ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းခြောက်မြို့နယ်တွင် ယာဉ်ရပ်နားခ တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် ပြန်လည်ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းခြောက်မြို့နယ်တွင် ယာဉ်ရပ်နားခ တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် ပြန်လည်ကောက်ခံမည်
Published 24 August 2018

ရန်ကုန်မြို့ ဆူးလေလမ်းပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်အချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်တွင် ယာဉ်ရပ်နားခ တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် ပြန်လည်ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“ကျွန်တော်တို့ တင်ဒါခေါ်ထားပြီးဖြစ်တယ်။ နိုဝင်ဘာ ၁ ရက်နေ့လောက်မှာ ကောက်နိုင်ဖို့ စဉ်းစားနေတယ်။ မြို့တွင်းခြောက်မြို့နယ်မှာ ယာဉ်ရပ်နားခ ကောက်ခံဖို့နေရာ အကြမ်းဖျင်းကတော့ ဝါးတန်းလမ်း လောက်ကနေပြီး ရွှေတိဂုံဘုရားလမ်းလောက်ထိ ပါတယ်။ နံပါတ်တပ်လမ်းတွေကို မကောက်ဘူး။ အမည်တပ်လမ်းတွေကို ကောက်မယ်။ တစ်နာရီကို ကျပ် ၂၀၀ နှုန်း ကောက်ခံမှာ ဖြစ်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။

ထို့ပြင် ယာဉ်ရပ်နားခ ကောက်ခံမည့် အချိန်သည် မနက် ၈ နာရီမှ ည ၆ နာရီအထိ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြန်လည် ကောက်ခံရန် ပြုလုပ်ရခြင်းသည် ယာဉ်များမှ စည်းကမ်းမဲ့စွာ ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် ဖြစ်ကြောင်း သိရသည်။

“ဘာဖြစ်လို့ ယာဉ်ရပ်နားခကို ပြန်ကောက်ရလဲဆိုတော့ ကားတွေက နှစ်ထပ်ရပ်တာတွေ ဖြစ်တဲ့အခါကြတော့ ယာဉ်ကြောကြပ်တည်းတာကို ထိန်းသိမ်းချင်တာကြောင့်ဖြစ်တယ်။ နောက်တစ်ခုက လိုင်စင်ဝင်တဲ့အခါ ဘီးခွန်၊ ယာဉ်ရပ်နားခရော ညအိပ်ခွန်ရော သုံးခုလုံးပါတယ်။ အရင်ဥပဒေတုန်းက နှစ်ခါကောက်သလို ဖြစ်နေတယ်။ အခုကြတော့ ဘီးခွန်သီးသန့်ပဲ ကောက်လိုက်တယ်။ ယာဉ်ရပ်နားခကို သီးသန့်ကောက်မယ်ဆို ကောက်လို့ရတယ်” ဟု ဒေါ်မေမေသွယ်က ပြောကြားသည်။

ယာဉ်ရပ်နားခအား ပြန်လည်ကောက်ခံမှုကြောင့် လက်ရှိအချိန်တွင် တရားမဝင် ယာဉ်ရပ်နားခ ကောက်ခံနေမှုများ ရှိတော့မည် မဟုတ်ကြောင်း၊ လမ်းပုံစံကို ကြည့်ကာ ယာဉ်ရပ်နားမှုအား တစ်ဇောင်း၊ အတည့် သို့မဟုတ် အပြိုင်ရပ်နားနိုင်သည့် ပုံစံမျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်လိုက်တဲ့အတွက် ကားပါကင်ဦးတာတွေ လုပ်လို့မရတော့ဘူး။ ကိုယ့်အိမ်ရှေ့ဆိုပြီး ကားရပ်မယ် ဆိုရင်လည်း ပိုက်ဆံပေးပြီးမှ ရပ်ရမယ်။ ညအိပ်ကောက်ခံဖို့တော့ အစီအစဉ် မရှိသေးဘူး။ သတ်မှတ်ချိန် နောက်ပိုင်းတော့ မကောက်ဘူး။ ဒါတွေ ကောက်မယ် ဆိုတာကိုလည်း ပြည်သူတွေကို ပြန်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်မေမေသွယ်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား)မှ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ယာဉ်ရပ်နား ကန့်သတ်ဇုန် ရှစ်ဇုန်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ်ငန်းများကို ဈေးပြိုင်တင်ဒါ စနစ်ဖြင့် အငှားချမည်ဖြစ်ကြောင်း၊ ဈေးပြိုင်တင်ဒါ စည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ (ဒုတိယထပ်) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

တင်ဒါအား သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကာ စက်တင်ဘာ ၂၁ ရက်တွင် တင်ဒါရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုများမှာ တရားမဝင် ကောက်ခံနေခြင်းများ ဖြစ်ကြောင်း သိရပြီး လက်ရှိတွင်လည်း ကောက်ခံမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

“လသာလမ်းနဲ့ မဟာဗန္ဓုလလမ်းမှာဆို ပိုဆိုးတယ်။ နည်းနည်းလေး ရပ်လို့မရဘူး။ ရပ်ဖို့လုပ်တာနဲ့ ၂၀၀ ပဲ။ ဘယ်ကကောက်လို့ ကောက်မှန်းလည်း မသိဘူး။ မေးရင်လည်း ရေရေလည်လည် ရှင်းမပြနိုင်ဘူး” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းများကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပယ်ဖျက်ခဲ့သည်။

Most Read

Most Recent