ဒီမိုကရေစီကျင့်စဉ်တွင် ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ဒီမိုကရေစီသမားဟုပြောကာ ပြည်သူကိုဗဟိုမပြုဘဲ ဖိစီးညှဉ်းပန်း နှိပ်စက်သည့် အုပ်ချုပ်ရေးယန္တရားမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြား

ဒီမိုကရေစီကျင့်စဉ်တွင် ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ဒီမိုကရေစီသမားဟုပြောကာ ပြည်သူကိုဗဟိုမပြုဘဲ ဖိစီးညှဉ်းပန်း နှိပ်စက်သည့် အုပ်ချုပ်ရေးယန္တရားမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြား
Published 19 August 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သြဂုတ် ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု ပြုလုပ်နေစဉ်

ဒီမိုကရေစီကျင့်စဉ်တွင် ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ဒီမိုကရေစီသမားဟု ပြောကာ ပြည်သူကို ဗဟိုမပြုဘဲ ဖိစီးညှဉ်းပန်းနှိပ်စက်သည့် အုပ်ချုပ်ရေး ယန္တရားမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမဆောင်တွင် သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုသည့် အချက်သုံးချက်သည် ဒွန်တွဲနေကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ တရားဥပဒေအား ချိုးဖောက်ခံရလျှင် လူ့အခွင့်အရေးသည်လည်း ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးအား အထောက်အကူပြုသည့် အုပ်ချုပ်ရေးပိုင်း ဖြစ်စေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်စေချင်တယ်။ ကျွန်တော်တို့အနေနဲ့ အုပ်ချုပ်တဲ့အခါမှာ စီမံခန့်ခွဲတဲ့အခါမှာ နိုင်ငံသူနိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဖိစီးနှိပ်စက်တဲ့ ယန္တရားမျိုး မဖြစ်စေလိုပါဘူး။ ဒီမိုကရေစီကျင့်စဉ်မှာ ပြည်သူကို ဗဟိုပြုရမယ်။ ပြည်သူကို ဗဟိုပြုတဲ့ အခါကျတော့ ဒီမိုကရေစီသမားလို့ ပြောပြီးတော့ ပြည်သူကို ဗဟိုမပြုဘဲနဲ့ ဖိစီးနှိပ်စက်မယ်။ ညှင်းပန်းနှိပ်စက်မယ်။ အုပ်ချုပ်ရေး ယန္တရားမျိုး မဖြစ်စေလိုပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆန္ဒပါ” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် မည်သည့်အခါမျှ အာဏာရှင်စနစ် ပြန်လည်ထွန်းကားခြင်း မရှိစေရဆိုသည့် မူဝါဒချမှတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ မူဝါဒချမှတ်ပြီးနောက် မိမိတို့အုပ်ချုပ်စီမံသည့် အခါတွင် ပြည်သူကို ဟိန်းဟောက်ခြင်း၊ ခြောက်လှန့်ခြင်း၊ ဖိစီးခြင်း၊ နှိပ်စက်ခြင်းများသည် မိမိတို့ ချမှတ်ခဲ့သည့် မူဝါဒအား ပြန်လည်ဖျက်ဆီးရာ ရောက်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်း ဆောင်ရွက်ရန် ဆိုသည်မှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ လိုလားတောင့်တနေသည့် ဆန္ဒဖြစ်ပြီး ယင်းဆန္ဒကို အကောင်အထည် ဖော်ဆောင်ရာတွင် အားလုံးတာဝန်ရှိပြီး အချို့သည် ပြုပြင်ပြောင်းလဲမှုတွင် တွန့်ဆုတ်ခြင်း၊ ဝန်လေးနေခြင်း၊ ပြုပြင်ပြောင်းလဲမှုအတွက် စိုးရိမ်နေခြင်းများ ရှိနေသကဲ့သို့ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာ မဟုတ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“အချို့ကလည်း ပြုပြင်ပြောင်းလဲမှုဟာ ခြိမ်းခြောက်မှုတစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုဟာ အမှန်တကယ်တော့ ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်နဲ့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် အခွင့်ကောင်း အခါကောင်းတွေ ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ် မလုပ်မဖြစ် တကယ်လိုအပ်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကို အားလုံးကို နားလည်သဘောပေါက် စေချင်ပါတယ်။ အနာဂတ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် ကျွန်တော်တို့ မူဝါဒတွေ ချခဲ့ပါတယ်။ မူဝါဒတွေချတဲ့ အခါမှာ ကျွန်တော်တို့ အနေနဲ့ မူဝါဒတွေကို စိတ်ကူးတည့်တိုင်း ရော်ရမ်းမှန်းဆပြီးတော့ ချခဲ့တာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ ပြုပြင်ပြောင်းလဲမှု၏ ရေစီးကြောင်းတွင် လိုက်ပါကာ ဆောင်ရွက်နိုင်မှု မရှိပါက နိုင်ငံတော်တွင် ဖွံ့ဖြိုးတိုးတက်မည် မဟုတ်ကြောင်း၊ အလားတူ နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည်လည်း လူနေမှု အဆင့်အတန်းများ မြင့်မားကာ ပညာရေး၊ ကျန်းမာရေးများလည်း ဖွံ့ဖြိုးတိုးတက်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင်တိုင်းပြည်တွင် တာဝန်ရှိသည့် ခေါင်းဆောင်ပိုင်း အသီးသီးများ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် ပန်းတိုင်ရှိကြောင်း၊ အနာဂတ်အတွက် ကြိုတင်မြင်နိုင်သည့် မြင်ကွင်းလည်းရှိကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေး တရားမျှတမှုများဖြစ်အောင် စီမံကြောင်း၊ ထို့အတူ အခွင့်အလမ်း ညီမျှမှု၊ အဆင့်အတန်း ညီမျှမှု၊ တရားဥပဒေ အရာများတွင်လည်း ညီမျှမှုများဖြစ်အောင် စီစဉ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent