တွေ့နိုင်သည်ကို သတိထားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 29 August 2018

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ရသစာပေစကားဝိုင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)

နိုင်ငံသားများ ထက်မြက်မှု၊ စိတ်ထား ပြည့်ဝမှန်ကန်မှု ရှိမည်ဆိုပါက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်ရှိနေသော အစိုးရအား အမွှမ်းတင်လွန်းပါက အာဏာရှင်နှင့်တွေ့နိုင်သည်ကို သတိထားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ ရသစာပေ စကားဝိုင်းတွင် နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအား ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြင့် နှိုင်းယှဉ်ပါက ယင်းရုပ်ရှင်ဇာတ်လမ်း အောင်မြင်ရေးအတွက် ဒါရိုက်တာ တစ်ယောက်တည်းဖြင့် မဖြစ်ကြောင်း၊ ဇာတ်ဆောင်အဖြစ်ရှိနေသော ပြည်သူများလည်း ပါဝင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အရေးအကြီးဆုံးကတော့ ဇာတ်ဆောင်တွေပဲ။ ဇာတ်ဆောင်တွေ တော်လို့ရှိရင် တော်ရုံတန်ရုံ ရုပ်ရှင်တစ်ခုဟာ လူတွေကို ဆွဲဆောင်မှုရှိပါတယ်။အဲ့ဒီတော့ ပြည်သူပြည်သားတွေသာ တော်မယ်ဆိုရင် ပြည်သူ ပြည်သားတွေသာ ထက်မြက်မယ်ဆိုရင် ပြည်သူပြည်သားတွေ စိတ်ထားပြည့်၀ မှန်ကန်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံဟာ တိုးတက်မှာပဲ။ ဒါရိုက်တာတွေကို သိပ်ပြီးတော့ အမွှမ်းတင်လို့ရှိရင် အာဏာရှင်တွေနဲ့ သွားတိုးနေဦးမယ်နော်။ သတိထားရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ပညာရေးတွင် အောင်မြင်ရန်အတွက် မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမကောင်းများ အထူးလိုအပ်နေပြီး ဆယ်စုနှစ် နှင့်ချီကာ ပညာရေးအားနည်းခဲ့သော မြန်မာနိုင်ငံတွင် ဆရာ၊ဆရာမများသည် ၎င်းတို့၏ အရည်အချင်းကို ပြန်လည်ဖြည့်တင်းနေရကာ ယောကျ်ားလေးများအနေဖြင့် ကျောင်းဆရာလုပ်ရန် စဉ်းစားကြရန်နှင့် ယုံယုံကြည်ကြည်ဖြင့် ပညာရေးဘက်တွင် လုပ်ကိုင်ကြရန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ကာစ ဓနအင်အား သိပ်မကြီးသေးသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း အဖွဲ့ အစည်းတိုင်းတွင် အားနည်းချက်၊ အားသာချက်များရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတစ်ခုအနေဖြင့် အင်အားကြီးအောင် မည်ကဲ့သို့ ပြုစုပျိုးထောင်မည်၊ မည်ကဲ့သို့ ပျံ့နှံ့အောင် လုပ်မည်ဆိုသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်တို့ ဆွေးနွေးခဲ့ကြပြီးနောက် ယခုရသစာပေ စကားဝိုင်း ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။

ယခုအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ မှ ကျောင်းသား၊ ကျောင်းသူ ၂၂  ဦးတို့ သုတ၊ ရသစာပေ အကြောင်းအရာများနှင့် ပတ်သက်၍ ခေါင်းစဉ်ငယ်များခွဲကာ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ နှစ်နာရီကြာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

Most Read

Most Recent