နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုဖြင့် ကျိုက္ကဆံ အားကစားကွင်းအား ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ်၊ ကွန်ဒိုနှင့် အဆင့်မြင့် အားကစားကွင်းများကို ဂျပန်က ငွေကြေးစိုက်ထုတ်၍ တည်ဆောက်ရန် စီစဉ်ထား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုဖြင့် ကျိုက္ကဆံ အားကစားကွင်းအား ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ်၊ ကွန်ဒိုနှင့် အဆင့်မြင့် အားကစားကွင်းများကို ဂျပန်က ငွေကြေးစိုက်ထုတ်၍ တည်ဆောက်ရန် စီစဉ်ထား
Published 21 August 2018

စီမံကိန်းများ ပြုလုပ်မည့် ကျိက္ကဆံကွင်းအား အပေါ်စီးမှ မြင်ရစဉ် (ဓာတ်ပုံ- ငြိမ်းကို)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ကျိုက္ကဆံ အားကစားကွင်းအား ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားစိမ်းလန်းဥယျာဉ်၊ ကွန်ဒိုနှင့် အဆင့်မြင့် အားကစားကွင်းများကို မြန်မာ-ဂျပန် ပူးပေါင်း၍ တည်ဆောက်မည့် စီမံကိန်းအစီအစဉ်နှင့် ပတ်သက်၍ အားကစားကွင်းတွင် နေထိုင်သည့် ဝန်ထမ်းများနှင့် ကျန်းမာရေး လှုပ်ရှားသူများထံ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးအကြံပေး ဦးမျိုးမြင့်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက သြဂုတ် ၁၉ ရက်တွင် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု သဘောဆန္ဒကို လာရောက် တောင်းခံခဲ့သည်။

“အတိုင်ပင်ခံရဲ့ သဘောထားအရ လုပ်မယ်လို့တော့ ဆုံးဖြတ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမှာသလဲဆိုတော့ ပြည်သူ့ဆန္ဒကိုတော့ တောင်းရမယ်။ ပြည်သူအများစု လက်ခံရင်တော့ လုပ်မယ်ပေါ့ သဘောက။ အများစု မထောက်ခံရင်တော့ မလုပ်ဘူးပေါ့။ လုပ်မယ်လို့တော့ လျာထားပြီးပြီ။ အတိုင်ပင်ခံက မှာလိုက်တယ်။ အဲဒီမှာ နေထိုင်တဲ့သူတွေ၊ ဝန်ထမ်းတွေ၊ ကျန်းမာရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ လုပ်နေတဲ့သူတွေရဲ့ အများစုဆန္ဒကို သုံးသပ်နေတယ်။ တွေ့ဆုံပွဲကိုတော့ မကြာမကြာ လုပ်မယ်လို့တော့ ပြောပါတယ်” ဟု တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောကြားသည်။

ထို့ပြင် မြန်မာ-ဂျပန် ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကိုယ်ကျိုးရှာမည့် စီမံကိန်းမျိုး မဟုတ်ဘဲ ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား နှစ်ဦးနှစ်ဖက် ဆွေးနွေးထားသည့် အဆင့်အား လက်ရှိတွင် ပြည်သူလူထုကို အသိပေးခြင်း ဖြစ်ကြောင်း၊ အကျိုးအမြတ် ခွဲဝေခြင်း၊ ရင်းနှီးမြုပ်နှံမှု အတိုင်းအတာများကို အသေးစိတ် ဆွေးနွေးခြင်း မရှိသေးကြောင်း၊ စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျမည့်ငွေအား ဂျပန်ဘက်က အလုံးစုံ မြုပ်နှံမည်ဖြစ်ကာ မြန်မာအစိုးရဘက်က ကုန်ကျမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“ ဂျပန်က ဒီကျိုက္ကဆံကွင်းကိစ္စနဲ့ ပတ်သက်လို့ သူတို့က ကျွန်မတို့ နိုင်ငံအတွက် အလကား ကူညီပေးတာ ဖြစ်တယ်။ ကျိုက္ကဆံကွင်းကို အပိုင်းသုံးပိုင်း ခွဲပြီးတော့ တစ်ပိုင်းကတော့ အရင်တုန်းက အားကစားနေရာကို ပြန်ပေးမယ်။ တစ်ပိုင်းကတော့ Public ဧရိယာပေါ့။ တစ်ပိုင်းကတော့ သူတို့ဘက်က အဆောက်အအုံတွေ ဆောက်မယ်။ ဒီထဲမှာ ကျွန်မတို့ သိရတာက တန်ဖိုးနည်းအိမ်ရာတွေ ပါလာမယ်။ ပြည်သူလူထုတွေ အတွက်ပေါ့။ နောက်တစ်ခုက ပန်းခြံတွေ Shopping Mall တွေ ပါလာမယ်။ ဒါတွေလုပ်မယ် ဆိုတာတော့ သိရတယ်။ အပိုင်း သုံးပိုင်းနဲ့ ဆောင်ရွက်မယ်။ ဒီဟာကို ဖျက်ပြီး အသစ်ဆောက်တဲ့ အချိန်မှာတော့ ဝန်ထမ်းတွေကို မြောက်ဒဂုံမှာရှိတဲ့ မြင်းစီးလေ့ကျင့်တဲ့ကွင်းမှာ အဲဒီမှာ ဧက ၁၀၀ ကျော် ရှိပါတယ်။ အဲဒီမှာ ဂျပန်က အရင်ဆုံး အဆောက်အဦးတွေ ဆောက်ပြီးမှ အကုန်လုံး ပြောင်းရွှေ့ပြီးတော့ နေထိုင်မယ်။ ဒီဘက်က အဆောက်အဦးတွေ ပြီးရင်တော့ ဟိုဘက်က ဒီဘက်ကို ပြန်ပြီး ပြောင်းရွှေ့လာမယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

သြဂုတ် ၁၉ ရက်က ပြည်သူနှင့် ဆွေးနွေးမှုများမှာ လတ်တလော ဆွေးနွေးမှုများကို ချပြခြင်းဖြစ်ပြီး ဆက်လက် ညှိနှိုင်းများကိုလည်း ထပ်မံ အသိပေးမည် ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆက်လက် ပြောကြားသည်။

“ ကပွဲရုံတွေ ပါလာမယ်။ မြေအောက် ကားပါကင်တွေ ပါလာမယ်။ ပြီးရင် ရေကြီးရေလျှံကို ကာကွယ်မယ့် လုပ်ငန်းစဉ်ပေ့ါ။ ဒါနဲ့ ပတ်သက်တဲ့ ပရောဂျက် တစ်လုံးကိုတော့ အဲဒီလိုပါလာမယ်။ ပြည်သူလူထုကို တင်ပြနိုင်တာကတော့ ညှိနှိုင်းထားတဲ့ အကြမ်းဖျင်း အခြေအနေကိုပဲ တင်ပြနိုင်တာပေ့ါ။ အမြတ်ရှယ်ယာကို ဘယ်လောက် ခွဲဝေမလဲ သူတို့ဘက်က ဘယ်လောက် ရင်းနှီး့မြှုပ်နှံမလဲ၊ ကျွန်မတို့ဘက်က အမြတ် ဘယ်လောက်ရမလဲ၊ ဒါတွေကတော့ နောက်ပိုင်းတော့ ဆက်လက် ညှိနှိုင်းပြီးနောက် အခုက MoU တောင် မထိုးရသေးဘူးလေ။ နှစ်ဦးနှစ်ဖက် ဆောင်ရွက်မယ့် အခြေအနေနဲ့ ပြည်သူလူထုကို ချပြပြီး ပြည်သူလူထုကို နားလည်အောင် ပြောပြနေတဲ့ အခြေအနေတစ်ခုပဲ ရှိသေးတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ကျိုက္ကဆံကွင်းသည် မြေဧက ၁၅၀ ခန့် အကျယ်အဝန်းရှိပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိကာ လက်ရှိတွင် အားကစားနှင့် ကာယသိပ္ပံမှ လက်ရွေးစင်လူငယ်များ လေ့ကျင့်သည့် အားကစားရုံများ၊ တည်းခိုဆောင်များ၊ အများပြည်သူ လေ့ကျင့်ခန်းပြုလုပ်သည့် နေရာများအဖြစ် သတ်မှတ်ထားသည်။

“ ဒီမှာနေတာကတော့ ကြာပြီ။ ဒီကွင်းကြီးမှာ သူတို့ ဂျပန်နဲ့ပေါင်းပြီး စီမံကိန်းလုပ်မယ် ဆိုတာတော့ သိတယ်။ သူတို့လုပ်ရင် ဝန်ထမ်းတွေအတွက် မထိခိုက်ဖို့တော့ လိုမယ်။ သေချာတာကတော့ ဘောလုံးကွင်း နေရာတွေ လျော့သွားမယ် ထင်တယ်” ဟု စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကျိုက္ကဆံကွင်းအတွင်းမှ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောကြားသည်။

Aung San National Green Park လုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ဂျပန်နိုင်ငံ Ruysumr မှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လာရောက်တွေ့ဆုံ ရှင်းလင်း တင်ပြခဲ့သည်။

သို့သော် ယင်းစီမံကိန်းအား ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုက္ကဆံအားကစားကွင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တပ်မတော်နှင့် လျှပ်စစ်ဌာနပိုင်များ မြေများဖြစ်ပြီး စီမံကိန်း ဖော်ဆောင်ရန်အတွက် သက်ဆိုင်ရာ ဌာနသုံးခုနှင့် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

Most Recent