မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားများ သွားလာခွင့်ကန့်သတ်ထားမှုကို သြဂုတ်လမှစ၍ အမြဲတမ်း လာရောက်လည်ပတ်ခွင့် တရားဝင်ခွင့်ပြုဟု သိရ

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားများ သွားလာခွင့်ကန့်သတ်ထားမှုကို သြဂုတ်လမှစ၍ အမြဲတမ်း လာရောက်လည်ပတ်ခွင့် တရားဝင်ခွင့်ပြုဟု သိရ
Published 23 August 2018

မိုးကုတ်မြို့ကို တွေ့ရစဉ်

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားမှုကို ယခုသြဂုတ်လမှစ၍ အမြဲတမ်း လာရောက် လည်ပတ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်ခွင့်ကို ယခင်အစိုးရများလက်ထက်မှ လက်ရှိ NLD အစိုးရလက်ထက်အထိ တားမြစ်ကန့်သတ်ထားခဲ့ရာမှ မိုးကုတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရည်ရွယ်ကာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်းလာရောက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တင်ပြချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့က ယခု သြဂုတ်လမှစတင်ကာ မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားများ  အမြဲတမ်းတရားဝင်သွားလာခွင့်ရရှိရန် ခွင့် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“မိုးကုတ်မြို့ကို နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ခွင့်ပြုတဲ့ စာက ကျွန်တော်တို့ဆီတော့ မရောက်သေးဘူး။ မိုးကုတ်ကျောက်မျက်တူးဖော်ရေးအသင်းမှာ စာဝင်တယ်လို့ကြားတယ်။ တရားဝင် ခွင့်ပြုလိုက်ပြီလို့ ကြားရပါတယ်။ အင်တာနက်ပေါ်မှာတော့ ခွင့်ပြုလိုက်ပြီဆိုတဲ့ စာတိုလေးကို ကျွန်တော် ဖတ်လိုက်ရတယ်။ မိုးကုတ်မြို့ကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည်ပတ်မယ်ဆိုရင် မန္တလေး-မတ္တရာလမ်း ကနေ လာခွင့်ပြုတယ်။ မန္တလေး-ပြင်ဦးလွင်လမ်းဘက်က လာရင် ခွင့်မပြုဘူးလို့ ဟိုတယ်နဲ့ ခရီးသွားဌာနကိုပို့တဲ့စာမှာ ဖတ်ရတယ်။ ကျွန်တော့်ဆီမှာတော့ ခွင့်ပြုပေးလိုက်ပြီဆိုတဲ့ စာတော့ ရောက်မလာသေးပါဘူး။ ဒါပေမဲ့ သေချာတယ်ဆိုတာတော့ ပြောလို့ရပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့စာကိုလည်း တွေ့လို့ ဖတ်ထားပြီးပါပြီ။ အခုလို နိုင်ငံခြားသားတွေကို တရားဝင်သွားလာခွင့်ပြုပေးလိုက်ပြီဆိုတော့ မိုးကုတ်မြို့သူမြို့သားတွေက ဝမ်း သာနေကြတယ်”  ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ်ရာတွင် မိုးကုတ်မြို့ပေါ်၌သာ သွားလာလည်ပတ်ခွင့်ပြုမည်ဖြစ်ပြီး အခြားနေရာဒေသများသို့ သွားရောက်ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ထားသည့် စာအရသိရသည်။ မိုးကုတ်မြို့သို့ လာရောက်ရာတွင် မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းမှသာ လာရောက် လည်ပတ်ရမည်ဖြစ်ပြီး ပြင်ဦးလွင်-မိုးကုတ်လမ်းမှ လာရောက်လည်ပတ်ခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။ မိုးကုတ်မြို့သို့  နိုင်ငံခြားသားခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့်ရရှိရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော်သို့ တက်ရောက်လာစဉ် ပြောကြားခဲ့သည်။ မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကို ယခင်အစိုးရလက်ထက်များကတည်းက ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်ပြီးမိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ပွဲတော်ကာလဖြစ်သည့် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ အစိုးရက အကန့်အသတ်ဖြင့် ခွင့်ပြုပေးခဲ့သည်။

“ကျွန်တော်တို့ မိုးကုတ်မြို့က ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ လိုင်စင် သက်တမ်းတိုးပြီး တူးဖော်ခွင့်မပေးတော့ဘူး။ အဲဒီလို လိုင်စင်သက်တမ်း တိုးမပေးတော့တဲ့ အတွက် ကျောက်ထွက်နှုန်း ကျဆင်းနေတယ်။ နောက်တစ်ပိုင်းက မြို့ရဲ့ စီးပွားရေးကျဆင်း တာပေါ့။ ထွက်ပေါက်တစ်ခုအနေနဲ့ပြောရရင် ခရီးသွားလုပ်ငန်းက မြို့အတွက် တစ်ဖက်ကနေ အထောက်အကူပြုလာနိုင်မယ်လို့ ထင်တယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ ရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ ခရီးသွားလုပ်ငန်းက ဝင်ငွေစီးဆင်းမှုတစ်ခု ဖြစ်လာခဲ့ပြီဆိုရင် မြို့ရဲ့လူမှုရေး၊ စီးပွားရေးအကုန်အဆင်ပြေလာမယ်လို့ ယူဆပါတယ်။ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာပြီဆိုရင် မြန်မာနိုင်ငံရဲ့ နောက်ထပ် နိုင်ငံခြားသားတွေလာလည်ဖို့နေရာ တစ်ခု ဖြစ်လာမယ်။ ဒီမှာက သဘာဝအရင်းအမြစ်တွေရှိတယ်။ သဘာဝသယံဇာတတွေအပြင် ဒေသထွက် ရိုးရာအစားအစာတွေ ပေါတယ်။ ဒါတွေကို ကျွန်တော်တို့မြို့ကနေတစ်ဆင့် ကမ္ဘာကိုချပြသွားနိုင်ခွင့်ရမယ်”  ဟု မိုးကုတ်မြို့ခံ ကျောက်မျက်ရောင်းဝယ်ရေးနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းသူက ပြောကြားသည်။

Most Read

Most Recent