ရခိုင်မြောက်ပိုင်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ဒိုင်ယာရီ

ရခိုင်မြောက်ပိုင်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ဒိုင်ယာရီ
Published 27 August 2018

မောင်တောမြို့နယ်အတွင်းရှိ လှဖိုးခေါင်စခန်းအနီးတွင် လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (Photo: AFP)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်တွေက အင်အားအလုံးအရင်းနဲ့ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဘက်က လက်လုပ်မိုင်းတွေ ဖောက်ခွဲတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး လူအင်အား အများအပြားနဲ့ တိုက်ခိုက်ခြင်း၊ တံတားတွေကို မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ တပ်မတော်စစ်ကြောင်းတွေကို မိုင်းဆွဲ တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက် နံနက် ၁ နာရီကစလို့ မောင်တောမြို့နယ် ပဒင်းခေါင်းတကာကျေးရွာအနီး မိုင်းခုနစ်လုံးဖောက်ခွဲပြီး မောင်နီကျေးရွာအဝင်တံတား၊ ပညောင်ပင်ကြီးကျေးရွာအနီးတံတား၊ စေတီပြင်ကျေးရွာအနီးတံတားနဲ့ ကျောက်ပန္တုကျေးရွာအနီးမှာရှိတဲ့ ကွန်ကရစ် တံတားစတဲ့ တံတားလေးစင်းကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။

ဒါ့ပြင် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက တမန်းသား၊ နံ့သာတောင်၊ သင်္ဘောကွေ့၊ ကျီးကျွန်း၊ မီးတိုက်ချောင်းဝ၊ နတ်ချောင်း၊ ဇီးပင်ချောင်း၊ လောင်းဒုံ၊ မောင်းနီ၊ သီဟိုဠ်၊ ဇင်ပိုင်ညာ၊ ကျောက်ပြင်ဆိပ်၊ ပဒင်းခေါင်းတကာ၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ သရေကုန်းဘောင်၊ ချိန်ခါလီ၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း၊ နှာခေါင်းတိုချောင်းဝ၊ သဝန်ချောင်း၊ ကိုးတန်ကောက်၊ တောင်ဘဇာ၊ ဖောင်တော်ပြင်က ရဲကင်းစခန်းတွေ နဲ့ မောင်တောမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ရဲကင်းစခန်းငါးခု၊ စုစုပေါင်း ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေ့ နံနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှာရှိတဲ့ ခမရ (၅၅၂) နယ်မြေခံ တပ်ဌာနချုပ်ကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် အင်အား ၁၅၀ လောက်က နှစ်ဖွဲ့ခွဲပြီး ဝင်ရောက် တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် တပ်မတော်သားတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နံနက် ၅ နာရီလောက်မှာ အကြမ်းဖက်အဖွဲ့ကနေ အလောင်းခြောက်လောင်း ကျန်ရှိပြီး ထွက်ပြေးသွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီလို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တပ်မတော်စစ်သည်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ကျဆုံးခဲ့တဲ့ အပြင် ဒဏ်ရာရ တပ်ဖွဲ့ဝင် ၁၁ ဦးရှိ ခဲ့ပြီး ရဲကင်းစခန်းတွေကနေ လက်နက်ငယ်ခြောက်လက် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဆီ ပါသွားတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်ရာမှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားနှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၇၇ လောင်း ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးကနေ သြဂုတ် ၂၅ ရက်က သတင်း ထုတ်ပြန်ပါတယ်။

■ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ

မြန်မာနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က အမိန့်စာတစ် စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ် ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဒီအမိန့်စာကို ထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအမိန့်စာထဲမှာ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာပါဝင်တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ ဒီအကြမ်းဖက်သမားတွေအတွက် တာဝန်ရှိတဲ့ Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အုပ်စုဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) ပါ လုပ်ပိုင်ခွင့်ကိုကျင့် သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ကြေညာလိုက်တယ်ဆိုတဲ့ အချက်အပါအဝင် အချက်ခြောက်ချက် ပါဝင်ပါတယ်။

■ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်ချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့ တောင်မှာ သြဂုတ် ၂၅ ရက်က အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့ တိုက်ခိုက်မှုလုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ရာမှာ သတ္တိရှိရှိ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ရဲဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နဲ့လည်း တစ်သားတည်း ရပ်တည်လျက်ရှိပြီး ထပ်တူထပ်မျှဝမ်းနည်းရတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်မှုနဲ့ အချိန်ကိုက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရာ ရှိတာကို အရင်ကတည်းက ကြိုတင်မှန်းဆထားတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ညွှန်ကြားချက်များ ပေးထား ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုတို့အတွက် ကြိုး ပမ်းအားထုတ်နေမှုတွေကို ထိခိုက်ယုတ်လျော့သွားစေဖို့ ဦးတည်ချက်ရှိရှိ စနစ်တကျ စီမံဆောင်ရွက်နေတဲ့ လုပ်ရပ်တွေဖြစ်တာ ထင်ရှားနေပေမယ့် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ပြင်းထန်တဲ့  လုပ်ရပ်တွေကြောင့် မိမိတို့လုပ်ငန်းတွေ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံရုံးတွေက ၂၀၁၇ ခု နှစ် သြဂုတ် ၂၅ ရက်က ကြေညာ ချက်အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဖီအာနန်ကတော့ အ ကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ စိုးရိမ်စရာအရှိန်မြင့်တက်မှုကို ဖော်ပြနေပြီး ရခိုင်ပြည်နယ်ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေအတွက် အဖြေမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး အဖွဲ့အစည်းတွေနဲ့ အသိုင်းအဝိုင်းအားလုံးက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို ငြင်းပယ်ကြဖို့ သူက အခိုင်အမာ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုဖီအာနန်ဟာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်ကနေ ပြင်းထန်စွာရှုတ်ချတဲ့ ကြေညာချက်ကို ကြိုဆိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အမေရိကန်သံရုံးကလည်း လုံ ခြုံရေးစခန်းများ တိုက်ခိုက်ခံရခြင်းနဲ့ ပတ်သက်လို့ ရှုတ်ချကြောင်းနဲ့ အ သက်စွန့်လွှတ်ခဲ့ရသူတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်းကို သြဂုတ် ၂၅ ရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်သူတွေကို လက်ရဖမ်းဆီးမိရေး၊ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားရေးအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိကြောင်းနဲ့ နောက်ထပ်အကြမ်းဖက်မှု မဖြစ်ပွားရေးကို ဆောင်ရွက်ဖို့ အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

ဒီလိုပဲ ဗြိတိန်သံရုံးကလည်း သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရှုတ် ချတဲ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိ ရေးဆောင်ရွက်ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကလည်း အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြင်းထန်စွာ တိုက် ခိုက်မှုတွေအပေါ် ရှုတ်ချလိုက်ပြီး အသက်ဆုံးရှုံးသူတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စစ်ရီနာတာက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည် နယ်ရဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်ပြီး အခြေအနေကို ဆက် လက်စောင့်ကြည့်သလို အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

■ ပထမအကြိမ် အကြမ်းဖက်တိုက်ခိုက်မှု

၂၀၁၇ ခုနစ် သြဂုတ် ၂၅ ရက် က ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အ ကြမ်းဖက်တိုက်ခိုက်မှုဟာ ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အကြမ်းဖက်သမားတွေက အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်းကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ပါ တယ်။

ဒီဖြစ်စဉ်မှာပါဝင်တဲ့ အကြမ်းဖက်သမားရှစ်ဦးရဲ့ အလောင်းတွေ ကိုရရှိခဲ့ပြီး နှစ်ဦးကိုတော့ အရှင်ဖမ်း မိခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဆီက လုပ်သေနတ်ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်နဲ့ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦးကို စစ်ဆေးဖော်ထုတ်ချက်တွေအရ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ ပြည်ပကနေ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းဝင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ အချိန်ယူပြီး စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောဒေသကို ခြေကုပ်ယူပြီး အရှေ့အလယ်ပိုင်း နိုင်ငံအချို့က အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးပံ့ပိုးမှု အလုံးအရင်းကို ရယူခဲ့တာဖြစ်ပြီး ငွေကြေးထောက်ပံ့ရာ မှာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်တာမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်း ဆက်သွယ်မှုနဲ့ လျှို့ဝှက်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

မောင်တော အကြမ်းဖက်ဖြစ်စဉ်ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့ ရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တစ်ဦးဖြစ်တဲ့ ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံက တာလီဘန်တွေထံမှာ သင်တန်းခြောက်လ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ဟာဗစ်တူဟာရ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်အနီးက ကျေးရွာတစ်ရွာမှာ သွားရောက်နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံကာ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အဖွဲ့အစည်းတချို့ထံကနေ ငွေကြေးထောက်ပံ့မှု ရယူခဲ့ပါတယ်။ အကြမ်းဖက်သမားအင်အား ၄၀၀ နီးပါးနဲ့ နေရာခြောက်နေရာကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ဖို့စီစဉ်ခဲ့ပေမယ့် ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနဲ့ ကိုးတန်ကောက်ရဲကင်းစခန်း သုံးနေရာကိုသာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းအားလုံး တိုက်ခိုက်ပြီးတဲ့အခါ လက်နက်တွေနဲ့ ပစ္စည်းတွေယူပြီး အနီးပတ်ဝန်းကျင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို ဆက်လက်တိုက်ခိုက်ဖို့ ဟာဗစ်တူဟာရ်က ညွှန်ကြားထားခဲ့ပြီး တိုက်ခိုက်မယ့် အစီအမံတွေကို စနစ်တကျ လုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရယူပြီးတဲ့အခါ ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုတွေ မြင့်တက်လာစေဖို့အပြင် ပြည်တွင်းပြည်ပက ဘာသာရေးအစွန်းရောက်တွေ ပူးပေါင်းပါဝင်လာစေဖို့အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နည်းနာအတိုင်း အင်တာနက်နဲ့ လူမှုကွန်ရက်တွေမှာ ဗီဒီယိုဖိုင်တွေ လွှင့်တင်ပြီး ဝါဒဖြန့်ချိ တာတွေလည်း အကွက်ကျကျလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နောက်ပိုင်း မှာ ဘင်္ဂါလီတွေဖြစ်ပေမယ့် အစိုးရ အုပ်ချုပ်ရေးယန္တရားနဲ့ နီးစပ်သူတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ အပြစ်မဲ့ အရပ်သားတွေဟာ အသတ်ခံရမှု၊ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေကြောင့် ပျောက်ဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေမှာပဲ ထပ်ပြီး စိုးရိမ်စရာဖြစ်လာတာကတော့ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်က ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်းမှုရှိနေတယ်လို့ အစိုးရက အခိုင်အမာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းတဲ့အခါမှာ လိုဏ်ခေါင်းတစ်ခု၊ သေနတ်တွေ၊ လူနေတဲ့ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး ဓားနဲ့ရန်ပြုသူနှစ်ဦးနဲ့ ပြန်လည်တိုက်ခိုက်သူတစ်ဦး စုစုပေါင်း သုံးဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန် ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်က သမ္မတအိမ်တော်မှာ ဇွန် ၂၁ ရက်က သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားရာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှုတွေကို ၂၀၁၇ ဖေဖော်ဝါရီက စတင်ရပ်ဆိုင်းခဲ့ပြီး နယ်ခြားစောင့်တပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့က နယ်မြေတည်ငြိမ်ရေးထိန်းသိမ်း ဆောင်ရွက်နေချိန်မှာ အခုလို မေယုတောင်ကြောကို ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင် ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်သင်တန်း တက်ရောက်သူတွေကို ဖမ်းမိခဲ့ပြီး နေအိမ်မှာ စစ်သင် တန်းပေးတာ၊ သိုင်းသင်တန်းပေးတာ၊ အကြမ်းဖက်သင်တန်းတွေကို တက်ဖို့စည်းရုံးတာ၊ လက်နက်နဲ့ လေ့ ကျင့်ပေးတာ၊ သင်တန်းသားတွေကို တစ်လကျပ်နှစ်သိန်းပေးပြီး ငါးလကြာ သင်တန်းပို့ချပေးတာ၊ ပြည်ပနိုင်ငံအချို့က သင်တန်းဆရာတွေကို ငွေပို့ပေးတာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ARSA ဆိုပြီး ဖွဲ့ စည်းထားသလို အဲဒီအဖွဲ့ရဲ့ ဘဏ္ဍာ ရေး တာဝန်ခံကိုလည်း ဖမ်းမိထားတယ်လို့ ဦးဇော်ဌေးက အတည်ပြု ပြောကြားခဲ့ပါတယ်။

Arakan Rohingya Salvation Army (ARSA)  အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်ကို ကျွန်းဂေါကျေးရွာနေအိမ်မှာ ဇွန် ၂၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ARSA အဖွဲ့ကို ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဆောင်ရွက်ခဲ့တဲ့ Aqua Mul Mujahidin – AMM အဖွဲ့နဲ့ Royigya National Security Committee RNSA အဖွဲ့တို့က ၂၀၁၇ မတ် ၁၅ ရက်က ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးတာဝန်ခံအနေနဲ့ AMM အဖွဲ့မှ  ဟာဗစ်ဒူဟာ တာဝန်ယူတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ပြောပါတယ်။

မောင်တောဒေသ အကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်မှာ ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရှိပြီး ပြည်ပနိုင်ငံအ ချို့ကနေလာတဲ့ ငွေကြေးတွေကို အကြမ်းဖက်လုပ်ရပ်တွေမှာ အသုံးပြု နေတယ်လို့ ဦးဇော်ဌေးက ရှင်းလင်းခဲ့ပါတယ်။

၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ မောင်တောဒေသမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းခဲ့ရာမှာ လက်ရှိအချိန်အထိ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူလို့ ယူဆရသူ ၆၁၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အနက် ၁၂ ဦးကို ပြန်လွှတ်ခဲ့ပြီး ၅၃၉ ဦးကို တရားရုံးက စစ်ဆေးနေဆဲဖြစ်ကာ ပြစ်ဒဏ်ချမှတ်ပြီးသူ ၁၃ ဦးအထိ ရှိနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေက အကြမ်းဖက်သတ်ဖြတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်လာတာကြောင့် ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်အထိ သေဆုံးသူ ၅၉ ဦးနဲ့ ပျောက်ဆုံးသူ ၃၃ ဦးအထိ ရှိလာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကနေ သြဂုတ် ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

■ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ထုတ်ဖော်ချက်

၂၀၁၇ သြဂုတ်အတွင်း တိုက်ခိုက်မှုတွေမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဟိန္ဒူအရပ်သား ဒါဇင် ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ်က ထုတ်ဖော်ခဲ့ပါတယ်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ARSA လို့ ခေါ်တဲ့ ဘင်္ဂါလီအကြမ်း ဖက်သမားတွေက ဟိန္ဒူအရပ်သား ၉၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လူ့ အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့  သြဂုတ်မှာ ရဲကင်းတွေကို စီးနင်းတိုက်ခိုက်ချိန် တစ်ပြိုင် တည်းမှာပဲ ARSA က မောင်တာမြို့ နယ် မြောက်ပိုင်းကျေးရွာစုတွေမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာကို ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ကနေ အတည်ပြုခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောပါတယ်။

ARSA အဖွဲ့ဝင်တွေက သြဂုတ် ၂၆ ရက်မှာ အနောက်ခမောင်းဆိတ် ဟိန္ဒူကျေးရွာကို တိုက်ခိုက်ခဲ့ပုံကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

“ရက်စက်ပြီး အဓိပ္ပာယ်မဲ့တဲ့ အခုလုပ်ရပ်မှာ ARSA အဖွဲ့ဝင်တွေ ဟာ ဟိန္ဒူအမျိုးသမီးတွေ၊ အမျိုး သားတွေနဲ့ ကလေးတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို သူတို့ရွာရဲ့ အပြင်ဘက်မှာ သတ်ဖြတ်ခြင်းမပြုခင် သူတို့ကို အကြမ်းဖက် ခြိမ်းခြောက်ခဲ့ကြပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာမှာ အစုလိုက် အပြုံလိုက် မြှုပ်ထားတဲ့ မြေကျင်းလေးခုထဲကနေ ရွာသား ၄၅ ဦးရဲ့ အလောင်းတွေကို တူးဖော်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အနီးအနား ရဲဘော်ကျရွာက ၄၆ ဦးအပါအဝင် အခြားနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူတွေရဲ့အလောင်းတွေကို ရှာတွေ့ခြင်း မရှိ သေးပါဘူး။

ရဲဘော်ကျကျေးရွာက ဟိန္ဒူအမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့တာကြောင့် ခန့်မှန်းခြေ သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၉၉ ဦး ရှိတယ်လို့ စုံစမ်းဖော်ထုတ်မှုမှာ ဖော် ပြထားပါတယ်။

■ ရခိုင်ကော်မရှင်နှစ်ခုရဲ့ အစီရင်ခံစာ

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း နိုဗယ်ဆုရှင် မစ္စတာ ကိုဖီအာနန် ဦး ဆောင်တဲ့ ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်ရှင်ရဲ့ အစီရင်ခံစာ’ နှစ်ခုစလုံးရဲ့ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံဟာ သြဂုတ်လအတွင်းမှာ ထွက်ရှိလို့ လာပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၆ ရက်က  ရန်ကုန်မြို့ စိမ်းလဲ့ကန်သာမှာ ပြုလုပ်ခဲ့ပါတယ်။

ကော်မရှင်ဖွဲ့ပြီး ရှစ်လအကြာမှာ ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို သမ္မတဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဆီပေးပို့တဲ့ အစီရင်ခံစာ အပြည့်အစုံမှာတော့ စာမျက်နှာ ၇၇ မျက်နှာ၊ အပိုဒ် ၂၃၇ ပိုဒ်နဲ့ လိုအပ်တဲ့ နောက်ဆက်တွဲ ဖော်ပြချက်တွေနဲ့အတူ ရေးသားပြုစုထားတယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ဆိုပါတယ်။

အစီရင်ခံစာအပြည့်အစုံမှာ ရခိုင်ပြည်နယ်ရဲ့အနေအထား၊ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များရဲ့ နောက်ခံအခြေအနေ၊ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ၊ ၂၀၁၆ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်မှာ ဦးဆောင်ပါဝင်သူများ၊ မောင်တောဖြစ်စဉ်ရဲ့ ထူးခြားချက်၊ ဒေသတည်ငြိမ်အေး ချမ်းရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နိုင်မှု အခြေအနေ၊ ပြည်သူများရဲ့ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေး များ အာမခံချက်ပေးနိုင်မှုအခြေအနေ၊ ပဋိပက္ခ ကြိုတင်ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြင်ပစွပ်စွဲပြောဆိုမှုများအပေါ် စိစစ်တွေ့ရှိချက်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်များအပေါ် ကော်မရှင်ရဲ့သုံးသပ်ချက်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ကော်မရှင်အဖွဲ့ သွားရောက်စစ်ဆေးချက်၊ ကော်မရှင်ရဲ့ အကြံပြုချက်များ စတဲ့အခန်းများ ပါဝင်တယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့ မောင်တောဒေသကို ကွင်းဆင်းစစ်ဆေးမှု လေးကြိမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစ်ကြိမ်၊ ကော်မရှင်အစည်းအဝေး ၁၁ ကြိမ်နဲ့ အခါအားလျော်စွာ သတင်းထုတ်ပြန်မှု ငါးကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတဆီပေးပို့တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံမှာ လက်ငင်းဆောင်ရွက်ရမယ့် အချက်နဲ့ ရေရှည်မဟာဗျူဟာချမှတ် လုပ်ဆောင်ရမယ့် အချက်များဆိုပြီး အချက် ၄၈ ချက်ကို တင်ပြထားတယ် သိရပါတယ်။

အကြံပြုချက် ၄၈ ချက်မှာ အုပ်ချုပ်ရေးကဏ္ဍအတွက် ၁၃ ချက်၊ သတင်းမီဒီယာ ကဏ္ဍအတွက် သုံးချက်၊ UN နဲ့ INGO ကဏ္ဍအတွက် နှစ်ချက်၊ နိုင်ငံသားစိစစ်ရေးကိစ္စနဲ့ ပတ်သက်လို့ ငါးချက်၊ ဘာသာရေး၊ သာသနာရေးကဏ္ဍအတွက် သုံးချက်၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍအတွက် ခြောက်ချက်၊ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၁၂ ချက်၊ နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ တစ်ချက်၊ အထွေထွေ အကြံပြုချက်သုံးချက် ပါဝင်တယ်လို့  ဦးဇော်မြင့်ဖေက ရှင်းပြ ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံထွက်လာချိန်မှာ ဝေဖန်မှုတွေမရှိခဲ့ပေမယ့် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ အပြည့်အစုံထွက်ရှိလာချိန်မှာတော့ ဝေဖန်မှုတွေက မြင့်တက်လာခဲ့ပါ တယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းခဲ့ပြီး သြဂုတ် ၂၄ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှု၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ IDP ကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီများပေးနိုင်မှု၊ သတင်းယူခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးများ စတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးကဏ္ဍနဲ့ လူ့ အဖွဲ့အစည်းများမှာ ကိုယ်တိုင်ပါဝင်မှုနဲ့ ကိုယ်စားပြုမှု၊ လူ့အဖွဲ့အစည်း များအကြား ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍ၊ တရားမျှတမှုရရှိရေး၊ ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးမှု၊ နယ်စပ် ဆိုင်ရာကိစ္စရပ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး၊ ဒေသအတွင်းရှိ နိုင်ငံများနဲ့ဆက်ဆံရေး၊ ကော်မရှင်ရဲ့ အကြံပြုချက်များကို   အကောင်အထည်ဖော်ဆောင်ရွက်မှု စတဲ့ကဏ္ဍများ ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ငံသားဖြစ်မှုကဏ္ဍမှာတော့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ၁၉၈၂ နိုင်ငံသားဥပဒေဆိုပြီး အပိုင်းနှစ်ပိုင်းခွဲခြားထားသလို အဓိကတွေ့ ရှိချက်များနဲ့ အကြံပြုချက်များကို ဖော်ပြထားပါတယ်။

လွတ်လပ်စွာသွားလာခွင့် ကဏ္ဍမှာတော့ ရခိုင်ပြည်နယ်မှာ နေထိုင်သူအားလုံး နိုင်ငံသားစိစစ် ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား  (NVC) (ဒါမှမဟုတ်) အမျိုးသားမှတ်ပုံတင် (ဒါမှမဟုတ်) နိုင်ငံသား စိစစ်ရေး ကတ်ရှိမှုတို့အပေါ်မှာ အခြေမခံဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုသင့်ပါတယ်လို့ ထည့်သွင်းရေး သားထားပါတယ်။

ကော်မရှင်ရဲ့ အလေးအနက် ဖော်ပြခဲ့တဲ့ ကဏ္ဍတွေကတော့ ရခိုင် ပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ ဖြိုးမှု၊ နိုင်ငံသားစိစစ်မှု၊ နိုင်ငံသား ကတ်ပြားထုတ်ပေးမှု၊ လွတ်လပ်စွာ သွားလာခွင့်၊ အခွင့်အရေးကိစ္စနဲ့ ဥပဒေရှေ့မှောက် တန်းတူညီမျှ ဖြစ်စေဖို့ စတာတွေဖြစ်ပြီး အကြံပြုချက်များအပေါ် ဦးစားပေးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရက အကဲဖြတ်မှာဖြစ်တယ်လို့ မစ္စတာကိုဖီအာနန်က ပြောကြားခဲ့ပါတယ်။

■ အကြံပေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်တယ်လို့ ၂၀၁၇ ဒီ ဇင်ဘာ ၈ ရက်က နိုင်ငံတော်သမ္မတ ရုံးက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တွေရဲ့ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ မြေပြင်အခြေအနေအပေါ် မူတည်ပြီး အကျိုးရှိစွာထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ အကြံဉာဏ်များ ရယူနိုင်ဖို့ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူ များနဲ့ ဖွဲ့စည်းရမယ်လို့ ဖော်ပြထားတာကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံ ပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင် ပြည်ပပညာရှင် ငါးဦးအဖြစ် (က) Dr. Surakiart Sathirathai Chairman, Asia Peace and Reconciliation Council- APRC Former Deputy Prime Minister and Minister of Foreign Affairs of Thailand ၊ (ခ) Mr. Urban AhlinSpeaker, Chair of the Riksdag BoardMember of the Swedish Parliament  ၊ (ဂ) Governor Bill Richardson Chairman, Richardson Center For Global Engagement Former Governor of New Mexico and Former United States Secretary of Energy ၊ (ဃ) Professor Lord Derzi of Denham Former Parliamentary Under-Secretary of State of Health, Department of Health Member of Her Majesty's Most Honourable Privy Council ၊ (င) Mr. Roel of Petrus (Roelf) Meyer Former Minister of Defence Former Minister of  Const tutional Affairs and Communi-cation Former Minister of Constitutional Development and Provincial Affairs South Africa တို့ဖြစ်ပါတယ်။

ဒါ့ပြင် အကြံပေးအဖွဲ့ဝင် ပြည်တွင်းပညာရှင်တွေအဖြစ် ဦးဝင်းမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)၊ ဦးထွန်းမြတ် (အငြိမ်းစား၊ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်)၊ ဦး ခင်မောင်လေး (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်)၊ ဦးလှမြင့် (သံအမတ်ကြီး -ငြိမ်းအဖွဲ့ဝင်)၊ အာဆီယံအစိုးရ ချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်)၊ ဒေါက်တာဒေါ်ခင်ညို (ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ-ပြည်သူ့လွှတ်တော်) ခန့်အပ်ခဲ့ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ‘‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ’’ကို နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ဖွဲ့စည်းပေးခဲ့တာပါ။ ကော်မတီဥက္ကဋ္ဌကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် မြေပြင်အခြေအနေ အပေါ်မူတည်ပြီး အကျိုးရှိမယ့်ကိစ္စရပ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းများအကြား အတူတကွနေထိုင်နိုင်ရေးတို့အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ဖို့၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူုဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို နိုင်ငံတော် သမ္မတကဖွဲ့စည်းပြီး တစ်လကျော်အကြာမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆင် (Governor Bill Richardson) ကို ထုတ်ပယ်လိုက် ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှ အကြံ ပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆင် (Governor Bill Richardson) ဟာ ပုဂ္ဂလိက အကျိုးကို ရှေးရှုပြီး ဆောင်ရွက်လိုတဲ့အတွက် အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ၂၀၁၈ ခုနစ် ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာ ခီရိတ်ဆတ်သီယာထိုင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၈ ဇန်နဝါရီ ၂၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆင် (Governor Bill Richardson) ရဲ့ အကြံပြုချက်တွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး အကြံပေးခြင်းမျိုးမဟုတ်ဘဲ သူ့ရဲ့ ပုဂ္ဂလိကအကျိုးကို ရှေးရှုပြီး ဆောင်ရွက်လိုတာ ထင်ရှားတဲ့အတွက် အကြံပေးအဖွဲ့မှာ ဘီလ်ရစ်ချတ်ဆင်ပါဝင်မှုကို ရပ်စဲဖို့ အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်နဲ့ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရှိတယ်။ အဲဒီကော်မရှင်နှစ်ခုရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကော်မတီဖွဲ့ထားတယ်။ ဒေါက်တာဝင်းမြတ်အေး ကော်မတီကို အကြံပေးဖို့ ဒီရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်း တာ ဖြစ်တယ်။ ဒီအကြံပေးအဖွဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်း လမ်းညွှန်အဖွဲ့ရဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေက ဘယ်လို၊ အကြံပေးရမယ့်ဟာက ဘာဆိုပြီး ရေးထား ပြီးတော့ သူတို့ကို ပေးထားပြီးသားပါ။ အကြံပေးဆိုရင် တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စတွေ အကြံပေးဖို့ မဟုတ်ဘူး။ ရခိုင်ပြည်နယ် Issue ကိုပဲ အကြံပေးဖို့။ Mandate ရှိတယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ခွင့်တောင်းဆိုတယ်။ ဘာအတွက်လဲဆိုတော့ သတင်းထောက်တွေကိစ္စဆိုတော့ ခွင့်မပြုဘူး။ သူ့ကို ခေါ်တာက ဒီကိစ္စတွေ လုပ်ဖို့ မှ မဟုတ်ဘဲ။ အစည်းအဝေးမှာလည် Freedom of Expression တွေ၊ ဒီမိုကရေစီ တန်ဖိုးတွေ ထည့်သွင်းဆွေးနွေးလာတဲ့ အခါမှာ ဒီလိုမျိုး အဆင်မပြေ ဖြစ် ရတယ်။ ပြဿနာအကြောင်းရင်းက သူ့  Mandate ကို သူကျော်လွန်ပြီး ပြုမူပြောဆိုတာတွေကြောင့် ဖြစ်ရ တာပါပဲ။ သူတစ်ဦးတည်း သဘောကို ပြောတာဖြစ်ပေမဲ့ ကျန်တဲ့ အကြံပေးအဖွဲ့ဝင် ကိုးဦးရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့လိုမယ်လို့ ပြောချင်တယ်။ ဘာမှတောင် မလုပ်ရသေးဘဲနဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ မယ်။ သတင်းထောက်တွေ ပြန်လွှတ်ဖို့ပြောမယ်ဆိုတာတွေ။ အစည်းအဝေးမှာ ရခိုင်ကိစ္စနဲ့ မဆိုင်တာတွေ ဆွေးနွေးတယ်။ တားတော့ စကားအချေအတင်ဖြစ်တယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်တော့  ဒီအခြေအနေကို သုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်သိနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာ။ Mandate ကို သတိပြုဖို့’’ လို့ ပြောကြားပါတယ်။

■ နားလည်မှုစာချွန်လွှာ

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေ  ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် အစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ နားလည်မှု စာချွန်လွှာကို ဇွန် ၆ ရက်က နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ ‘‘ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်’’အကောင်အထည်ဖော်ရာမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာအရ နေ ရပ်စွန့်ခွာသွားသူများ မိမိသဘော ဆန္ဒအလျောက် ပြန်လာရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်နိုင်ရေး ဆန်းစစ် မှုများ ပြုလုပ်ရေး၊ အသိုင်းအဝိုင်းအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အတူယှဉ်တွဲနေထိုင်ရေး ရှေ့ပြေးစီမံကိန်းနဲ့ အခြားစီမံကိန်းများကို အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မြန်မာအစိုးရကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အလားအလာရှိတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင် တည်ဆောက်ရေးကို အခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ အတူတကွ ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်ပါတယ်။

ဒါ့ပြင် ပြန်လည်ထူထောင်တည်ဆောက်ရေးမှာ လိုအပ်တဲ့ ဆန်းစစ်မှုတွေ ပြုလုပ်ရာမှာ ပေါင်းစပ်ညှိနှိုင်းဖို့နဲ့ အကူအညီပေးရေး၊ လူ့အသိုင်းအဝိုင်းအားလုံးအကျိုး ဖြစ်ထွန်းစေမယ့် ပြန်လည်ထူထောင် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် စီမံကိန်းများ ရေးဆွဲရေး၊ အသိုင်းအဝိုင်းတွေ အကြား လူမှုသဟဇာတဖြစ်မှုကိုမြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာ (MoU) ကို လက်တွေ့ အကောင်အထည်ဖော်ရေး အတွက် UNDP နှင့် UNHCR ဝန်ထမ်းတွေကို  ရခိုင်ပြည်အတွင်း ကွင်းဆင်း၊ အကဲဖြတ်မှုများ ဆောင်ရွက်နိုင်ဖို့ ခရီးသွားလာခွင့်ပြုပြီ ဖြစ်တယ်လို့ ၂၀၁၈ ခုနစ် သြဂုတ် ၉ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို လက် တွေ့ အကောင်အထည်ဖော်ရေး ပထမအဆင့်အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် က ကျေးရွာအုပ်စု ငါးအုပ်စု (ကျေး ရွာ ၁၂  ရွာ)နဲ့ မောင်တောမြို့နယ်က ကျေးရွာအုပ်စု ရှစ်အုပ်စု (ကျေးရွာ ၁၁ ရွာ)၊ စုစုပေါင်း ကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ ၂၃ ရွာ)မှာ ကွင်းဆင်း၊ အကဲဖြတ်မှုတွေ စတင် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

■ တစ်နှစ်ပြည့်အခြေအနေ

မြောက်ကိုရီးယားနဲ့ အမေရိကန် ပဋိပက္ခ၊ ဆော်ဒီအာရေဗီးယား နှင့် အီရန်ပဋိပက္ခတို့ နောက်မှာ  ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးဟာ ၂၀၁၈ ခုနှစ်အတွင်း စောင့်ကြည့်ရမယ့် ကမ္ဘာ့ထိပ်တန်း အကျပ်အတည်း ၁၀ ခုအနက် တတိယ နေရာမှာ ရှိနေတယ်လို့ ICG (International Crisis Group) က ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့အတိုင်းပဲ လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တစ်နှစ်ပြည့်ခါနီးအချိန်မှာတော့ နောက်ထပ်ဝင်ရောက် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရခိုင်ပြည်နယ်က မြို့ကြီးအချို့ အပါဝင် ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေရတဲ့ အခြေအနေတွေ ရှိပါတယ်။

‘‘တစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်အနေအထားတွေ ဖြစ်နေတယ်။ ဆိုတော့ လုံခြုံရေးသတိထားတဲ့ အနေအထားပါ။ အလွန်အမင်း စိုးရိမ်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ လုံခြုံရေးတိုးမြှင့်ပြီး လှည့်ကင်းတို့၊ ရပ်ကင်းတို့၊ စောင့် ကြည့်ကင်းတို့နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့ကြီးတွေမှာ ဆောင်ရွက်နေတာရှိပါတယ်’’လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်မှာ တရားဥပဒေစိုးမိုးဖို့ ဆက်လက်လိုအပ်နေသေးတဲ့အတွက် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို နှစ်လ ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။

ပုဒ်မ ၁၄၄ အရ ဗလီ၊ ကျောင်း စတာတွေ အပါအဝင် အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေမှာ ငါးဦး ဒါမှ မဟုတ် ငါးဦးထက်ပိုပြီး လူမစုဖို့ နဲ့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရဆိုပြီး ကန့်သတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ မောင်တောသာမက ဘူးသီးတောင်ဘက်မှာလည်း နယ်မြေ အခြေအနေ တည်ငြိမ်နေပေမဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ရဲ့တိုက်ခိုက်မှု နှစ်ပတ်လည်နီးလာပြီ ဖြစ်တဲ့အတွက် သတိထား စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့ပြင် တိုက်ခိုက်ခံမှု တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့အပြင် လုံခြုံ ရေးအပိုင်းမှာလည်း အားနည်းမှုတွေ ရှိနေသေးတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင် အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ‘‘လုံခြုံရေး အပိုင်းမှာ အမှန်တိုင်းပြောရရင် ကျွန်တော်တို့ ရခိုင်တိုင်းသားတွေနဲ့ တခြားတိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ဒီနေ့အထိ လုံလုံခြုံခြုံနေရပြီလို့ မခံစားရသေးဘူး’’လို့ ဆိုပါတယ်။

 

Most Read

Most Recent