ထောင်ဒဏ် ငါးနှစ် မှ ၁၀ နှစ်အထိ ကျခံနိုင်သည့် မူးယစ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်ထားသည့် ဒါရိုက်တာမိုက်တီးအား တာမွေတရားရုံးတွင် ချုပ်ရက် ရမန်ယူပြီး ကွင်းဆက်ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

ထောင်ဒဏ် ငါးနှစ် မှ ၁၀ နှစ်အထိ ကျခံနိုင်သည့် မူးယစ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်ထားသည့် ဒါရိုက်တာမိုက်တီးအား တာမွေတရားရုံးတွင် ချုပ်ရက် ရမန်ယူပြီး ကွင်းဆက်ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ
Published 17 August 2018

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားသည့် ဒါရိုက်တာ မိုက်တီး(ခေါ်)သန်းထွန်းဇော်အား တာမွေမြို့နယ်တရားရုံးတွင် သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပထမဆုံးအကြိမ်ချုပ်ရမန်ရယူခဲ့ပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

'' တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှူးရယ် အမှတ်(၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရယ် အမှတ်(၄၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က သတင်းအရ မိုက်တီးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တာပါ။ သြဂုတ်လ ၁၇ ရက် နံနက်ပိုင်းမှာတော့ ၎င်းကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ခေါ်ဆောင်ကာ ဆေးစစ်ဆေးခဲ့တယ်။ နေ့လည်ပိုင်းမှာတော့ တာမွေမြို့နယ်တရားရုံးမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ ချုပ်ရက်ရမန်ယူတယ်။ နောက်ပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ် ''ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၁၆ ရက် ည ၁၁နာရီခန့်တွင် တာမွေမြို့နယ် ၊ တာမွေကြီး(ခ)ရပ်ကွက် ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ တာမွေအဝိုင်းထိပ်ဘက်မှ ရွှေထွဋ်တင်ကွင်းဘက်သို့ ရန်ကင်းမြို့နယ် (၁၆)ရပ်ကွက်နေ သန်းထွန်းဇော်(၅၃)နှစ်
(ရုပ်ရှင်ဒါရိုက်တာ မိုက်တီး)မောင်းနှင်လာသည့် 9D/×××× MAZDA DEMIO ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ထိုအချိန်တွင် ယာဉ်မောင်းထိုင်ခုံနှင့်ကျောမှီကြားရှိ မျက်မှန်ဘူးအတွင်းမှ WY စိတ်ကြွဆေးပြား(၂၆)ပြား၊ အလေးချိန်(၂.၆)ဂရမ်၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ဝှီးတက်တစ်ခု နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးတွေနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဒါရိုက်တာမိုက်တီး(ခေါ်) သန်းထွန်းဇော်ကို တာမွေမြို့မရဲစခန်းမှာမူးယစ်(ပ) ၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)နဲ့အမှုဖွင့်ထားပြီး ကွင်းဆက်ကျူးလွန်သူတွေ ဆက်လက်ဖော်ထုတ်နိုင်ဖို့အတွက် စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဥပဒေ ပုဒ်မ ၁၆ (ဂ) တွင် မူးယစ် ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်း ခြင်းတို့ပြုလုပ်ပါက ထိုသူအား ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

သြဂုတ်လဆန်းပိုင်းမှစပြီး အနုပညာ လောကအတွင်း စိတ်ကြွ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။ သြဂုတ် ၉ ရက်က ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်နှင့် အမျိုးသားတစ်ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကင်းမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ သြဂုတ် ၁၅ ရက်ကလည်း အဆိုတော် ရဲမင်းသိန်း(ခ)ရသ အပါအဝင် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်း နှင့် ၅၀ လမ်းကြားရှိ ဧည့်ရိပ်မွန်တစ်ခုတွင် စိတ်ကြွ ရူးသွပ် ဆေးပြား စုစုပေါင်း ၁၆၅၅ပြား၊ ကာလတန်ဖိုး ကျပ် ၈၂၇၅၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

Most Read

Most Recent