ပေါကားနှင့် မောရသည့် ရုံတင်စနစ်

ပေါကားနှင့် မောရသည့် ရုံတင်စနစ်
Published 20 August 2018

မြန်မာရုပ်ရှင်ဇာတ်ကားအား လာရောက်ကြည့်ရှုကြသည့် ပရိသတ်များကို တွေ့ရစဉ်

မြန်မာရုပ်ရှင်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ပေါကားဆန့်ကျင်ရေး လှုပ်ရှားမှုများက လှိုင်းထန်ခဲ့သည်။ ထိုလှိုင်းများက မြန်မာ့ရုပ်ရှင်နယ်ပယ်အတွင်းရှိ သရုပ်ဆောင်နှင့် ဒါရိုက်တာများအပေါ် ရိုက်ခတ်မှု ပြင်းထန်ခဲ့သည့်အပြင် ဒီထက်ပို၍ ပြင်းထန်မည့် မုန်တိုင်းတစ်ခုက ၂၀၁၈ ဇန်နဝါရီတွင် ထပ်မံရိုက်ခတ်ခဲ့သည်။

ယင်းမုန်တိုင်း၏ အမည်မှာ ‘ဥပါယ်တံမျဉ်’ဆိုသည့်ဇာတ်ကားပင် ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင် မတွေ့တာကြာပြီဖြစ်သော ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပရိသတ်များက အသိအမှတ်ပြု ချီးကျူးခဲ့သည်။ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားရုံတင်နေချိန်တွင် တောကားနှင့် မြို့ကားဆိုသည့် စကားမှာ ရုပ်ရှင်ပရိသတ်များအကြား ရေပန်းစားခဲ့ပြီး အွန်လိုင်းတွင်လည်း ဗန်းစကားတစ်ခုအဖြစ် အသုံးများခဲ့သည်။

ဥပါယ်တံမျဉ်ဇာတ်ကားမှာ ပရိသတ်များအကြားတွင် ပေါက်ကားဖြစ်ခဲ့သော်လည်း ငွေကြေးရရှိမှုအပိုင်းတွင်မူ ထင်သလောက် အောင်မြင်မှု မရခဲ့ပေ။ ထိုအချိန်က ရုပ်ရှင်ရုံများတွင် A Group၊ B Group ခွဲ ခြားပြသသည့်စနစ်ကို ကျင့်သုံးနေသည့်အ ပြင် ရုံရှင်၊ ကားရှင် စိတ်ကြိုက်ညှိနှိုင်းပြသမှုကိုလည်း ခွင့်ပြုပေးထားရာတွင် ‘ဥပါယ်တံမျဉ်’ ဇာတ်ကားကို Juction နှင့် Mega ကသာ ရွေးချယ်၍ ပြသခဲ့သည်။

ရုပ်ရှင်ရုံများကို  A Group ၊ B Group ခွဲခြားပြသသည့်စနစ်အား ကျင့်သုံးရာတွင် တစ်နှစ်လျှင်ရုပ်ရှင်ဇာတ်ကား ၅၀ ကျော်ခန့် ပြသနိုင်ခဲ့သော်လည်း ရိုက်ကူးသူများပြားလာသည့်အတွက် ဆင်ဆာကျဇာတ်ကားများ များပြားလာသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ရုပ်ရှင်အစည်းအရုံး၊ ရုံပိုင်ရှင်များနှင့် ထုတ်လုပ်သူများက ညှိနှိုင်းပြီး ၂၀၁၈ မတ်လမှစတင်ကာ လက်ရှိ ရုံတင်စနစ်ကိုပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း JCGV ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘လက်ရှိပြသရေးစနစ် ထွက်လာခဲ့တာက ရိုက်ထားပြီးသားဇာတ်ကားတွေ ပုံလာတာကို ဖြေရှင်းဖို့အတွက် ရုပ်ရှင်အစည်းအရုံးရော၊ ရုံပိုင်ရှင်တွေရော၊ ထုတ်လုပ်သူတွေရော အားလုံးညှိနှိုင်းပြီး ဒီစနစ်ကိုစခဲ့တာ   ၂၀၁၈ မတ်လက စတင်ခဲ့ပါ။ လက်ရှိအချိန်ထိ ကားပေါင်း ၃၀ နီးပါးပြပြီးသွားပြီ’’ဟု JCGV ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိရုံတင်စနစ်တွင် တစ်လလျှင် အနည်းဆုံးဇာတ်ကားငါးကားကို ရွေးချယ် ပြသရခြင်းဖြစ်ပြီး ပထမအပတ်တွင် ၂၀၁၆ ဆင်ဆာကျထားသည့် ဇာတ်ကားရှစ်ကားအတွင်းမှ ရုံရှင်များက ရွေးချယ်ပြသခြင်း၊ ဒု တိယအပတ်တွင် ရုံရှင်၊ ကားရှင် စိတ်ကြိုက်ရွေးချယ်ပြသခြင်း၊ တတိယအပတ်တွင် ၂၀၁၇ ဆင်ဆာကျပြီးသား ဇာတ်ကားရှစ်ကားအတွင်းမှ ရွေးချယ်ပြသခြင်း၊ စတုတ္ထအပတ်နှင့် ပဉ္စမအပတ်တွင် ရုံရှင်ကားရှင် စိတ်ကြိုက် ရွေးချယ်ပြသခြင်းဖြစ်ကြောင်း သိရသည်။

‘‘လက်ရှိ ရုံတင်စနစ်အနေအထားက သွားရတာပြေလည်နေပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဥက္ကဋ္ဌ) အနေနဲ့ကလည်း သူသွားချင်တဲ့ မဖြစ်မနေပြပေးရမယ့် ဇာတ်ကားတွေအကုန်လုံးကို ပြပေးစေချင် တဲ့သဘောဖြစ်တယ်။ အဲဒီတော့ ၂၀၁၆ တစ်ကား၊ ၂၀၁၇ ကား ပြပေးမယ်။ ရုံရှင်စိတ်ကြိုက်ကလည်း သုံးကားထိ ရွေးချယ်ခွင့်ပေးထားတယ်’’ဟု မင်္ဂလာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိရုံတင်စနစ်ကြောင့် ထုတ်လုပ်သူများဘက်မှ ရုပ်ရှင်ဇာတ်ကားများကို အချိန်တိုအတွင်း ရုံတင်လာနိုင်သည့်အပြင် ထုတ်လုပ်ကုန်ကျစရိတ်မှာလည်း မြန်မြန်ပြန်ပေါ်လာနိုင်သည့်အတွက် ရုပ်ရှင်ရိုက် ကူးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု များပြားလာခဲ့ကြောင်း ထုတ်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

ထိုသို့ ထုတ်လုပ်သူများ များပြားလာရခြင်း၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက  ငွေကြေးအမြတ်အစွန်းကြောင့်လည်း ဖြစ် သည်။ ထုတ်လုပ်သူတစ်ဦးအနေဖြင့် ၎င်းတို့ ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားတစ်ကားသည် ရုံအားလုံးတွင် ပြသခွင့်ရပြီး ပေါက်ကားဖြစ်ခဲ့ပါက တစ်ပတ်အတွင်း သိန်းသောင်းချီ၍ ဝင်ငွေရရှိနိုင်သောအခြေအနေတွင် ရှိနေသည်။

ထိုသို့ သိန်းသောင်းချီ ဝင်ငွေရှိသော်လည်း ထုတ်လုပ်သူတစ်ဦးတည်းက ရရှိခြင်း မဟုတ်ပေ။ ရုပ်ရှင်ဇာတ်ကားများပြသရာတွင် ဝင်ငွေခွဲဝေမှုအချိုးသည် ပထမ ရက်သတ္တပတ်တွင် ရုံပိုင်ရှင် ၅၀ ရာခိုင်နှုန်း- ထုတ်လုပ်သူ ရာခိုင်နှုန်း ၅၀၊ ဒုတိယ ရက်သတ္တပတ်တွင် ရုံပိုင်ရှင် ၅၅ ရာခိုင်နှုန်း- ထုတ်လုပ်သူ ၄၅ ရာခိုင်နှုန်း၊ တတိယ ရက်သတ္တပတ်တွင် ရုံအချို့၌ ရာခိုင်နှုန်း ၆၀- ထုတ်လုပ်သူ ရာခိုင်နှုန်း ၄၀ ဖြစ်ပြီး ရုံအချို့ကမူ ရုံရှင် ၆၅ ရာခိုင်နှုန်း- ထုတ်လုပ်သူ ၃၅ ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ်ခွဲဝေ၍ ယူရခြင်းဖြစ် သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နာမည်ကြီး ရုပ်ရှင်မင်းသားများဖြစ်ကြသည့် နေတိုး၊ မြင့်မြတ်၊ ပြေတီဦးတို့နှင့် ဇာတ်ကားရိုက်ကူးမည် ဆိုပါက ရုပ်ရှင်ဇာတ်ကားတစ်ကားလျှင် သိန်း ၁၅၀၀ နှင့် ၂၀၀၀ ဝန်းကျင်အကြား ကုန်ကျစရိတ်ရှိပြီး အခြားသော သရုပ်ဆောင်များနှင့် ရိုက်ကူးမည်ဆိုပါက သိန်း ၁၀၀၀ ဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

‘‘အခု ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ကိုနေတိုးတို့၊ မြင့်မြတ်၊ ပြေတီတို့ ကားဆို ရင် သိန်း ၁၅၀၀-၂၀၀၀ ပတ်လည်လောက် လောက်ကုန်တယ်။ ကျန်တဲ့ မင်းသားတွေနဲ့ ဆိုရင်တော့ သိန်း ၁၀၀၀ နဲ့ ၁၃၀၀ ပတ်လည် လောက်မှာ ရှိတယ်’’ဟု Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ခံမန်နေဂျာ ဦးဆောင်းဦးက ပြောကြားသည်။

ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ကုန်ကျစရိတ် ကြီးမားနေရခြင်းသည် အဓိက သရုပ်ဆောင်များဖြစ်ကြသည့် မင်းသား နှင့်မင်းသမီးတို့၏ သရုပ်ဆောင်ကြေး ကြီးမြင့်နေသောကြောင့်ဖြစ်ပြီး နာမည်ကြီး မင်းသားနှင့် မင်းသမီး နှစ်ဦးတည်းနှင့်ပင် သရုပ်ဆောင်ကြေးမှာ သိန်း ၁၀၀၀ ခန့် သုံးစွဲရကြောင်း ထုတ်လုပ်သူအချို့က ဆိုသည်။

ထိုသို့ အရင်းအနှီး ကြီးမားသည့်အတွက် ထုတ်လုပ်သူများမှာ ၎င်းတို့ ဇာတ်ကားကို အမြန်ဆုံး ရုံတင်၍ ငွေမြန်မြန်ပေါ်ရေးသည် အဓိကရည်မှန်းချက် ဖြစ်ခဲ့သည်။ လက်ရှိ ရုံတင်စနစ်တွင် ၂၀၁၆ ဆင်ဆာကျ ထားသည့် ဇာတ်ကားများနှင့် ၂၀၁၇ ဆင် ဆာကျထားသည့် ဇာတ်ကားများကိုလည်း ရွေးချယ်ပြသရသည့်အပြင် ရုံရှင်ကားရှင် စိတ်ကြိုက် ရွေးချယ်ပြသခွင့်ကိုလည်း အနည်းဆုံး သုံးကားအထိ ခွင့်ပြုထားသည့်အတွက် ကောင်းမွန်သည့်စနစ်ဖြစ်ကြောင်း ရုံရှင်များက မှတ်ချက်ပြုသည်။

‘‘အမှန်ကတော့ ဒီစနစ်အတိုင်းက ရုံတွေအတွက်ရော၊ ထုတ်လုပ်သူ တွေအတွက်ရော ပရိသတ်တွေအတွက်ပါ အဆင်ပြေပါ တယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားပြသမှု ပိုင်းမှာ ဇာတ်ကားအရေအတွက် ပိုများလာတယ်။ အဲဒီလိုပဲ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဈေးကွက်အနေအထားကလည်း ကောင်းတဲ့ဘက်ကိုပဲ ပိုပြီးဦးတည်လာတယ်’’ဟု Mega ACE ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် ရုပ်ရှင်ဆိုသည့်အတိုင်း ထုတ်လုပ်သူများရင် ရှုပ်ရမည့် ပြဿနာက လက်ရှိရုံတင်စနစ် ပြောင်းလဲပြီး မကြာမီကာလတွင် ရောက်ရှိလာခဲ့သည်။

ပြဿနာက အခြားမဟုတ်၊ မင်္ဂလာကုမ္ပဏီအုပ်စုနှင့် Mega ACE & JCGV တို့၏ ဇာတ်ကားရွေးချယ်မှုအပိုင်းတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ပြီး ထုတ်လုပ်သူများ၏ ဝင်ငွေမှာလည်း ပြသခွင့်ရသည့် ရုံပေါ်တွင်မူတည်၍ ကွာဟမှု ကြီးမားလာသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၇၀ ကျော် ရှိသည့်အနက် ၂၄ ရုံအထိ မင်္ဂလာကုမ္ပဏီအုပ်စုက ပိုင်ဆိုင်ပြီး ကျန်ရုံ ၅၀ ဝန်းကျင်ကို Mega ACE & JCGV ၊ Paradiso၊ Red Radiance နှင့် တစ်ဦးတည်း ပိုင်ရုံရှင်များက ပိုင်ဆိုင်ကြသည်။

မင်္ဂလာကုမ္ပဏီသည် ရုပ်ရှင်ပြသရေးလုပ်ငန်းကို ၁၉၉၆ ခုနှစ်တွင် မင်္ဂလာရုပ်ရှင်ရုံ မှစတင်ကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ပြသရေး လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ ၂၃ နှစ် သို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မော်လမြိုင်နှင့် မုံရွာ စသည့်မြို့ကြီးများတွင် ရုပ်ရှင်ရုံပေါင်း ၂၄ ရုံတွင် ပိတ်ကားပေါင်း ၃၇ ခုဖြင့် ပြသလျက်ရှိသည်။

ရုပ်ရှင်ရုံအများဆုံးပိုင်ဆိုင်မှုတွင် မင်္ဂလာကုမ္ပဏီ အုပ်စုပြီးလျှင် Mega ACE & JCGV က ကုမ္ပဏီ နှစ်ခုပေါင်းက ၁၄ ရုံသာ ပိုင်ဆိုင်သော်လည်း အဓိကမြို့ကြီးများတွင် ရုံပိုင်ဆိုင်မှုများသောကြောင့် လက်ရှိရုံတင်စနစ်၏ ဇာတ်ကားရွေးချယ်ရာမှာ ရွေးချယ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်သူများအတွက် ပြဿနာက အဲဒီမှာ စသည်။ လက်ရှိ ရုံတင်စနစ်အရ ပထမအပတ်တွင် ၂၀၁၆ ဆင်ဆာကျထားသည့် ဇာတ်ကားရှစ်ကားထဲမှ မင်္ဂလာနှင့် Mega ACE & JCGV တို့က ရွေးပြီးပြရသည့် အတွက် ရွေးချယ်မှုတူညီပါက ရုံအားလုံးတွင် တစ်ပြိုင်တည်း ပြသခွင့်ရသောကြောင့် ပေါက်ကားဖြစ်လျှင် အကျိုးအမြတ်များနိုင်သည်။ ပေါက်ကားမဖြစ်သော်လည်း ရုံအားလုံးတွင် ပြသရသည့်အတွက် အရှုံးနည်းပြီး အရင်းပြန်ရနိုင်သည်။ တတိယအပတ် ၂၀၁၇ ဆင်ဆာကျပြီးသားဇာတ်ကားများ ရွေးချယ်ရာတွင်လည်း ထိုနည်းလည်းကောင်းပင်။

သို့သော် အဓိကပြဿနာဖြစ်သည်က ရုံရှင်၊ ကားရှင် စိတ်ကြိုက်ရွေး၍ ပြရသည့် တစ်လ အနည်းဆုံးသုံးကားတွင် မင်္ဂလာနှင့် Mega ACE & JCGV  တို့ ရွေးချယ်မှုက မတူညီသည့်အတွက် အပြိုင်နှစ်ကားပြသည့် ပုံစံမျိုးဖြစ်သွားတတ်သည်။ လက်ရှိ ရုံတင်စနစ်ဖြင့်ပြသခဲ့သည့် ငါးလအတွင်း ရုံရှင်၊ ကားရှင် စိတ်ကြိုက်ရွေး၍ပြရာတွင် ထိပ်တိုက်တွေ့ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ရှိခဲ့ သည်။ ဥပမာအားဖြင့် ဒါရိုက်တာ ခရစ်(စ)တီးနားခီ ရိုက်ကူးသည့် မုဒြာခေါ်သံဇာတ်ကားကို Mega ACE & JCGV တို့က ရွေးချယ်၍ ပြသချိန်တွင် မင်္ဂလာရုံအုပ်စုများတွင် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ရွှေကြာဇာတ်ကားကို အပြိုင်ပြသခဲ့သည်။

ဒါရိုက်တာ ခရစ်(စ)တီးနားခီ၏ ပထမကားဖြစ်သည့် ဥပါယ်တံမျဉ်သည် နာမည်ကြီး၍ ပေါက်ကားဖြစ်ခဲ့သော်လည်း ဒုတိယကားဖြစ်သည့် မုဒြာခေါ်သံဇာတ်ကားကို မင်္ဂလာဘက်မှ ရွေးချယ်ခြင်းမရှိဘဲ ရွှေကြာ ဇာတ်ကားကိုသာ စိတ်ကြိုက်ရွေးချယ်၍ အပြိုင်ပြခဲ့သည်။

ထိုသို့ပြသရာတွင် အပြိုင်နှစ်ကားလုံး ပေါက်ကားဖြစ်သွားပါက မင်္ဂလာဘက်ခြမ်းတွင် ပြသသည့် ဇာတ်ကားမှာ ဝင်ငွေပိုရကြောင်း သိရသည်။ မင်္ဂလာကုမ္ပဏီအုပ်စု၏ ရုံများမှာ နေရာကျယ်ဝန်းသည့်အပြင် ရုံအရေအတွက်မှာလည်း Mega ACE & JCGV  ထက် ပိုများသောကြောင့် ပေါက်ကားချင်းတူသော်လည်း ရရှိသည့်ဝင်ငွေမှာ သုံးချိုးတစ်ချိုးခန့်ကွာသည်ဟု ရုပ်ရှင်ထုတ်လုပ်ရေးများက ဆိုသည်။ ထို့ပြင် မင်္ဂလာပိုင် ရုံများမှာ လူနေထူထပ်သည့် နယ်မြို့များတွင် ရှိခြင်းကလည်း ဝင်ငွေအရ ပိုသာစေသည့် အချက်တစ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဝင်ငွေအများဆုံးရသည့် ရုပ်ရှင်ရုံမှာ သမ္မတရုံဖြစ်ပြီး ရုံပြည့်ဝင်ပါက တစ်ပွဲလျှင် ၁၉ သိန်းကျော်ခန့်ရရှိကြောင်း သိရသည်။ Mega ACE & JCGV တို့၏ရုံများမှာမူ ရုံအပြည့်ဝင်ပါက တစ်ပွဲလျှင် ရှစ် သိန်းကျော်သာရရှိသည့်အတွက် ဝင်ငွေမှာ သုံးချိုးတစ်ချိုးခန့် ကွာနေခြင်းဖြစ်သည်။

လက်ရှိတွင် မင်္ဂလာနှင့် Mega ACE & JCGV  တို့က ရွေးချယ်ပြသရာတွင် ထုတ်လုပ်သူများအတွက် လမ်းကြောင်းနှစ်ကြောင်း ဖြစ်နေသည်။ မင်္ဂလာဘက်ခြမ်းတွင် ပြသချင်သည်ဆိုပါက အချိန်ကြာသော်လည်း ဝင်ငွေပိုရနိုင်မည်ဖြစ်ပြီး Mega ACE & JCGV ဘက်ခြမ်းတွင် ပြသမည်ဆိုပါက အချိန်သက်သာသော်လည်း ဝင်ငွေနည်းမည် ဖြစ်သည်။

အချို့သောထုတ်လုပ်သူများက ရင်းနှီးထားသည့် ငွေအမြန်ပေါ်လိုခြင်း၊ မိမိတို့ ဇာတ်ကားမှာ အချိန်ကာလနှင့် လိုက်လျော ညီထွေဖြစ်စေရန် ပြသလိုခြင်းများသောကြောင့် Mega ACE & JCGV ဘက်ခြမ်း တွင် ပြသမှုများရှိခဲ့သော်လည်း ဝင်ငွေမှာ မင်္ဂလာဘက်ခြမ်းလောက် မရရှိပေ။ ဝင်ငွေ ကွာဟမှု ကြီးမားလာသည့်အတွက် ထုတ်လုပ်သူအများစုမှာ မင်္ဂလာဘက်ခြမ်းတွင်သာ ပြသလိုသည့်သူများလည်း ရှိခဲ့သည်။

ထို့ပြင် Mega ACE & JCGV  အုပ်စုတွင် ပါဝင်ပြသသည့် ထုတ်လုပ်ရေးများအနေဖြင့် မင်္ဂလာအုပ်စုဘက်တွင်လည်း ရုံအချို့တွင် ပြသပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ မင်္ဂလာအုပ်စုအနေဖြင့် အချို့သော ဇာတ်ကားများတွင် ရုံအချို့ပေးခြင်းနှင့် အချို့သောရုံများတွင် ပွဲစဉ်အချို့ ပြသပေးမှု များရှိသော်လည်း ယင်းအခွင့်အရေးကို ရရှိသည့် ဇာတ်ကားမှာ နည်းပါးလွန်းခဲ့ကြောင်း ထုတ်လုပ်သူများက ဆိုသည်။

‘‘ကျွန်တော့်ရဲ့ ဥပါဒါန် ဇာတ်ကားတုန်းက ရုံတင်ပြသခွင့်ရရှိဖို့ကို တစ်နှစ်ကျော်လောက် ကြိုးစားခဲ့ရတယ်။ ဒီဇာတ်ကားက ကိုယ့်ဘာသာ၊ သာသနာအတွက်ရည်ရွယ်ပြီး ရိုက်ကူးတဲ့ဇာတ်ကားပါ။ ဒါပေမဲ့ ရုပ်ရှင်ရုံ အများစုမှာ ပြသခွင့်မရခဲ့ပါဘူး။ တချို့ရုံတွေက နောက်ပိုင်းမှာ ပြန်ပြပေးကြပေမဲ့ ဝင်ငွေအချိုးကတော့ နည်းသွားတာပေါ့လေ။ ရုပ်ရှင်ရုံအများကြီး ပိုင်ဆိုင်ထားတဲ့ မင်္ဂလာကုမ္ပဏီ အနေနဲ့ တကယ်အရည်အသွေးရှိတဲ့ ဇာတ်ကားကောင်းတွေနဲ့ ရည်ရွယ်ချက်ကောင်းတဲ့ဇာတ်ကားတွေအပေါ်မှာ ရုံတချို့တော့ပေးပြီး ပြသသင့်တယ်လို့ ကျွန်တော်ခံစားရတယ်။ အခုလက်ရှိမှာက ရုပ်ရှင်ရုံပိုင် ရှင်တွေအချင်းချင်း အားပြိုင်မှုက ကျွန်တော်တို့ အနုပညာရှင်တွေကိုပဲ ထိခိုက်မှုဖြစ်စေပါ တယ်။ ရှေ့ဇာတ်ကားမှာ ကျွန်တော့်အနေနဲ့ အရင်းပြန်ရဖို့တောင် မနည်းကြီးကြိုးစားထားရတာဖြစ်လို့ နောက်ဇာတ်ကား ဆက်ရိုက်ဖို့ကို အတော်လေးအားယူပြီး စဉ်းစားနေရပါတယ်’’ ဟု ဥပါဒါန်ဇာတ်ကား၏ ထုတ်လုပ်သူ ဒါရိုက်တာဗန်းကြီးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

လက်ရှိ ရုံတင်စနစ်နှင့်ပတ်သက်၍ ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ‘‘အခု လက်ရှိရုံတင်စနစ်မှာ ကျွန်တော်သိသလောက်ကတော့ ဇာတ်ကားရွေးချယ်မှုကို အဓိကပြုလုပ်နေတဲ့ ကုမ္ပဏီနှစ်ခုမှာ တစ်ခုကတော့ သူတို့ဘက်က ရွေးချယ်ထားတဲ့ဇာတ်ကားကို တခြားတစ်ဖက်က ရုံတွေမှာပြရင်လည်း ပေးပြတယ်။  တစ်ဖက်ရုံအုပ်စုကတော့ သူ့ဘက်မှာ မပြတဲ့ ဇာတ်ကားတွေကို ဟိုဘက်ကို မသွားရဘူးဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာပဲ ထုတ်လုပ်ရေးအချို့နဲ့ မင်္ဂလာအုပ်စုက Group တွေ ဖွဲ့ထားတာလည်း ရှိတယ်လို့ ကြားတယ်။ မင်္ဂလာအုပ်စု အနေနဲ့ကလည်း ဇာတ်ကားတွေအားလုံးကို ပြမပေးနိုင်ဘူးလေ။ ဒါကို သူ့ဘက်မှာ မပြ ပေးတဲ့ဇာတ်ကားတွေကို တခြားတစ်ဖက်မှာ သွားပြီးပြရတယ်။ ဇာတ်ကားတွေမှာကလည်း အချိန်အခါပေါ်မူတည်ပြီး ပြရတာတွေရှိတယ်လေ။ အဲဒီလိုပြသတာတွေအပေါ်မှာပဲ မင်္ဂလာကုမ္ပဏီဘက် မကြည်ဖြူဘူးဆိုတဲ့ သဘောတွေရှိတယ်။ လက်ရှိမှာ ရုပ်ရှင်ရုံအုပ်စုတွေကွဲနေသလို ထုတ်လုပ်သူ တွေဘက်မှာလည်း အုပ်စုတွေ ကွဲကုန်ကြတာရှိတယ်။ တချို့ထုတ်လုပ်ရေးတွေဆိုရင်  အချင်းချင်း ချစ်ချစ်ခင်ခင် ရှိခဲ့ကြတာကနေ ဆက်ဆံရေးတွေ သိပ်မကောင်းတော့တာတွေရှိတယ်’’ ဟု မှတ်ချက်ပြုသည်။

ထို့အတူပင် မင်္ဂလာအုပ်စုမှ ရွေးချယ်ပြသသည့် ဇာတ်ကားများအား Mega ACE & JCGV  ရုံအုပ်စုများမှ ပြသရန်ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ထုတ်လုပ်သူများက ပြသရန် ငြင်းဆိုမှုများရှိခဲ့သည်ဟုလည်း သိရ သည်။

‘‘ရုံရှင် ကားရှင်စိတ်ကြိုက်မှာကတော့ ကိုယ့်ဘက်က ပြသချင်ပေမဲ့ ထုတ်လုပ်သူဘက်က မပြချင်ဘူးဆိုရင်လည်း အစ်မတို့တွေ ပြလို့မရဘူး။ ဒါပေမဲ့ တချို့ဇာတ်ကားတွေမှာတော့ ရုံရှင်စိတ်ကြိုက် ဇာတ်ကားတွေမှာတော့ အစ်မတို့အနေနဲ့ တစ်ဘက်က ရုံအုပ်စုနဲ့ ညှိနှိုင်းလို့ရရင်တော့ တူနိုင်ပါတယ်။ ရုံရှင်စိတ်ကြိုက်ကားတွေထဲမှာမှ ထုတ်လုပ်သူတွေဘက်က နှစ်ဖက်စလုံးမှာ ပြဖို့အတွက် ကမ်းလှမ်းတာတွေ၊ စာတင်တာ တွေရှိတဲ့အတွက် နှစ်ဘက်စလုံးမှာ ပြသပေးတဲ့ ဇာတ်ကားတွေတော့ ရှိပါတယ်။  ဥပမာ Reflection ဆိုတဲ့ ဇာတ်ကားနဲ့ ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားတွေမှာတော့ နှစ်ဖက်စလုံး တစ်ပြိုင်နက်ပြခဲ့တာတွေ ရှိပါတယ်။အစ်မတို့ ရုံအုပ်စုတွေအနေနဲ့ကတော့ ကိုယ့်ဘက်ကရွေးချယ်ထားတဲ့ ဇာတ်ကားကို တစ် ဖက်က ပြမယ်ဆိုရင်လည်း ကန့်ကွက်တာမျိုး တားဆီးတာမျိုး မရှိပါဘူး။ တစ်ဖက်က ရုံရှင် တွေ စိတ်ကြိုက်ဖြစ်ရင် ပြလို့ရပါတယ်။ အဲဒါက ထုတ်လုပ်သူရဲ့ အခွင့်အရေးပါ’’ ဟု JCGV ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မင်္ဂလာကုမ္ပဏီဘက်သို့ ရုံတင်စနစ်နှင့် ပတ်သက်ပြီး ဝေဖန်မှုရှိနေသော်လည်း ထုတ်လုပ်သူများအနေဖြင့် မင်္ဂလာဘက်မှတောင်းဆိုသော ဝင်ငွေအချိုးကို မပြင်လိုသည့်အတွက် စွပ်စွဲခံရမှုများရှိလာကြောင်း မင်္ဂလာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘အရင်တုန်းကတော့ မင်္ဂလာကနေပြီး ဦးဆုံးရုံတင်ပြီး ပြသခဲ့တယ်။ ခွဲဝေပေးတဲ့ အချိုးကိုလည်း ညီတူညီမျှပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ ရုံသစ်တွေပေါ်လာပြီး ထိပ်တိုက်ပြချင်တဲ့ ရုံတွဲတွေ ပေါ်လာတယ်။ အဲဒီအတွက် မင်္ဂလာအုပ်စုအနေနဲ့ ဘယ်ရုံကိုပြပါ၊ ဘယ်ရုံကိုမပြပါနဲ့လို့ မပြောဘူး။ ဈေးကွက်သဘောအရ ဈေးကွက်က ပျံ့သွားတဲ့ အတွက် ချိုးရတဲ့ရာခိုင်နှုန်းကို နည်းနည်းလျှော့ယူပါဆိုတဲ့အခါမှာတော့ ထုတ်လုပ်သူတွေက လျှော့မယူချင်ကြဘူး။ သူတို့က အပြည့်အတိုင်း ယူချင်တယ်။ အဲဒီအတွက် တစ်ဖက်ရုံတွဲတွေကို သူတို့မတင်ဘူး၊ မင်္ဂလာမှာပဲ တင်မယ်၊ ဒီအချိုးကို အပြည့်ပေးနိုင်မလားဆိုပြီး သူတို့ဘက်ကစပြီး ပြောလာတယ်။ ကျွန်တော်တို့ကတော့ တစ်ဖက်ကိုပြပါ။ ကျွန်တော်တို့ဘက်မှာတော့ တစ်ဖက်မှာ ဝင်သွားတဲ့အတွက် ဒီဘက်မှာရနေတဲ့ ဝင်ငွေအတိုင်းအတာက လျော့သွားတဲ့အတွက် ဒီအချိုးလေးတော့ ပြင်ပေးပါဆိုတာကို သူတို့ ဝင်ငွေ ဝေစုအချိုး မပြင်ချင်ဘဲနဲ့ ကျွန်တော်တို့က အပြည့်အတိုင်းလိုချင်တယ်။ ဟိုဘက်ကိုမပြနဲ့ဆို မပြတော့ဘူးဆိုတာမျိုး ဖြစ်လာတယ်။ အဲဒီမှာ မင်္ဂလာက အကျပ်ကိုင်လို့ သူတို့က မပြရပါဘူးဆိုတာမျိုးဖြစ်လာတယ်။ တကယ်တော့ ဒါက ဈေးကွက်အနေအထားကို နားမလည်လို့ဖြစ်တာလေ။ ဈေးကွက်မှာ ဦးဆုံးရောင်းရတုန်းကတော့ သူ့ကို ဈေးပိုပေးထားတယ်။ ဦးဆုံးမရောင်းရတဲ့အခါ ဟိုဘက်ဒီဘက် ထိပ်တိုက်ဖြစ်လာတဲ့အခါမှာ  ဈေးကွက်ဝေစု လျော့လာတယ်။ အဲဒီတော့ ဝင်ငွေအချိုးပြင်ဖို့ပြောတာ မပြင်ဘဲ ဟိုဘက် မပြဘူးဖြစ်လာတာလေ။ တကယ်တော့ ဒါ က ထုတ်လုပ်သူရဲ့ ရွေးချယ်မှုပါပဲ’’ ဟု မင်္ဂလာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဝင်ငွေအပေါ်မူတည်၍ ထုတ်လုပ်ရေးအချို့မှ လက်ရှိပြသရေးစနစ်အတိုင်း ရွေး ချယ်ခံရသည့် ၎င်းတို့ ဇာတ်ကားအချို့ကို အခြားရုံအုပ်စုတွင် ပြသရန် ငြင်းဆန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

လက်ရှိရုံတင်စနစ်အရ ဆင်ဆာတန်းစီဇာတ်ကားများဖြစ်သည့် အောင်သီရိထုတ်လုပ်ရေးမှ ‘ဟီးဟီးဟားဟား’ ဇာတ်ကားနှင့် လာဗင်ဒါထုတ်လုပ်ရေးမှ ‘ဓားငပြူး’ ဇာတ်ကားတို့မှာ  Mega ACE & JCGV  ရုံအုပ်စုများတွင် ပြသရန်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

‘‘အခုလက်ရှိ ရုံတင်စနစ်မှာ ပြသဖို့ရှိတဲ့ ဇာတ်ကားအရေအတွက်က ၂၄၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဒီစနစ်ကိုကျင့်သုံးတဲ့အဓိက ရည်ရွယ်ချက်ကလည်း ဒီဇာတ်ကားတွေအားလုံး ရုံတင်ပြသ နိုင်ရမယ်၊ မြန်ဆန်စွာ ရုံတင်နိုင်ရမယ်ပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့ အောင်သီရိ ထုတ်လုပ်ရေးအနေနဲ့ အဲဒီရည်ရွယ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းတဲ့အနေနဲ့ တန်းစီစနစ်ထဲကနေရွေးချယ်ခံရတဲ့ ကျွန်တော်တို့ရဲ့  ‘ဟီးဟီးဟားဟား’ ဇာတ်ကားကို ကျန်တဲ့ဇာတ်ကားတွေကို ရုံအစုံ မယူတော့ဘဲနဲ့ တစ်ခြမ်းကိုပဲ ယူလိုက်တယ်။ ကျန်တဲ့တစ်ခြမ်းက နောက်တစ်ကားပြသနိုင်ဖို့အတွက် လမ်းဖွင့်ပေးတဲ့သဘောပါပဲ။ တန်းစီစနစ်ထဲမှာပါရင် ဇာတ်ကားတွေအနေနဲ့ ရုံအစုံမှာ မဖြစ်မနေပြရမယ်ဆိုတဲ့ မူတော့ မရှိဘူး။ ရုံတွေအနေနဲ့လည်း တန်းစီစနစ်ထဲမှာပါတဲ့ ဇာတ်ကားတိုင်းကို ပြတာမဟုတ်ဘူး။  တစ်ဖက်က ရွေးတာတစ်ကား နောက်တစ်ဖက်က ရွေးတာတစ်ကား မတူပါဘူး။ ထုတ်လုပ်သူတွေအနေနဲ့ကလည်း တန်းစီစနစ်ထဲမှာပါတိုင်း ရုံအားလုံးမှာပြသရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ထုတ်လုပ်သူဘက်ကလည်း ရုံတိုင်းကို မပြဘူးဆိုတာက နောက်တစ်ဖက်ကနေ တစ်ကားတက်လို့ ရအောင်လို့ပါ။ များသောအားဖြင့်က လည်း ဆင်ဆာနံပါတ်အရ တန်းစီထားတဲ့ ကားတွေဆိုရင် ၂၀၁၆ ဆိုရင် နှစ်ကား၊ ၂၀၁၇ ဆိုရင်လည်း နှစ်ကားတိုက်နေကျပဲ။ ကျွန်တော်တို့အလှည့်ကျမှ နှစ်ဖက်လုံးကတူပြီး တစ်ကားတည်းဖြစ်နေတာ။ ဒီလို ငြင်းတယ်ဆိုတာကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါပဲ။ တကယ်တမ်းကျတော့ ရုံရှင်တွေကလည်း ရှစ်ကားထဲကနေ ကြိုက်တာကိုရွေးပြကြတဲ့ အခွင့်အရေးရှိသလိုပဲ၊ ထုတ်လုပ်သူတွေအနေနဲ့လည်း ကိုယ်နဲ့ အဆင်ပြေတဲ့၊ ကိုယ်ပြချင်တဲ့ရုံကို ပြန်ရွေးချယ်နိုင်တဲ့ အ ခွင့်အရေးတော့ရှိသင့်တယ်လို့ ထင်ပါတယ်’’  ဟု အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါက်တာကျော်ကျော်ဦးက ရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်ကကျင်းပသော ရုံရက်ချိတ် အစည်းအဝေးတွင် ထုတ်လုပ်ရေးများမှ ပြသရန် ဆန္ဒမရှိသော ရုံအုပ်စုများကို စာတင်ရန် ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ သို့သော် ဇူလိုင် ၃၀ တွင် ယင်းထုတ်ပြန်ချက်အား ခေတ္တဆိုင်းငံ့သည့် စာကို ရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ထုတ်ပြန်ခဲ့သည်။

ထို့အတူပင် ထုတ်လုပ်သူများကြားတွင်လည်း အမျိုးမျိုးသော ဝေဖန်မှုနှင့် ထုတ်လုပ်သူအခွင့်အရေးဆိုသည့် စကားသံများလည်း ထွက်ပေါ်လာခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းရှင်များအကြားတွင် သဘောထား ကွဲလွဲမှုများလည်း ရှိလာသည်။

‘‘အခုလက်ရှိ ရုံတင်စနစ်နဲ့ပတ်သက်ပြီးတော့က ဘာမှ ပြောလို့မရသေးဘူး၊ ဘာမှလည်း လုပ်လို့မရသေးဘူး။ အခုက ဘာဖြစ်နေလဲဆိုတော့ ရုံတင်စနစ် ပြဿနာတက်နေရတဲ့ကြားထဲမှာမှ ရုံရှင်တွေရဲ့ ပြိုင်ဆိုင်မှုက တစ်ခါဝင်လာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဦးတို့အနုပညာသမားတွေပဲ ကြားညပ်တာပဲ။ နောက်ဆုံးကျရင်လည်း အနုပညာသမားတွေပဲ အလုပ်လက်မဲ့တွေ ဖြစ်ကုန်မှာပဲ။ ရှင်းတယ်။ ဒါကိုလည်း ဘယ်သူကမှ မဖြေရှင်းပေးနိုင်ဘူး။ ဦးတို့လည်း မဖြေရှင်းနိုင်ဘူး။ ဒါကလည်း ခေတ်အဆက် ဆက်ဖြစ်လာတာကိုး။ ပုံစံတစ်ခုကို ပြောင်းတော့မယ်ဆိုရင် နစ်နာတာရှိသလို ပိုကောင်းတာတွေလည်း ရှိတယ်။ စစချင်းကတော့ ဘယ်ဟာပဲဖြစ်ဖြစ် နစ်နာတာရှိမှာပဲ။ အဲဒါကို ဘယ်သူကမှ မခံစားသရွေ့ကတော့ ဦးတို့ အနုပညာရှင်တွေကပဲ အနစ်နာခံပြီး သွားရမှာပဲ။ ဦးတို့တွေက အနစ်နာခံပြီး သွားတဲ့အခါကျတော့လည်း စနစ်က ပြောင်းသွားမှာမဟုတ်ဘူး။ အလုပ်မရှိကြတော့ဘဲ ဖြစ်သွားမယ်။ ရုံပြိုင်ဆိုင်မှုတွေက မပြီးသေးဘူး။ ဘယ်တော့မှ ပြီးမလဲ မသိဘူး။ အဲဒီထဲမှာ ထုတ်လုပ်သူတွေက မညီမညွတ်နဲ့ ဖြစ်နေဦးမယ်ဆိုရင်တော့ ဒီဟာကြီးက ဒီအတိုင်းပဲ ရွေ့သွားမယ်။ ရုံပြိုင်ဆိုင်မှုလည်း ပြီးမှာမဟုတ်ဘူး။ ဒီစနစ်လည်း ပြီးမှာမဟုတ်ဘူး’’ ဟု ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က သုံးသပ်သည်။

ထုတ်လုပ်သူအများစုကလည်း လက်ရှိ ရုံတင်စနစ်မှာပင် ရုံအုပ်စုအချိုးအား ကွာဟမှုနည်းရန် မျှော်လင့်နေကြသည်။

‘‘ရုံပိုင်ရှင်တွေချင်း မာနပြိုင်၊ စီးပွားပြိုင်နေကြတာက ပရိသတ်တွေနဲ့ ကိုယ့်ရုပ်ရှင်လောကအတွက်တော့ ပြန်ကြည့်ဖို့ကောင်းတယ်’’ ဟု ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။

လက်ရှိရုံတင်စနစ်ကို ၂၀၁၈ ခုနှစ် မတ် ၉ ရက်က စတင်ပြောင်းလဲကျင့်သုံးခဲ့သည့်အတွက် ယခုဆိုလျှင် အချိန်ငါးလကျော်ခန့်ကြာ ပြီဖြစ်သည်။ ရုံတင်စနစ်စတင်ပြောင်းလဲသည့် မတ် ၉ ရက်မှ သြဂုတ် ၁၇ ရက်အထိ ဇာတ်ကားပေါင်း ၃၀ ကျော် ရုံတင်ပြသခဲ့သည်။

ယင်းဇာတ်ကား ၃၀ ကျော်အနက် ပေါကားဟု လူပြောများသည့် ဟာသကားမှာ ထက်ဝက်နီးပါး ရုံတင်ခဲ့သည်ကို တွေ့ရသည်။ ယခု ငါးလအတွင်း အချို့သောပေါကား (ဟာသကား) များ၏ဝင်ငွေသည် သိန်းသောင်းနှင့်ချီ၍ရသည်ဟု သိရသည်။

လက်ရှိ ရုံတင်စနစ်အရ ရုံအုပ်စုများ၏ ပြသခဲ့သော ဇာတ်ကားများကို ကြည့်မည်ဆိုလျှင် ရုံရှင်များဘက်မှ ရွေးချယ်မှု ထက်ဝက် ခန့်မှာ ပေါကားများဖြစ်နေသည်ကို တွေ့ရ သည်။

ငါးလအတွင်း ဘာကြောင့် ပေါကား (ဟာသကား) များကို ထက်ဝက်ခန့်မျှရွေးချယ် ၍ ရုံရှင်များက ပြသခဲ့သနည်း။ အဓိကမှာ ငွေကြေးအမြတ်အစွန်းနှင့် ပရိသတ်အကြိုက် နာမည်ကြီး မင်းသား၊ မင်းသမီးများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက သုံးသပ်မှုများရှိနေသည်။

‘‘ရုံရှင်တွေဘက်က လက်ရှိအချိန်မှာ အနုပညာထက် ဘယ်သူက ပေါ်ပြူလာအဖြစ် ဆုံးလဲ၊ ဘယ်သူ့ဆိုရင် ငါတို့ပိုက်ဆံပြန်ရမလဲ ဆိုတာကိုပဲ ဦးတည်ပြီးတွက်တယ်။ ဒါကလည်း သူတို့မှာ အပြစ်မရှိပါဘူး။ စီးပွားရေး သမားကတော့ စီးပွားရေးအရ တွက်ချက်မှာပဲလေ’’ ဟု ဒါရိုက်တာ ခရစ်(စ)တီးနားခီက သုံးသပ်သည်။

လက်ရှိတွင် လူငယ်ဒါရိုက်တာအချို့က အစဉ်အလာဟောင်းမှ ဖောက်ထွက်သည့် ဇာတ်ကားများကို ရိုက်ကူးတင်ဆက်ခဲ့ကြသော်လည်း ဝင်ငွေရရှိမှုတွင် အချို့ ပေါကား (ဟာသကား) များ၏ဝင်ငွေကို မမီသည့်အ တွက် နောက်ထပ်ဇာတ်ကားကောင်းများ ရိုက်ထုတ်ရန် မဝံ့မရဲဖြစ်နေကြသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

ထိုသို့ဖြစ်ရခြင်းသည် လက်ရှိရုံတင်စနစ်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ လူငယ်အချို့၏ ဖောက်ထွက်လာသည့် ဇာတ်ကားများကို ရုံအားလုံးတွင် ပြသခွင့်မရရှိခဲ့ဘဲ Mega ACE & JCGV ဘက်အခြမ်းတွင်သာ ပြသခွင့်ရရှိခဲ့သောကြောင့် ဝင်ငွေအရ နည်းပါးသွားခဲ့သည်။

‘‘လက်ရှိအနေအထားက ငါတို့မှာ ရုံဘယ်နှရုံရှိတယ်။ ငါတို့ ပြပေးမှရမယ်ဆိုတဲ့ ခေါင်းမာမာနဲ့ ရပ်တည်နေတဲ့ စနစ်ကြီးကလည်း ရှိနေသေးတယ်။ တချို့ကျတော့လည်း ယနေ့အထိ ဘယ်လိုပဲ ယုံကြည်တယ်ပြောပြော ဒီအသစ်ကိုကြည့်ပေမယ့် နောက်အသစ်ကိုတော့ ကြည့်ပါ့မလားဆိုတဲ့ စိတ်ကလည်း ရှိနေပြန်ရော။ အဲဒီကြားထဲမှာမှ အနုပညာရှင်အသစ်တွေအတွက် နေရာတစ်ခုက ကျိန်းသေရသွားခဲ့တာတော့ မဟုတ်ဘူး။ အဲဒီလိုဆိုတော့ ဘာက ကြောက်စရာကောင်းလဲ ဆိုတော့ လူငယ်တွေက အနုပညာတစ်ခုကိုပဲ ကြည့်ပြီး ဖန်တီးဖို့ ကြောက်လာလိမ့်မယ်။ ဒီဈေးကွက်ကိုမသိရင် ပြခွင့်မရှိဘူး။ ပြခွင့်မရှိရင် ပိုက်ဆံထုတ်ပေးတဲ့သူကို ပိုက်ဆံပြန် ရှာမပေးနိုင်ဘူး။ မပေါက်တဲ့အတွက် သူကိုယ်တိုင်ကလည်း နာမည်တစ်ခုမရတဲ့အတွက် စားဝတ်နေရေး ထိခိုက်လာမယ်ဆိုတာကို သိလာမယ်။ အဲဒီတော့ သူကိုယ်တိုင်က ဈေး ကွက်ဆိုတဲ့ဟာတစ်ခုကိုပဲ အာရုံစိုက်လာလိမ့်မယ်လို့ ထင်တယ်။ အဲဒီအခါ မြန်မာ့ရုပ်ရှင်က ကောင်းသွားမယ့်ဟာကနေ တစ်ခါပြန်ပြီးတော့ နောက်ဆွဲမယ့်အရာတွေလည်း ပေါ် လာမယ်လို့ ထင်ပါတယ်’’ ဟု ဒါရိုက်တာခရစ် (စ) တီးနားခီက ဆိုသည်။

မြန်မာ့ရုပ်ရှင်ဈေးကွက်သည် ၂၀၁၇ ခုနှစ်မှစတင်ကာ ပရိသတ်အားပေးမှုများပြားလာခြင်း၊ ရုံအရေအတွက်များပြားလာခြင်းတို့ အပြင် ပြသနိုင်သည့် ဇာတ်ကားအရေအတွက်လည်း များပြားလာခဲ့ပြီး ဦးမော့လာနိုင်ခဲ့ သည်။ ထို့အတူပင် မြန်မာ့ရုပ်ရှင်အပေါ် ပရိသတ်များ၏ စိတ်ဝင်စားအားပေးမှုနှင့်အတူ ဝေဖန်မှုများ အထူးသဖြင့် မြန်မာပေါကား ဆိုသည့် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။ သို့သော်လည်း ရုပ်ရှင်ရုံများနှင့် ထုတ်လုပ်သူများအတွက်မူ  ပေါကား (ဟာသကား)အများစုက ဝင်ငွေအများအပြားရရှိရန် မျှော်လင့်နိုင်သည့်အနေအထားကို ရုပ်ရှင်ကြည့်ပရိသတ်များက ဖော်ဆောင်ပေးခဲ့ကြသည်။

ထို့ကြောင့် ဝင်ငွေအရများသည့် မင်္ဂလာဘက်ခြမ်းတွင် ပေါကား (ဟာသကား) အချို့ ၏ ဝင်ငွေမှာ သုံးပတ်အတွင်း သိန်းသောင်းနှင့် ချီ၍ရသည့်အတွက် ထုတ်လုပ်သူအများစုမှာ စီးပွားရေးအရ ငွေရလွယ်သည့် ပရိသတ်အကြိုက် နာမည်ကြီးမင်းသား၊ မင်းသမီးများနှင့် ဟာသကားများကိုရိုက်ကူးရန် ဦးစားပေးစဉ်း စားလာသည့်အတွက် မြန်မာ့ရုပ်ရှင်တော်လှန်ရေးမှာ မျှော်တော်ယောင်ဘဝက မလွတ်မြောက်နိုင်သေးကြောင်း သုံးသပ်လျက်ရှိကြသည်။

‘‘ပေါကားဆိုတာကလည်း ပရိသတ်ရှိလို့လည်း ရိုက်နေကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုဇာတ်ကားမျိုးတွေကိုပဲ အားပေးတဲ့ ပရိသတ်များခဲ့လို့ ဒီလို ပေါကားတွေက တောက်လျှောက်ရိုက်လာတယ်။ အဲဒါကြောင့် ကြည့်တဲ့ပရိသတ်တွေ အမာခံရှိလို့လည်း ရုံတွေကတင်တာပေါ့။ ပိုက်ဆံရတဲ့ကားကို တင်တယ်။ ဒါပေမဲ့ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့ဆိုရင် ပိုက်ဆံရမယ့်ကား တွေချည်းပဲ တင်နေလို့တော့ မဖြစ်သေးဘူး။ တကယ်တမ်း ခီတို့လိုမျိုး သေသေချာချာရိုက်ထားတဲ့ ကားမျိုးတွေကိုလည်း နေရာပေးမှ သာလျှင်၊ မျှမှသာလျှင် ရုပ်ရှင်လောကက တိုးတက်မှာ။ ရုံရှင်တွေကြောင့်မိုလို့လည်း အဲဒီ လိုဖြစ်ရတာ။ ပရိသတ်တွေကြောင့်မိုလို့လည်း အဲဒီလို ဖြစ်နေရတာ။ အဲဒီတော့ ရုပ်ရှင်လောကကြီးက မတိုးတက်တော့ဘူးပေါ့’’ ဟု Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent