ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ဖားကန့်ဒေသကို ဖြတ်သန်း စီးဆင်းနေသည့် ဥရုမြစ်တိမ်ကောမှု မတားဆီးနိုင်သေး

ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ဖားကန့်ဒေသကို ဖြတ်သန်း စီးဆင်းနေသည့် ဥရုမြစ်တိမ်ကောမှု မတားဆီးနိုင်သေး
Published 23 August 2018

ဖားကန့်ဒေသကို ဖြတ်သန်း စီးဆင်းနေသည့် ဥရုမြစ်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ဖားကန့်ဒေသကို ဖြတ်သန်း စီးဆင်းနေသည့် ဥရုမြစ် တိမ်ကောမှုကို မတားဆီးနိုင်သေးကြောင်း ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောကြားသည်။

မတားဆီးနိုင်သည့် အကြောင်းရင်းမှာ ယခင်ကာလကဲ့သို့ ဥရုမြစ်အတွင်း ကျောက်စိမ်းတူးဖော်မှုမှ စွန့်ပစ်မြေစာများ တိုက်ရိုက် မကျရောက်သော်လည်း ဥရုမြစ်၏ မြစ်လက်တက်ပေါင်း ၂၀ ကျော်မှ မိုးရာသီရောက်တိုင်း မြေစာများ ထိုးဆင်းလျက်ရှိရာ မြစ်ကြမ်းပြင်မှာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်စိမ်းလုပ်ကွက်များနှင့် ရောထွေးလျက် ရှိသည့် မှော်ပုံ၊ ဆန်ခါချောင်း၊ မှော်ဆီဇာချောင်း၊ မားယန်ချောင်း၊ နမ္မမြစ်ချောင်း၊ မော်ဝမ်းချောင်း၊ မော်မောင်းချောင်း၊ တောင်ချိုချောင်း၊ ရှရော်ခချောင်း၊ ရေအေးချောင်း၊ ဆိပ်မူချောင်း၊ စပေါ့ချောင်း၊ ရှမ်းစု၊ မယ်လင်ချောင်ချောင်းတို့မှ စွန့်ပစ်မြေစာများ ဥရုမြစ်သို့ ကျရောက်နေသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက “ဥရုမြစ်ကြောင်း ဆယ်ယူရေးဟာ နှစ်တိုင်း လုပ်ဆောင်တယ်။ ဒါပေမဲ့ အောက်ခြေမှာ ကျင်းပေါင်း တစ်သိန်း ဆယ်ရင် မြစ်ထဲပြန်ကျတာက ဆယ်ဆမက ပြန်ကျနေတယ်။ အထူးသဖြင့် ဥရုချောင်း လက်တက်တွေက လုပ်ကွက်တွေထဲမှာ ရောက်ကုန်တယ်။ မြေစာတွေကို ရွှေ့သလို ပြောင်းသလိုနဲ့ ပုံထားရင် မိုးရာသီရောက်တော့ မြစ်ထဲကို မျှောတိုက်ချသလို ဖြစ်နေတာ။ အဓိကတော့ စိစစ်မှုနဲ့ ကြီးကြပ်မှု တအားနည်းတာပါပဲ။ ဒီဟာတွေ ကာကွယ်ဖို့ လုပ်ကွက်ကြီးကြပ်ရေးအဖွဲ့တွေ ရှိပြီးသား ဆိုပေမယ့် မြင်လည်း မပြောကြဘူး။ ကြာလာတော့ ဥရုမြစ်ကြောင်း ဆယ်ယူရေးက အကြောင်းတရားကို မဖယ်နိုင်ရင် ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူးလေ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေကို အကြိမ်ကြိမ်မေးတယ်။ မေးတဲ့သူပဲ အားနာရမယ့်ပုံစံ ဖြစ်နေပြီ။ အဓိကတော့ စိစစ်မှုနဲ့ ကြပ်မတ်မှု အားနည်းတာပဲ”ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က စက်ယန္တရားကြီးများဖြင့် တူးဖော်နေသည့်အမျှ စွန့်ပစ်မြေစာများ တစ်နည်းနည်းဖြင့် ဥရုမြစ်အတွင်း ကျရောက်မည့် အခြေအနေ ဖြစ်ကြောင်း၊ တတ်နိုင်သည့်ဘက်မှ ထိန်းသိမ်းသော်လည်း မြစ်ကြောင်း တိမ်ကောလာမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း၊ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို KSR ရန်ပုံငွေဖြင့် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားသည်။

ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများ ဥရုမြစ်အတွင်း တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကျဆင်းမှုကြောင့် မြစ်နံဘေး ကျေးရွာများမှာ ရေကြီးမှုဒဏ်ကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင်ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ဥရုချောင်း ဆယ်ယူရေး ပြည်နယ်လွှတ်တော်တွင် ၂၀၁၈ ခုနှစ် မေ ၂၈ ရက်က ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှိလဆိုင်းက “ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း-ဖားကန့်-ဆိပ်မူ -တာမခံ-ဟောင်ပါးနဲ့ ဆယ်ဇင်းကျေးရွာ တစ်လျှောက် ကုမ္ပဏီများ စွန့်ပစ်မြေစာများကြောင့် မိုးအခါ၌ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ခံစားနေရသည်ကို ချောင်းရှင်းလင်းရေး ကော်မတီနဲ့ မြေစာပုံ စောင့်ကြည့်စိစစ်ရေး ကော်မတီအား စည်ပင်သာယာကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိ” ခေါင်းစဉ်ဖြင့် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဖားကန့်-ဆိပ်မူ -တာမခံ-ဟောင်ပါးနဲ့ ဆယ်ဇင်းကျေးရွာ တစ်လျှောက် ကုမ္ပဏီများ စွန့်ပစ်မြေစာများကြောင့် မိုးအခါ၌ ရေကြီးရေလျှံမှု နှစ်တိုင်းဆိုးရွားစွာ ဖြစ်နေတာ နှစ်တိုင်းဖြစ်ပါတယ်။ မနေ့က ဆိပ်မူ (ဆိုင်းတောင်း) မှာ ဆိုရင် မိုးကျတာနဲ့ ကားတွေ အိမ်တွေ ရေနစ်သွားတာကို တွေ့ကြရတယ်။ အခု ချောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ စည်းစနစ်ပိုင်း လိုအပ်နေတာကို တွေ့နေရပါတယ်။ ဥရုချောင်း ဆယ်တဲ့အခါ စွန့်ပစ်ရမယ့် နေရာ သတ်သတ်မှတ်မှတ် မရှိဘူး။ ချောင်းရှင်းလင်းရေး လုပ်တဲ့နေရာမှာ ရွှေ၊ ကျောက် ရှာဖွေတာတွေလည်း ရှိတယ်။ ချောင်းအလယ် တည့်တည့်မှာ ပုံမှာ ပြထားသလို မဖြစ်နိုင်တဲ့ ရေကြောင်းရှင်းလင်းမှု လုပ်နေတာလည်း နည်းစနစ်မကျဘဲ လုပ်နေတာ တွေ့ရတယ်။ ကျောက်ကို တစ်စီး နှစ်သောင်းနှုန်းနဲ့ နိမ့်နေတဲ့ နေရာတွေဖို့ဖို့ ရောင်းတာလည်း ရှိနေတယ်။ ကုမ္ပဏီတွေက မြေစာပစ်ဖို့ ရေကျော်တံတားတွေ ဆောင်ရွက်ကြရမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေ မရှိသော်လည်း ပြန်လည် ရုပ်သိမ်းချိန်မှာ ဒေသခံများနဲ့ နှစ်စဉ်လို အငြင်းပွားဖွယ် ဖြစ်နေတယ်။ ဒီလို ချောင်းရှင်းလင်းရေး ကော်မတီက ဥပဒေ၊ နည်းဥပဒေ မရှိတော့ ဆောင်ရွက်တဲ့အခါ အားနည်းနေတယ်။ အဲဒါကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတယ်။ ဒါကြောင့် စည်ပင်သာယာရေးကော်မတီလို စနစ်တကျ ဖွဲ့စည်းပေးဖို့ မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် မေးမြန်းခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်းအား သီးခြားမေးမြန်းရာတွင် ဖားကန့်မြို့နယ်တွင် ဥရုမြစ်နံဘေးကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် နှစ်စဉ် ရေလွှမ်းဒဏ်ကို ခံနေရကြောင်း၊ အိမ်ခြေရာနှင့်ချီ၍ ထိခိုက်ခဲ့ခြင်းကြောင့် မြစ်ကြောင်း ရှင်းလင်းရေးကော်မတီ ဖွဲ့ထားသော်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန်ပေးအပ်ထားခြင်း မရှိသဖြင့် ဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှု ထပ်တူနီးပါးသာ ဖြစ်သဖြင့် တိုးတက်မှု မရှိကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေးနှင့် ယင်းနှင့် ဆက်စပ်သည့် စွန့်ပစ်မြေစာပုံများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်း အဆင်ပြေနိုင်ကြောင်း ပြောကြားသည်။

ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ဖားကန့်ဒေသတွင် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာပြီး နှစ်စဉ် ရေကြီးရေလျှံ ဖြစ်ပေါ်မှုကြောင့် ဥရုမြစ်ထိန်းရေး လုပ်ငန်းကို ပြည်ထောင်စု အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ လုံးခင်းအခြေစိုက် ကျောက်မျက်တူးဖော်ရေးမှ ရပ်မိရပ်ဖများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မျက် ကုမ္ပဏီများကိုလည်း စနစ်တကျ မြေစာစွန့်ပစ်ရေး ဆောင်ရွက်နေကြောင်း၊ စွန်ပစ်မြေစာပုံများ ဥရုမြစ်အတွင်း ပြိုကျခြင်းများကို တွေ့နေရကြောင်း၊ ယခု ကုမ္ပဏီများကို တူးဖော်စေရာတွင် EMP (ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်) များကို စနစ်တကျ ရေးဆွဲစေလိုကြောင်း၊ ဥရုမြစ် ရှင်းလင်းရေး လုပ်ငန်းများ၊ မြေစာပုံ စောင့်ကြည့်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ချောင်းရှင်းလင်းရေး ကော်မတီနှင့် မြေစာပုံ စောင့်ကြည့်ရေး ကော်မတီအား စည်ပင်သာယာ ကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီများက စွန့်ပစ်မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ဥရုမြစ်နှစ်စဉ် နှစ်ပေနီးပါး တိမ်ကောမှုကို ဖားကန့်မြို့ အပါအဝင် ကျေးရွာများ ရေရှည် တည်တံ့ရန် ဒေသခံများက ဒုသမ္မတ အပါအဝင် သက်ဆိုင်ရာသို့ ၂၀၁၄ ခုနှစ်က တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားစာတွင် ၂၀၀၁ ခုနှစ် နောက်ပိုင်းမှစ၍ ဖားကန့်ဒေသအား နိုင်ငံတော်က ရတနာမြေအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကျောက်မျက် တူးဖော်သည့် ကုမ္ပဏီများက ဥရုမြစ်အတွင်းသို့ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း မြေစာများ စွန့်ပစ်လာခဲ့သည်မှာ ဆယ်စုနှစ်မက ကျော်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းစွန့်ပစ် မြေစာများ၏ အကျိုးဆက်ကြောင့် ဖားကန့်မြို့ အပါအဝင် ဥရုမြစ်နံဘေး ကျေးရွာများမှာ ရေကြီးမှုဒဏ်၊ စာသင်ကျောင်း၊ လူနေအိမ်များ၊ တံတားများမှာ မြေစာ ရွှံ့နွံများ ဖုံးလွှမ်းကာ တဖြည်းဖြည်း နစ်မြုပ်လာကြောင်း၊ သုံးနှစ်ခန့် ဥရုမြစ်ဆယ်ယူမှုကို လုပ်ဆောင်ခဲ့သော်လည်း မနိုင်ဘဲ ၂၀၁၄ ခုနှစ် သြဂုတ် ၂၄ ရက်တွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ပါက ဥရုမြစ်အတွင်း မြေစာများ မပစ်ရန်၊ မြစ်နံဘေး ဝဲယာရှိ မြင့်မားစွာ တည်ရှိနေပြီး ပြိုကျနိုင်သော မြေစာပုံများကို နေရာရွှေ့ပေးရန် ဒေသခံများက ယင်းတိုင်ကြားစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသ၌ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိရာတွင် NLD အစိုးရ လက်ထက်တွင် သက်တမ်းကုန်များကို သက်တမ်း ထပ်တိုးခွင့်မပြုဘဲ ထားရှိရာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက် စာရင်းချုပ်အရ အကျိုးတူ ၉၅ ကွက်၊ ပုဂ္ဂလိက လုပ်ကွက် ၇၄၅ ကွက် ရှိနေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ခြင်းလုပ်ငန်း ရှေးမြန်မာမင်းများ လက်ထက်မှ စတင်၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးမယူမီ ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့သည်။

Most Read

Most Recent