ရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှ လုံးဝဖယ်ရှားသွားမည်ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစား၍ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှ လုံးဝဖယ်ရှားသွားမည်ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစား၍ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 22 August 2018

သြဂုတ် ၂၁ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် 43rd SINGAPORE LECTURE ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (Photo – AFP)

ရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှ လုံးဝဖယ်ရှားသွားမည်ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစား၍ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ SEAS (Insitute of South East Asia Studies)  တွင် သြဂုတ် ၂၁ ရက်က ပြုလုပ်သော Democratic း Challenges and Way Forward ဟောပြောပွဲတွင် ပြောကြားသည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူတစ်ဦးက စစ်တပ်အုပ်ချုပ်ရေးစနစ်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲမှုအပေါ် မပြီးပြည့်စုံသေးဟု သုံးသပ်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြီးမြောက်စွာ ပြောင်းလဲနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်မည်နည်းဟု မေးခွန်းမေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်မယ်ဆိုရင် ဥပဒေပြုအာဏာရှိတဲ့ နေရာတိုင်းမှာ တပ်မတော်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တွေ့ရပါလိမ့်မယ်။ ကျွန်မတို့က ဘယ်အချိန်မဆို ၇၅ ရာခိုင်နှုန်း အတွက်ပဲ ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်။ ကျွန်မ အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်မတို့ဆီမှာ ၇၅ ရာခိုင်နှုန်း အာဏာပဲရှိပြီး ခံယူရတဲ့ တာဝန်ကတော့ ၁၀၀ ရာခိုင်နှုန်းပါ။ ကျွန်မတို့ အဲဒါကို အရင်ပြင်ရပါမယ်။ ကျွန်မတို့ပြင်ချင် တယ်လို့လဲ အရင်တုန်းကတည်းက တရားဝင် တင်ပြပြောကြားခဲ့ပါပြီ။ ကျွန်မတို့က ပြည်သူတွေ မရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များကို ဖယ်ရမယ်။ ဒါပေမဲ့ ဖယ်ရှားတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစားပြီး တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အစိတ်အပိုင်းတချို့ကလည်း ဒီမိုကရေစီမဆန်တဲ့ အပိုင်းဖြစ်နေပြီး စစ်တပ်ရဲ့ အာဏာနဲ့သက်ဆိုင်ပါတယ်။ အဲဒါတွေ အကုန်လုံးအပေါ် ကျွန်မတို့ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ပြီး ပြုပြင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ မနာကျင်စေတဲ့ နည်းလမ်းတွေ လုပ်ရမှာပါ။ မြန်မာပြည်မှာ ဒုက္ခတွေ၊ ဆူပူမှုတွေဖြစ်ခဲ့တာ များပြားလွန်းခဲ့ပြီး ပြည်သူပြည်သားတွေခံစားခဲ့ရတာ များပြားလွန်းခဲ့ပြီ။ ကျွန်မတို့ တိုင်းပြည်တစ်ခုလုံး ဗြောင်းဆန်သွားမယ့် တော်လှန်ရေးတွေ မဖြစ်စေချင်ပါဘူး။ ကျွန်မတို့ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ တရားဥပဒေဘောင်ထဲကပဲ လုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး ပွဲသို့တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက မေးမြန်းရာတွင် NLD အစိုးရ တာဝန်ယူအုပ်ချုပ်နေသော်လည်း မြန်မာတပ်မတော်၏ အာဏာအား ထိန်းချုပ်နိုင်ခြင်းမရှိဟု ဝေဖန်မှုများပြားနေသည်ဟုထောက်ပြပြီး စစ်တပ်က အာဏာသိမ်းဖို့ အလားအလာရှိသလားဟု မေးမြန်းခြင်းအပေါ် လက်ရှိအစိုးရယန္တရားတွင် ဗိုလ်ချုပ်ကြီးများနှင့် ညှိနှိုင်းလုပ်ဆောင်နေသည့်အတွက် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြေကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ပင်လုံအစည်းအဝေး သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ပြီး တစ်ကြိမ်ပြီးမြောက်ပါက အဖိုးတန်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတူညီသော တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပေါ်ပေါက်နေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ရန် စကားဝိုင်းများ၊ ညှိနှိုင်းမှုများအား အသုံးချပြီး ယုံကြည်မှုနှင့် နားလည်မှုတွေကို ဆက်လက်တည်ဆောက်သွားမည်ဟု ပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများပြီးလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒုတိယ စိတ်ဝင်စားမှုအများဆုံးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု (FDI) ဖြစ်ကြောင်း၊ လက်ရှိအစိုးရသည် မြန်မာနိုင်ငံအား နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုဖြစ်ရန် လုပ်ဆောင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဥပဒေများအား နိုင်ငံ၏အကျိုးအမြတ်များနှင့် ကောင်းမွန်သော စီးပွားရေးအလေ့အကျင့်များ ပေါ်ပေါက်လာနိုင်ရန် ညှိနှိုင်းပြင်ဆင်ထားကြောင်း၊ အာဆီယံ အဖွဲ့အစည်း နိုင်ငံများကြောင့် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုများရှိကြောင်းနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားပါက အကျိုးအမြတ်များအား အပြန်အလှန်ခံစားရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

Most Read

Most Recent