တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သော GE တပ်မှ ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင် လူသတ်မှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိထားခြင်း မရှိသေးဟုဆို

တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့သော GE တပ်မှ ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင် လူသတ်မှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိထားခြင်း မရှိသေးဟုဆို
Published 22 August 2018

သတ်ဖြတ်ခံရသည့် မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပျံ့နှံ့လျက်ရှိသည့် ဓာတ်ပုံအား တွေ့ရစဉ်

တောင်ကြီးမြို့၊ GE-2 ဆလအ- ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဒု-အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ကလေးမိခင် တစ်ဦးနှင့် သမီးငယ်တစ်ဦး၊ စုစုပေါင်း ၄ ဦး အသတ်ခံလိုက်ရသော လေးလောင်းပြိုင် လူသတ်မှုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ လက်ရှိအချိန်ထိ သိရှိထားခြင်း မရှိသေးကြောင်း သြဂုတ်လ ၂၁ ရက် ညနေ ၆ နာရီ ဝန်းကျင်က အတည်ပြု ပြောကြားမှုအရ သိရသည်။

အဆိုပါ တောင်ကြီးမြို့၊ GE-2 ဆလအ- ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်-၂ မှ ဒု-အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ကလေးမိခင်တစ်ဦးနှင့် သမီးငယ်တစ်ဦး၊ စုစုပေါင်း ၄ ဦး တို့သည် သြဂုတ်လ ၂၀ ရက် ညနေခင်း အချိန်တွင် အသတ်ခံလိုက်ရခြင်းဖြစ်ကာ ယခုအခါ အလောင်းများကို မဆရ-၂ သို့ ပို့လိုက်ပြီဖြစ်ကြောင်း လတ်တလော အတည်မပြုနိုင်သေးသော သတင်းအရင်းမြစ်များအရ သိရသည်။

“ဒု-အရာခံဗိုလ် တစ်ယောက်နဲ့ တပ်ကြပ်ကြီး တစ်ယောက်သေတယ်။ အရာခံဗိုလ်ရဲ့ ဇနီးသည်နဲ့ ကလေး တစ်ယောက်သေတယ်။ သူ့ယောကျ်ားက ကလေးကျောင်းသွားကြိုနေလို့ လွတ်သွားတာ၊ အမျိုးသမီးက အလောင်းတောင် ကောက်လို့မရဘူး။ ဒီလိုရက်ရက်စက်စက် အသတ်ခံရတာ ဘာကြောင့်လဲ မသိဘူး။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သတင်းတွေအရလည်း ဘာမှအချက်လက် မရှိသေးဘူး။ သတင်းစကားတွေအရ မဆရ - ၂ ကို အလောင်းတွေ သယ်သွားပြီ” ဟု အမည်မဖော်လိုသူ တောင်ကြီးမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကို သိရှိထားခြင်း မရှိသေးကြောင်း၊ အောက်ခြေမှ တင်ပြထားခြင်းလည်း မရှိသဖြင့် မသိရသေးကြောင်း၊ အောက်ခြေမှ တင်ပြမှသာ သိရှိရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး စန်းဝင်းက Eleven Media Group ၏ ယင်းအမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

“အဲဒီနေရာတွေ ဓါတ်ပုံရိုက်လို့ မကောင်းဘူး၊ ပုဒ်မ - ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာတွေရှိတယ်။ အဲဒီနေရာကို သွားလို့ရလားဆိုတော့ တို့ရဲတပ်ဖွဲ့တွေ သွားလို့မရဘူးပေါ့နော်။ မှတ်တမ်းတွေ ဘာတွေဆိုတာ ပိုဝေးတာပေါ့။ တပ်နဲ့ နီးစပ်သူတွေကို မေးမှပဲရတော့မယ်။ တို့မသိဘူး။ အမှုဖွင့်ထားတာ မရှိဘူး။ သွားလို့လည်း မရဘူး။ ” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးမောင်မောင်နိုင်ကလည်း အမှုနဲ့ ပတ်သက်၍ ပြောကြားသည်။

တောင်ကြီးမြို့ ရွှေဘုန်းပွင့်အတက်လမ်း၊ တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ လှိုဏ်ဂူအနီးတွင် အဆိုပါ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖြစ်စဉ်ကို သက်ဆိုင်ရာမှ လတ်တလော သတင်းထုတ်ပြန် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့ခံလူထုကြားတွင် တစ်ဆင့်သတင်းစကားအရ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကြီးမြို့ ရွှေဘုန်းပွင့် အတက်လမ်း၊ တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ လှိုဏ်ဂူတွင် အများပြည်သူ သွားလာရန် ကန့်သတ်ထားသော နေရာများရှိပြီး ပုဒ်မ - ၁၄၄ ထုတ်ပြန်ထားသော နေရာများလည်း ရှိနေကြောင်း သက်ဆိုင်ရာထံမှ သိရသည်။

အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ တပ်မတော် စသည်တို့မှ အသေးစိတ် တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ယင်းအမှုနှင့် ပတ်သက်၍ Eleven Media Group မှ ဆက်လက် စုံစမ်းလျက်ရှိကာ ရရှိသော သတင်းအချက်အလက်များကို ဆက်လက်ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။

Most Read

Most Recent