ဝန်ကြီးဌာနများက အစိုးရအဆက်ဆက် ချေးယူထားသည့် ပြည်ပကြွေးမြီ ဒေါ်လာ ၁၈ ဒသမ ၁၂၃ ဘီလျံရှိနေပြီး ထုတ်ယူသုံးစွဲထားမှုမှာ ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလျံအထိရှိကြောင်း သိရ

ဝန်ကြီးဌာနများက အစိုးရအဆက်ဆက် ချေးယူထားသည့် ပြည်ပကြွေးမြီ ဒေါ်လာ ၁၈ ဒသမ ၁၂၃ ဘီလျံရှိနေပြီး ထုတ်ယူသုံးစွဲထားမှုမှာ ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလျံအထိရှိကြောင်း သိရ
Published 24 August 2018

တရုတ်နိုင်ငံ၏ချေးငွေ ပါဝင်တည်ဆောက်ထားသည့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းကို တွေ့ရစဉ်

ဝန်ကြီးဌာနများက အစိုးရအဆက်ဆက် ချေးယူထားသည့် ပြည်ပကြွေးမြီ ဒေါ်လာ ၁၈ ဒသမ ၁၂၃ ဘီလျံအထိရှိနေပြီး အဆိုပါ ချေးယူငွေများထဲမှ ထုတ်ယူသုံးစွဲထားသည့် ငွေမှာ ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလျံအထိရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ ‘ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအ ပေါ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်’ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

အစိုးရအဆက်ဆက် ပြည်ပမှ ငွေချေးယူခဲ့ရာတွင် ၁၉၈၈ ခုနှစ် ရှေ့ပိုင်းချေးယူခဲ့မှုမှာ စာချုပ်တန်ဖိုးအရ ဒေါ်လာ ၅ ဒသမ ၄၉၁ ဘီလျံဖြစ်ပြီး ထုတ်ယူသုံးစွဲငွေမှာ ဒေါ်လာ ၅ ဒသမ ၂၈၈ ဘီလျံရှိခဲ့သည်။ ၁၅ နှစ်မှ အနှစ် ၄၀ အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သဖြင့် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ အရင်း ဒေါ်လာ ၁ ဒသမ ၀၂၃ ဘီလျံပေးဆပ် ထားပြီးဖြစ်၍ ပေးဆပ်ရန် ကျန်ရှိနေသော ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၂၆၅ ဘီလျံ ကျန်ရှိနေကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်အထိ ချေးယူခဲ့မှုမှာ စာချုပ် အရ ဒေါ်လာ ၄ ဒသမ ၅၃၅ ဘီလျံဖြစ်ပြီး ထုတ်ယူသုံးစွဲငွေမှာ ဒေါ်လာ ၄ ဒသမ ၁၅၀  ဘီလျံရှိခဲ့သည်။ အနှစ် ၂၀ အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်သဖြင့် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ အရင်း ဒေါ်လာ ၁ ဒသမ ၃၇၈ ဘီလျံပေးဆပ်ထားပြီး ပေးဆပ်ရန်ကျန်သော ပမာဏမှာ ဒေါ်လာ ၂ ဒသမ ၇၇၂ ဘီလျံကျန် ရှိနေကြောင်း သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အထိ ချေးယူခဲ့မှုမှာ စာချုပ်အရ  ဒေါ်လာ ၆ ဒသမ ၃၁၉ ဘီလျံဖြစ်ပြီး ထုတ်ယူသုံးစွဲငွေ မှာ ဒေါ်လာ ၂ ဒသမ ၁၉၇ ဘီလျံရှိခဲ့သည်။ ၁၀ နှစ်မှ အနှစ် ၄၀ အတွင်း ပြန်လည်ပေး ဆပ်ရမည်ဖြစ်သဖြင့် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ အရင်းဒေါ်လာ ၉၁ သန်း ပေးဆပ် ထားပြီး ပေးဆပ်ရန်ကျန်သောပမာဏမှာ ဒေါ်လာ ၂ ဒသမ ၁၀၆ ဘီလျံ ကျန်ရှိနေကြောင်း သိရသည်။

NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ချေးယူခဲ့မှုမှာ စာချုပ်အရ ဒေါ်လာ ၁ ဒသမ ၇၇၇ ဘီလျံဖြစ်ပြီး ထုတ်ယူသုံးစွဲငွေမှာ ဒေါ်လာ ခြောက်သန်း ရှိခဲ့သည်။ အနှစ် ၂၀ နှစ်မှ အနှစ် ၄၀ အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး ပေးဆပ်ရန်ကျန်သော ပမာဏမှာ ဒေါ်လာခြောက်သန်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ စာရင်းများအရ ဝန်ကြီးဌာနများက ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလျံအထိ ထုတ်ယူသုံးစွဲထား ခြင်းဖြစ်ပြီး ပေးချေပြီးငွေ ဒေါ်လာ ၂ ဒသမ ၄၉၂ ဘီလျံရှိနေသဖြင့် ပေးဆပ်ရန် လက် ကျန်ငွေမှာ ဒေါ်လာ ၉ ဒသမ ၁၄၉ ဘီလျံရှိ နေကြောင်း သိရသည်။

အဆိုပါ ချေးယူငွေများအတွက် အများဆုံး ပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်းများမှာ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ချေးယူခဲ့သော ငွေများဖြစ်နေပြီး အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအကြား ဖြစ်နေသည်။ ဒုတိယ အများဆုံးမှာ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်အထိ ချေးယူခဲ့သည့် ငွေများမှဖြစ်ပြီး အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းမှ ၄ ဒသမ ၇၈ ရာခိုင်နှုန်းအကြားဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်မီ ချေးယူခဲ့ရသည့် ငွေများအတွက်မူ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား ပေးချေရပြီး NLD အစိုးရလက်ထက် ချေးငွေများ၏ အတိုးနှုန်းမှာမူ ၀ ဒသမ ၀၁ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအကြား ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

ဝန်ကြီးဌာနများ အနေဖြင့် ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလျံအထိ ထုတ်ယူသုံးစွဲထားသော်လည်း ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ဌာနအဖွဲ့အစည်းအလိုက် ပေးဆပ်ရန်ရှိသည့် ပြည်ပကြွေးမြီမှာ ဒေါ်လာ ၁၀ ဒသမ ၂ ဘီလျံ ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

Most Read

Most Recent