<

မူးယစ်စစ်ဆင်ရေး ဘယ်အထိသွားမလဲ

မောင်တောမြို့တွင် ချင်းများဖြင့် ရောနှောတင်ဆောင်လာသော ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ (ပုံကြီး) စိတ်ကြွဆေးများဖြင့် ဖမ်းဆီးရမိသည့် အနုပညာရှင်အချို့ (ပုံသေး)

“ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် မျှော်လင့်ချက်ဖြစ်တဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူ ရရှိပြီး မူးယစ်သားကောင်တွေ ဖြစ်နေရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကျရှုံးမှုနွံထဲကို ပို့နေသလို ခံစားရပါတယ်” မတ် ၃၀ ရက်မှ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့်က သမ္မတတာဝန်ယူပြီး သုံးလခန့်အကြာမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဇွန် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် စီမံချက်တစ်ခုကိုလည်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

အဲဒီအစီအစဉ်ကတော့ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်တဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာနကို နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားပြီး တိုင်ကြားရမည့် ဖုန်းနံပတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာများကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံချက်မှာ မူးယစ်ဆေး သတင်းပေးတဲ့သူတွေ အတွက် လုံခြုံရေး၊ သတင်းပေးတဲ့ သူတွေအတွက် ဆုချီးမြှင့်တဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်နေတဲ့ အထူးသတင်း တိုင်ကြားရေးဌာနက မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ ဖော်ထုတ်ဖို့နဲ့ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်စေဖို့ ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲကြပ်မတ်မှုအောက်မှာ သီးခြားဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကိုလည်း ဖမ်းဆီးရမိတဲ့ တရားခံ၏ ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ဒီဌာနကို ရောက်လာတယ်။ ရောက်လာတဲ့သတင်းကို သမ္မတကို တင်ပြမယ်။ သမ္မတကနေ စိစစ်မယ်။ စိစစ်ပြီးရင် ဒီဟာကို အောက်ခြေကို အဆင့်ဆင့်ကို မချပြဘူး။ ဗဟိုမှာဖွဲ့ထားတဲ့ အထူးအဖွဲ့ကို ပေးမယ်။ အထူးအဖွဲ့က သွားပြီးစစ်ဆေးမယ်။ စုံစမ်းမယ်။ ဖော်ထုတ်မယ်။ ဖမ်းဆီးရမိမှုတွေကို တရားရုံးတင်မယ်။ အမှုဖွင့်မယ်။ သတင်းပေးတဲ့သူ၊ ဖမ်းဆီးတဲ့သူ နိုင်ငံတော်အစိုးရ ဒီသုံးဦး သုံးဖလှယ် အချိုးကျ ခွဲဝေသွားမယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

တန်ဖိုးများပြားတဲ့ မူးယစ်ဆေးဝါးမှုတွေကို ဆုကြေးငွေချီးမြှင့်တဲ့ အနေအထားမှာဆိုရင် တရားရုံး၏ ဆုံးဖြတ်ချက် လုပ်ထုံးလုပ်နည်းတွေက ကြာမြင့်နိုင်တဲ့အတွက် နိုင်ငံတော်က စိုက်ထုတ်ပေးအပ်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“တရားရုံးမှာဆိုရင် လုပ်ထုံးလုပ်နည်းက ကြာတယ်။ ဒီအမှုကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ တရားရုံးက စီရင်ချက်ချတဲ့ အထိဆိုရင် အရမ်းကြာမယ်။ ကြာနေမယ်ဆိုတော့ တန်ဖိုးသင့်ပြီးရင် သတင်းပေးသူ၊ ဖမ်းတဲ့သူကို နိုင်ငံတော်က စိုက်ထုတ်ပြီး ပေးထားမှာ။ ပေးတဲ့အခါ သတင်းပေးတဲ့သူ ဘယ်သူလဲဆိုတာ မသိအောင်လို့ ဆုချီးမြှင့်တာကိုလည်း သတင်းထုတ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုရတယ်။ ဒီ Process က ဖြစ်နိုင်သမျှ အတိုဆုံး လုပ်ထားတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတရဲ့ မူးယစ်စီမံချက် အကောင်အထည်ဖော်ပြီး နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ဖမ်းဆီးမိမှုတွေ ဆက်တိုက် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရုံးက ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက သြဂုတ် ၇ ရက်ကနေ သြဂုတ် ၁၃ ရက်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၅၈ မှုရှိပြီး တရားခံ ၄၈၀ ကျော်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ဖမ်းဆီးရတဲ့ နေရာမှာ တရားခံတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ရတာတွေလည်း ရှိတယ်လို့ သမ္မတရုံးက ပြောကြားထားပါတယ်။

 

မြန်မာနိုင်ငံမှာ မူးယစ်ဆေးသုံးစွဲမှု ဘယ်လောက်အထိရှိနေလဲ

မြန်မာနိုင်ငံဟာ UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုများဆိုင်ရာရုံး) ရဲ့ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ ဘိန်းထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ နိုင်ငံဖြစ်ပြီး ဘိန်းစိုက်ဧကပေါင်း ၁၀၁,၀၀၀ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ဘိန်းစိုက်ဧက ၃၅၀, ၀၀ ခန့် ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၉ ခုနှစ်မှစပြီး မူးယစ်ဆေးဝါး ပပျောက်မှု စီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့ပေမယ့် မအောင်မြင်တဲ့ အတွက်ကြောင့် ၂၀၂၀ ပြည့်နှစ်အထိ တိုးမြှင့်ထားပါတယ်။

မြန်မာနိုင်ငံထဲမှာဆိုရင် ဘိန်းစိုက်ပျိုးမှု အများဆုံး ပြည်နယ်ကရှမ်း ပြည်နယ်ဖြစ်ပြီးတော့ ဒုတိယ စိုက်ပျိုးမှု အများဆုံး ပြည်နယ်က ကချင်ပြည်နယ်ပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဘက်က ဘိန်းစိုက်သူတွေရဲ့ ပြောကြားချက်အရ ဘိန်းခင်းစိုက်ကုန်ကျစရိတ်မှာ တစ်နှစ်ထက် တစ်နှစ်ပိုများလာပြီးတော့ ဘိန်းခင်းတစ်ဧကကို ကျပ် ၂၅ သိန်း အထက် ကုန်ကျတယ်လို့ သိရပါတယ်။

စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ ဘိန်းကိုတော့ တရုတ်နိုင်ငံဘက်ကို အများဆုံး တင်ပို့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာတော့ WY စိတ်ကြွဆေးသုံးစွဲမှုက အများဆုံး ဖြစ်ပါတယ်။

ရန်ကုန်မြို့လို နေရာမျိုးမှာဆိုရင် စိတ်ကြွဆေးတစ်ပြား ကျပ် ၃,၀၀၀ ခန့်သာရှိပြီးတော့ ပေါပေါများများ ရနေတဲ့ အတွက်ကြောင့် သုံးစွဲမှုတွေ များလာတာပဲ ဖြစ်ပါတယ်။

“မူးယစ်ဆေးသုံးတဲ့သူများလား၊ မများလား ဆိုတာကတော့ ကျွန်တော့်မဲဆန္ဒနယ်မှာ အချုပ်ခန်းနဲ့တောင် မဆံ့တော့ဘူး။ အဲဒီမှာ ကျနေတဲ့ သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဆေးမှုတွေချည်းပဲ” လို့ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးရမိတဲ့သူ အများစုက သုံးစွဲသူနဲ့ သယ်ယူပို့ဆောင်ပေးတဲ့သူတွေ ဖြစ်ကြပြီးတော့ အချို့က သုံးစွဲသလို သယ်ယူပို့ဆောင်တာလည်း လုပ်ဆောင်တာလို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ကြွဆေး အသုံးပြုမှု များလာတာကိုလည်း သမ္မတကလည်း ၀န်ခံခဲ့ပြီး ကျောင်းသား အရွယ်တွေအထိ သုံးစွဲမှုပျံ့နှံ့ လာတယ်လို့ သိရပါတယ်။

သမ္မတဦးဝင်းမြင့် အနေနဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ် ကာလကတည်းက ကျောင်းသား ကျောင်းသူတွေ ကျောင်းချိန်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတာကို ကြားသိတွေ့ခဲ့ရပြီး ကျောင်းသားလူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူ သုံးစွဲနေကြတဲ့ သတင်းတွေ ကြားခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ ပြည်တွင်းမူးယစ် ဆေးသုံးစွဲသူ အများစုကလည်း WY ကို သုံးစွဲနေသလို ပြည်ပကို တင်ပို့ရာမှာလည်း WY က ထိပ်ဆုံးက ရှိနေပါတယ်။

မြန်မာနိုင်ငံက တင်ပို့တဲ့ စိတ်ကြွဆေးတွေကို မလေးရှားမှာ ဖမ်းမိတဲ့ဖြစ်စဉ်တွေ၊ ကွန်တိန်နာနဲ့ သယ်ပို့တဲ့ ဖြစ်စဉ်တွေကလည်း မြန်မာနိုင်ငံက တင်ပို့တဲ့ WY ပို့ကုန်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုတွေ မြင့်တက်လာနေပါတယ်။

သြဂုတ် ၁၇ ရက်က မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ရွှေဇားတံတားအနီးမှာ တွေ့ရှိတဲ့ယာဉ်ကို စစ်ဆေးရာ ဆာလာအိတ်များအတွင်း တစ်ဖက်နိုင်ငံကိုပို့မယ့် ချင်းတွေနဲ့ ရောနှောထည့်ထားတဲ့ စိတ်ကြွဆေးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး အရေအတွက်က စုစုပေါင်း အပြား ၂၇၆၆ ၀၀၀ ရှိပြီးတော့ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ အရေအတွက်များရင် တရားခံလွတ်တယ် ဆိုတဲ့အတိုင်း အဲဒီစိတ်ကြွဆေးတွေ နဲ့ ပတ်သက်ပြီး တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

 

အနုပညာရှင်တွေလည်း အဖမ်းခံရတဲ့ မူးယစ်ဆေး

မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို တာဝန်ရှိသူတစ်ဦး စစ်ဆေးနေစဉ် (ဓာတ်ပုံ – အောင်မျိုးသန့်)

ပြည်သူတွေအကြား တစ်နေ့တ ခြားပျံ့နှံ့လာတဲ့ မူးယစ်ဆေးတွေကို နှိမ်နင်းရေးအဖြစ် ထင်ရှားတဲ့ အနုပညာရှင်အချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာပြီ ဖြစ်ပါတယ်။

သြဂုတ် ၉ ရက်က ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်နှင့် အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ထားပါတယ်။

အလားတူ သြဂုတ် ၁၅ ရက်ကလည်း အဆိုတော် ​​ရဲမင်းသိန်း(ခ) ရသ အပါအ၀င် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်​မြို့နယ်​ ထွန်တုံးရပ်​ကွက်​ အောင်​​ဇေယျလမ်း ၄၉ လမ်းနဲ့ ၅၀ လမ်းကြားရှိ ဧည့်​ရိပ်​မွန်​တစ်​ခုမှာ စိတ်ကြွရူးသွပ်ဆေးပြား စုစု​ပေါင်း​ ၁၆၅၅ ပြား၊ ကာလတန်​ဖိုး​ ကျပ်​ ၈၂၇၅၀၀၀ တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ပင်လယ် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

နောက်ဆုံး ဖမ်းဆီးရမိတဲ့သူကတော့ ဒါရိုက်တာမိုက်တီး ဖြစ်ပြီးတော့ သြဂုတ် ၁၆ ရက် ည ၁၁ နာရီခန့်မှာ တာမွေမြို့နယ်မှာ စိတ်ကြွဆေးပြား ၂၆ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

သူ့ကို သြဂုတ် ၁၇ ရက်မှာ ရုံးထုတ်ရမန်ယူခဲ့ပြီးတော့ ကွင်းဆက်တရားခံတွေကိုလည်း ဆက်လက်ဖော်ထုတ် သွားမယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

အနုပညာလောကမှာ မူးယစ်ဆေးသုံးစွဲမှုတွေက အရင်ကတည်းက ရှိခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်လောက်မှာ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ နာမည်ကျော်ကြားခဲ့တဲ့ မိုးဇေငြိမ်း အကောင့်ပိုင်ရှင်က ထုတ်ဖော်ခဲ့ပါတယ်။

သူ့ရဲ့ ထုတ်ဖော်ချက်တွေထဲမှာဆိုရင် ၂၀၀၈ ခုနှစ်က အနုပညာရှင် တချို့ကို တာဝန်ရှိသူတွေက စစ်မေးထားတဲ့ ထွက်ဆိုချက်တွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီထွက်ဆိုချက်တွေအရဆို အနုပညာရှင် တော်တော်များများက မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီထွက်ဆိုချက်ထဲမှာ ဖော်ပြချက်အရ လက်ရှိ အဖမ်းခံထားရတဲ့ ဒါရိုက်တာ မိုက်တီးဟာလည်း သုံးစွဲတဲ့သူ တစ်ဦးအဖြစ် ပါဝင်ပါတယ်။

အဆိုပါ အစစ်ခံချက်တွေထဲမှာ ဒါရိုက်တာများ၊ မင်းသား၊ မင်းသမီးများ၊ မော်ဒယ်များ၊ အဆိုတော်များလည်း ပါဝင်ခဲ့ပြီးတော့ အနည်းဆုံး ၁၈ ဦးခန့်အထိ ရှိတာကို တွေ့ရပါတယ်။

အဲဒီအနုပညာရှင်ရဲ့ စစ်ချက်ထဲမှာ ရုပ်ရှင်ရိုက်ကူးရေး သွားရောက်ချိန်မှာ သုံးစွဲတဲ့ မှတ်တမ်းတွေ၊ အလုပ်အားတဲ့ အချိန်တွေမှာ စုဝေးပြီး မူးယစ်ဆေးဝါး သုံးစွဲတာတွေကို ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇေငြိမ်း အကောင့်ပိုင်ရှင်ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါဘူး။

ထိုသို့မူးယစ်ဆေးများနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတဲ့ အနုပညာရှင်၏ ထွက်ဆိုချက်တွင် ၎င်းတို့အများဆုံး သုံးစွဲသည့် မူးယစ်ဆေး အမျိုးအစားမှာ WY စိတ်ကြွဆေး အမျိုးအစား ဖြစ်တယ်လို့ ၀န်ခံထားပါတယ်။

ယခင်ကတည်းက မူးယစ်ဆေးသုံးစွဲတဲ့ အနုပညာရှင်တွေကို ဖမ်းဆီးရမိမှုတွေ ရှိခဲ့ပေမယ့် တစ်လအတွင်း ဆက်တိုက် ဖမ်းဆီးရမိမှုတွေကတော့ မရှိသလောက်ပဲလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အနုပညာရှင် တော်တော်များများ မူးယစ်ဆေးသုံးစွဲမှုတွေ ရှိနေတယ် ဆိုပေမယ့် မသုံးတဲ့သူတွေလည်း အများအပြား ရှိတယ်လို့ Horizon Band မှ Keyboard တီးခတ်သူ  အောင်လေးက ပြောပါတယ်။

“အနုပညာသမားတိုင်း မူးယစ်ဆေးမသုံးဘူး။ ဒါကအမှန်တရားပါ။သူ့ဘာသာသူ ကြိုက်လို့သုံးတာတော့ ရှိမှာပေါ့။ ဘယ်သူလာမေးမေး ဖြေနိုင်ပါတယ်။ ၀မ်နည်းစရာကောင်းတာက ဂီတသမား၊ ရုပ်ရှင်သမား၊ စာရေးဆရာ၊ ပန်းချီဆရာ နောက်ပြီး ကျန်တဲ့အနုပညာသမားတွေကို ရောချပြီး မစွပ်စွဲစေချင်ပါဘူး” လို့ ကိုအောင်လေးက ပြောပါတယ်။

မူးယစ်ဆေးသုံးစွဲမှသာ ခံစားမှု အားကောင်းတယ်ဆိုတဲ့ အယူအဆတွေက လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်ပြီးတော့ မူးယစ်ဆေးသုံးစွဲလို့ အနုပညာ ဖန်တီးနိုင်တယ် ဆိုတာက ဆီလျော်တဲ့အကြောင်းပြချက် မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

“ကျွန်တော့် နှစ် ၂၀ လောက် အတွေ့အကြုံအရ ဘာမှမပတ်သက်ပါဘူး။ အရက်သောက်ပြီး တီးမှ ရေးမှ ဆိုမှ ခရီးရောက်တယ်ဆိုတာ မရှိပါဘူး။ အခုခေတ် သုံးစွဲနေကြတဲ့ WY၊ Ice ဘာညာတွေ သုံးစွဲပြီးတော့ အနုပညာ ဖန်တီးမှု တစ်ခုကို ထိထိရောက်ရောက် ဖန်တီးနိုင်ခဲ့တယ်ဆိုတာ မရှိဘူး။ မယုံရင် သာမန် ၀ါသနာရှင် တစ်ယောက်ကို မူးယစ်ဆေးသုံးပြီး ဖန်တီးခိုင်းကြည့်ပါလား။ ထွက်လာပါလိမ့်မယ် သောက်တစ်လွဲတွေ။ ဆိုလိုချင်တာက စိတ်ကိုလှုံ့ဆော်ပေးတဲ့ အရာတွေက အသုံးမ၀င်ပါဘူး” လို့ ကိုအောင်လေးက ဆိုပါတယ်။

တစ်ကမ္ဘာလုံးအနှံ့မှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးကို သုံးစွဲသူတွေ အများအပြား ရှိနေပြီးတော့ ဘယ်လောကမှာ မဆိုသုံးစွဲသူတွေ ရှိနေတယ်လို့ ကိုအောင်လေးက ဆက်လက် ပြောကြားပါတယ်။

“ဘာကြောင့် မူးယစ်ဆေးကို သုံးကြသလဲ။ ဘာမှ မဟုတ်ပါဘူး။ သူတို့ကိုယ်နှိုက်က သုံးချင်နေလို့ပါပဲ။ ဒါအငြင်းပွားစရာ မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ဆေးခြောက်သုံးပြီး အနုပညာ လုပ်တဲ့သူတွေရှိတယ်။ ဆေးခြောက်သုံးစွဲပြီး စီးပွားရေး လုပ်နေတဲ့ သူတွေရှိတယ်။ ဆေးခြောက်သုံးစွဲပြီး နိုင်ငံရေး လုပ်နေတဲ့ သူတွေရှိတယ်။ ဆေးခြောက်သုံးစွဲပြီး စစ်တိုက်နေတဲ့ သူတွေရှိတယ်။ ဆေးခြောက်သုံးစွဲပြီး နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရတွေရှိတယ်။ ဆေးခြောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့မူးယစ်ဆေး အားလုံးပါပါတယ်။ ဒါကို အနုပညာသမားတွေအားလုံး မူးယစ်ဆေး သုံးစွဲတယ်ဆိုတာ လက်မခံပါဘူး။ မယုံရင် ကျွန်တော်တို့ဆီလာခဲ့ မူးယစ်ဆေးတော့မရဘူး။ ဟင်းကောင်းကောင်း ချက်ကျွေးမယ်။ အရက်ဝအောင် တိုက်ပစ်လိုက်မယ်” လို့ကို အောင်လေးက ဆိုပါတယ်။

 

သမ္မတရဲ့မူးယစ်စီမံချက်ထဲက ဓားစာခံများ

ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိသည့် မိန်းမစီးကတ္တီပါဖိနပ်များ အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲဇာနည်)

ဇွန် ၂၆ ရက်မှာ စတင်ခဲ့တဲ့ သမ္မတရဲ့ မူးယစ်ဆေးဝါးစီမံချက် လုပ်ဆောင်မှုကတော့ မူးယစ်ဆေးဝါးသတင်းကို သမ္မတရုံးက ရဲချုပ်ရုံးကို ပေးပြီးတော့  ဖမ်းဆီးမှုတွေကို လုပ်ဆောင်တာပါ။

“သမ္မတရုံးက ချပေးတဲ့ သတင်းကို ပြည်နယ်နဲ့ တိုင်းကတော့ ဆက်တိုက် လုပ်ဆောင်နေရတာပဲ။ အခက်အခဲကတော့ မရှိပါဘူး။ သတင်းတည်ဆောက်ပြီးတော့မှ ဖမ်းဆီးရတာဆိုတော့ အခက်အခဲက မရှိပါဘူး” လို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံအချို့တွေထဲမှာ အမှန်တကယ် ဖြန့်ဖြူးနေသူ မဟုတ်ဘဲနဲ့ အသုံးချခံခဲ့ရတဲ့ သူတွေလည်း ရှိနေတယ်လို့ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

လတ်တလောမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းမိခဲ့တဲ့ ဖိနပ်အတွင်း စိတ်ကြွဆေးဝါးတွေ ဖမ်းမိတဲ့ ဖြစ်စဉ်ဟာဆိုရင် အသုံးချခံရတဲ့ အနေအထားမှာ ရှိတယ်လို့ ၎င်းက ပြောပါတယ်။

“ဟိုးတနေ့ကဆိုရင် လေဆိပ်မှာဖြစ်တဲ့ ကိစ္စလိုမျိုးပေါ့။ တရားခံလို့ စွပ်စွဲခံရသူက လက်ဝယ်မှာ တွေ့တဲ့ဟာပေါ့။ မူးယစ်ဆေးဝါးသယ်တဲ့သူ တော်တော်များများက ပိုက်ဆံနွမ်းပါးတဲ့သူ၊ မရှိဆင်းရဲသားတွေကို ကြားခံအဖြစ် အသုံးချကြတာပေါ့။ မင်းဒီပစ္စည်းလေး ယူသွားပေးလိုက် ဆိုတာမျိုးပေါ့။ ဒီပုဂ္ဂိုလ်က (သယ်ယူပေးတဲ့သူ) သံသယရှိတဲ့သူ ဖြစ်သည့်တိုင်အောင် စောဒကမတက်ရဲဘူး။ ဘာကြောင့် ဆိုတာတွေက အများကြီးပဲ။ ဒါပေမဲ့ အခြေခံ တစ်ခုကတော့ ဆင်းရဲလို့ပဲ” လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် မူးယစ်မှုတွေမှာလည်း ဥပဒေရဲ့ အားနည်းချက်တွေ ရှိနေပြီးတော့ မူးယစ်မှုတွေနဲ့ ဖမ်းဆီးခံရတဲ့ သူတွေဟာ ဥပဒေကို နားလည်မှု အားနည်းတဲ့ အတွက်ကြောင့် တရားခံ တစ်ယောက်ရဲ့ ရပိုင်ခွင့် ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။

“မင်္ဂလာဒုံ ကိစ္စဆိုရင်လည်း ဖမ်းမိတဲ့သူတွေက ရှေ့နေရှေ့ရပ်တွေနဲ့ သိပ်မလုပ်နိုင်တော့ ဥပဒေကြောင်းအရ တော်တော်လေးကို အားနည်းတာပေါ့။ တရားခံရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးတာတွေရှိတယ်။ အခုလည်း ကျွန်တော်တို့ဆီမှာ လာနေတာပဲ။ မူးယစ်မှုတွေပေါ့။ အဲဒီမှာက ဘာတွေ့ရလဲဆိုတော့ ရဲက FIR လို့ ခေါ်တဲ့ ပထမစစ်ချက်ကို ရအောင်ယူလိုက်တယ်။ နိုင်ငံတကာမှာက အဲဒီလို မဟုတ်ဘူး။ ပထမစစ်ချက်ကို မယူခင် Legal Counselling လို့ခေါ်တဲ့ ရှေ့နေနဲ့ တိုင်ပင်ရတယ်။ ဒီစကားကို မပြောချင် မပြောဘဲ နေလို့ရတယ်။ ရှေ့နေနဲ့ တိုင်ပင်ပြီးမှ ပထမစစ်ချက်ကို ထွက်ဆိုလို့ရတယ်။ ဒီမှာကတော့ ဆင်းရဲသား စွပ်စွဲခံရတဲ့သူတွေကို ရဲကလမ်းကြောင်း ပေးပြီးတော့ ဒီအတိုင်း ထွက်ဆိုရင် မင်းတို့လွတ်မယ်။ တချို့ဟာတွေဆိုရင် ကူညီပေးတယ်လို့ ပြောလိုက်။ ပိုက်ဆံနဲ့ မဟုတ်ဘူးဆိုပြီး ပြောလိုက်။ အဲဒီလို လိုတဲ့ပုံစံကို ဆွဲယူပြီးတော့မှ အမှုကို တည်ဆောက်တာ” လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

မူးယစ်မှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ လုပ်ကိုင်ပုံတွေ အပေါ်မှာ အားရစရာ ကောင်းနေတယ်လို့ ကောက်ချက်ချရမှာ ဒီအချိန်က နည်းနည်းစောနေပြီးတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့ စောင့်ကြည့်ရမှာလို့သူက ဆိုပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က မူးယစ်ဆေးဂိုဏ်းကြီးတွေ မမိတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းထုတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းကလည်း သက်ဆိုင်ရာ ဌာနက လာဖြေတာ ပေါ့တီးပေါ့ပျက်ပေါ့။ ဂိုဏ်ကြီး မမိခြင်း မိခြင်း ဆိုတာထက် ကြားထဲက အသုံးချခံလိုက်ရတဲ့သူ တော်တော်များတယ်။  မူလနောက်ကွယ်က ရောင်းဝယ်ဖောက်ကားနေတဲ့သူ၊ ကြိုးကိုင်လှုပ်ရှားနေတဲ့ သူတွေက သယ်ပေးတဲ့သူကို မိပြီလို့ သတင်းရတာနဲ့ ပြေးပြီပဲလေ။ အခုအဲဒီလိုတွေ မဖြစ်မှ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ အခုကတော့ သိတဲ့အတိုင်းပဲ။ အစွန်အဖျားလောက်နဲ့ အသုံးချခံသူတွေပဲ မိသေးတာ” လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ အမှုတွေကတော့ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် မေလအထိ အမှုပေါင်း ၁၃၆၄၀ ရှိခဲ့ပြီးတော့ မီးရှို့ဖျက်ဆီးခဲ့တာကတော့ ကျပ်သန်း ပေါင်း ၅၂၀၀၀၀ ရှိခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

 

ကိုင်းဖျားကိုင်းနားနဲ့ ကျေနပ်ရတော့မလား

သမ္မတရဲ့ မူးယစ်ဆေးစီမံချက်က လက်ရင်းဖြန့်ဖြူးနေတဲ့ သူတွေကို ဖမ်းမမိသေးဘဲ သယ်ယူပို့ဆောင်တဲ့ သူတွေ၊ အနည်းငယ် ဖြန့်ဖြူးတဲ့သူတွေကိုပဲ ဖမ်းဆီးရမိနေတဲ့ အတွက်ကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“မူးယစ်ဆေးဝါး အဲဒီလောက်သာမိရင် မူးယစ်ဂိုဏ်းတွေ အကုန်မျိုးတုံးကုန်ပြီ။ လုပ်နေတဲ့သူ မမိတဲ့အတွက် ဒီမူးယစ်ဆေးဝါးက ထိန်းချုပ်လို့ မရတာလေ။ ဒီနိုင်ငံတော်က ဖမ်းဆီးရမိတဲ့အတိုင်း အခုဆို အချုပ်တော်တော်များများမှာက မူးယစ်ဆေး ကိစ္စတွေချည်းပဲ။ ပြောချင်တာက အဲဒီလောက်သာမိနေရင် မျိုးတုံးသွားတာ ကြာပြီပေါ့” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

မူးယစ်ဆေး တိုက်ဖျက်မှု လုပ်ငန်းစဉ်မှာ တာဝန်ယူရတဲ့ သူတွေကိုလည်း လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးပြီးတော့ ကျောသား ရင်သား မခွဲခြားဘဲ စီရင်ရမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးက ပြောပါတယ်။

“မူးယစ်ဆေးက ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခပေးနေတာက ကြာပြီဗျ။ အရင်းအမြစ်ကို မိဖို့က သိပ်တော့ လွယ်လှတာတော့ မဟုတ်ဘူး။ ဒါတောင်သမ္မတက ကိုယ်တိုင်လုပ်နေလို့။ သူကိုယ်တိုင် လုပ်မှလည်းရမှာ။ ပြီးတော့ အရည်အချင်းရှိတဲ့ သူတွေကိုလည်း အာဏာကုန်ပေးပြီး ခိုင်းမှပဲရမယ်။ မူးယစ်ဆေးက နေရာအနှံ့ ဖြစ်နေတာ။ ပဲကြီးလှော် ရောင်းသလိုကို ဖြစ်နေတာ။ အထူးသဖြင့် ရွာတွေမှာ အတော်ပေါက်နေတာ။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အစွန်အဖျား ကျေးရွာတွေမှာဆို တော်တော်ပေါက်နေတာ” လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးက ပြောပါတယ်။

မူးယစ်ဆေးကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင် အဖွဲ့အစည်းများနှင့်လည်း ပတ်သက်မှုများ ရှိနိုင်ကြောင်း၊ ယင်းကိစ္စကို ကိုင်တွယ်မည် ဆိုပါ က သမ္မတအနေဖြင့် မည်သူ့မျက်နှာမှ မထောက်ဘဲ ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းကြောင်း ဦးသိန်းသန်းဦးက ဆက်ပြောပါတယ်။

“ဟိုးမဆလ ခေတ်ထဲက အဲဒီ ဆောင်ပုဒ်နဲ့ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ အာဏာရှိတဲ့သူ လက်နက်ရှိတဲ့သူတွေနဲ့ မူးယစ်ဆေးကိစ္စက ဆက်နွှယ်နေကြတာပဲ။ အသံတွေလည်း ကြားရတယ်။ အဲဒါကြောင့် မူးယစ်ဆေးကိစ္စက ဖြေရှင်းရ ခက်နေတာပေါ့။ တရားဝင် အဖွဲ့အစည်းကလည်း ကားတွေနဲ့ သယ်ကြတာလည်း ကြားတယ်။ သူပုန်ဘက်ကလည်း သယ်ကြတယ်။ အတော်တော့ ရှုပ်ထွေးတယ်။ ပြည်တွင်းစစ်ကလည်း မူးယစ်ဆေးနဲ့ လက်နက်ဝယ်ရတဲ့ အနေအထားလည်း ရှိနေတော့ မူးယစ်ဆေးက အဓိကကတော့ ဟန်ပြမလုပ်ဖို့လိုတယ်။ ဆေးပုလင်းလေးတွေ နှစ်ပဲတစ်ပြားကို ကားနဲ့ ကြိတ် ပြတာလောက်နဲ့ကို မရဘူး။ အသိရှိရှိနဲ့ ကျောင်းတွေမှာလည်း ကာကွယ်တာလုပ်၊ တရားရုံးတွေမှာလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေချ။ ရဲတပ်ဖွဲ့ တစ်ခုထဲနဲ့လည်း မရဘူး။ သမ္မတက အထူးအဖွဲ့တွေကို ဖွဲ့ပြီးလိုက်ခိုင်း။ ပါဝင်တဲ့သူ ဘယ်အဖွဲ့ကဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ရအောင်ဖမ်း။ မိတာတွေကလည်း ပိုင်ရှင်မဲ့ မဖြစ်စေနဲ့။ နောက်ကြောင်းတွေကို ပြန်လိုက်။ ကားကြီးနဲ့ ၀င်လာပြီးတော့ သယ်လာတာ ပိုင်ရှင်မမိဘူးဆိုတာ ဘယ်လိုမှ မဟုတ်ဘူး။ ကျွန်တော်ရှေ့နေ။ ရဲမဟုတ်ဘူး။ စုံထောက်မဟုတ်ဘူး။ ကျွန်တော်တောင် စဉ်းစားလို့ရတာ။ သူတို့ဆိုလုပ်နည်း လုပ်ဟန်တွေ ပိုသိတာပေါ့” လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

မူးယစ်ဆေးဝါး အကြီးအကျယ် ဖြန့်ဖြူးနေသူများကို ဖမ်းဆီးရမိခြင်း မရှိသေးသည့် အခြေအနေများနှင့် ပတ်သက်ပြီး အားလုံးတွင် တာဝန်ရှိတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဂုတ် ၁၈ ရက်က မုံရွာမြို့မှာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

“အပြင်မှာလည်း ပြောနေကြတယ်။ လက်ကြီးတွေ မမိသေးဘူး။ မိအောင်ကြိုးစားရမှာ။ ကြိုးစားပုံ ကြိုးစားနည်းကတော့ ရှိပါတယ်။ လက်ကြီးတွေမိဖို့ လက်လီသမားတွေအပေါ် မူတည်တာပေါ့။ ဒါကျွန်တော်တို့အားလုံး အပေါ်မှာ မူတည်တယ်။ ဥပဒေပြုရေးရော၊ တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးမှာရော အားလုံးတာဝန်ရှိတယ်” လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ သမ္မတရဲ့ မူးယစ်ဆေးဝါး အမှုတွေကတော့ ကိုင်းဖျားကိုင်းနားတွေကိုပဲ မိနေပါသေးတယ်။ မူးယစ်ဆေးဝါး အကြီးအကျယ် ဖြန့်ဖြူးနေတဲ့ သူတွေကို ဖမ်းမိဖို့အတွက် သမ္မတရဲ့ စွမ်းဆောင်ရည် ဘယ်လောက်အထိ ရှိမလဲ။ ဘယ်အထိ ခရီးဆက်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

August 19, 2018














Copy Protected by Chetan's WP-Copyprotect.