<

မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူများကို မူးယစ်တပ်ဖွဲ့က ဦးဆောင်ကာ ဖမ်းဆီးမှုများပြုလုပ်

မူးယစ်ဆေးသုံးစွဲရောင်းချသူအချို့ကို ဖမ်းဆီးနေစဉ်

မန္တလေးမြို့ ကမ်းနားတစ်လျှောက် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေမှုများကို မူးယစ်ရဲတပ်ဖွဲ့က ဦးဆောင်ကာ သြဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီခန့်က စတင်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ဧရာဝတီ မြစ်ဘေးကမ်းနားရှိ အိမ်တစ်လုံးတွင် အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဗွီဒီယိုဖိုင်တစ်ခု သြဂုတ် ၁၉ ရက် ညပိုင်းက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင် ပေါ်ထွက်လာပြီးနောက် မူးယစ်တပ်ဖွဲ့က ဦးဆောင်ကာ နယ်မြေခံ ရဲတပ်ဖွဲ့ အပါအ၀င် ပူးပေါင်းစစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲအိမ်များကို စစ်ဆေးခြင်း၊ အဆိုပါ အနီးတစ်ဝိုက် ဆိုင်ကယ်မောင်းနှင်လာသူများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ မူးယစ်ဆေးဝါး သုံးစွဲထားသူဟုယူဆရသည့် လူငယ်ရှစ်ဦးခန့်နှင့်အတူ စိတ်ကြွဆေးပြား ၃၆ ပြားခန့် ကနဦး ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အထက်မြန်မာပြည် မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးမျိုးအောင်ကို မေးမြန်းခဲ့ရာ “လတ်တလော စစ်ဆေးဖမ်းဆီးနေဆဲမို့ ဘာမှပြောလို့ မရသေးပါဘူး။ နောက်မှ ထုတ်ပြန်ပေးပါမယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဇွန်လ ၅ ရက် နံနက်အစောပိုင်းကလည်း အင်တာနက် စာမျက်နှာများတွင် မန္တလေးမြို့၊ ကမ်းနားလမ်း တာရိုးအနီး မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုဖိုင် တက်လာခဲ့ပြီး နောက်နံနက် ၈ နာရီခန့်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ် ကမ်းနားလမ်း အနောက်ဘက်တွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် သုံးစွဲသူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ခြင်းမရှိဘဲ တဲများကိုသာ ဖျက်သိမ်းခဲ့သည်။

မန္တလေးမြို့တွင် မကြာခဏဆိုသလို မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ ခဲ့သလို သတင်းများ ထွက်ပေါ်နေခဲ့သော ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာ အတွင်းသို့လည်း ဇွန် ၂ ရက်က ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျော်စောသတင်းရှိ နေအိမ်၂၃ လုံးကို စည်ပင်သာယာ ဥပဒေအရ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးမှုများတွင် သုံးစွဲနေသူ အများအပြားကိုသာ ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြား အနည်းငယ်သာ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

August 21, 2018














Copy Protected by Chetan's WP-Copyprotect.