နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီးသွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီးသွားရောက်
Published 20 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူနိုင်ငံတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်စဉ် (ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလုပ်သဘော ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာကြောင်း သြဂုတ် ၁၉ ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေးသွား ရောက်ရန်အတွက် သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင်  နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူသမ္မတနိုင်ငံသို့ အထူးလေယာဉ်ဖြင့်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မွန်းလွဲ ၁ နာရီတွင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ Senior Minister of State of the Ministry of Foreign Affairs and Ministry of Defence H.E. Dr. Mohamad Maliki Bin Osman၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး  H.E. Ms Vanessa Chan ၊ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးဌေးအောင်နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ စင်ကာပူမြို့မှ တာဝန်ရှိသူများက လေဆိပ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည်  စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ သုံးရက်ကြာ သွားရောက်ခဲ့ပြီး  စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် စင်ကာပူူစီးပွားရေးလုပ်ငန်းစုများ၏ ခေါင်းဆောင်များတွေ့ဆုံပြီး  စင်ကာပူရောက်  မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံ၏ အကျင့်ပျက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်လေ့လာခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူနိုင်ငံတာဝန်ရှိသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံခြားရေး ဝန်ကြီးဌာန)

လက်ရှိ အာဆီယံဥက္ကဋ္ဌနေရာကို စင်ကာပူနိုင်ငံက တာဝန်ယူထားပြီး အာဆီယံထိပ်သီးအစည်းအဝေးပွဲများနှင့် ဆက်စပ် အစည်းအဝေးပွဲများကိုလည်း ပြီးခဲ့သည့် ဧပြီလအတွင်းက စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

ယင်းအစည်းအဝေးပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိခဲ့ဘဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲ၌လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိပေ။ သို့သော်လည်း အာဆီယံဒေသအတွင်း အရေးပါသည့် ထိပ်သီးအစည်းအဝေးတစ်ရပ်ဖြစ်မည့် နိုဝင် ဘာလအတွင်း စင်ကာပူ၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကိုမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တက်ရောက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသည်။

 

 

Most Read

Most Recent