ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုး ငွေလွှဲနေသည်ဟု ဖော်ပြခဲ့သောပုံမှာ ၎င်းအား ဖမ်းဆီးပြီးမှ ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ငွေနှင့်တန်ဖိုးကြီး စာရွက်စာတမ်းအချို့ သိမ်းဆည်းခဲ့သော်လည်း တရားရုံးသို့ တင်ပြမထားဟု ဇေယျာဖြိုး ထွက်ဆို

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုး ငွေလွှဲနေသည်ဟု ဖော်ပြခဲ့သောပုံမှာ ၎င်းအား ဖမ်းဆီးပြီးမှ ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ငွေနှင့်တန်ဖိုးကြီး စာရွက်စာတမ်းအချို့ သိမ်းဆည်းခဲ့သော်လည်း တရားရုံးသို့ တင်ပြမထားဟု ဇေယျာဖြိုး ထွက်ဆို
Published 17 August 2018

ဇေယျာဖြိုးအား သြဂုတ် ၁၆ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုးက ငွေလွှဲရန် ဆောင်ရွက်နေသည့် မှတ်တမ်းဟု ဖော်ပြခဲ့သော ဓာတ်ပုံ (အနီအနက်အဖြူတို့ ပါဝင်သော အင်္ကျီကွက်ကျား ဝတ်ထားပြီး ကတုံးတုံးထားကာ စာရွက်ကိုကိုင်၍ ကြည့်နေသောပုံ) မှာ ၎င်းကို ဖမ်းဆီးပြီးမှ ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ငွေနှင့် တန်ဖိုးကြီး စာရွက်စာတမ်းအချို့ကို ၎င်းအိမ်မှ သိမ်းဆည်းခဲ့သော်လည်း တရားရုံးသို့ သက်သေအဖြစ် တင်ပြထားခြင်း မရှိကြောင်း ဇေယျာဖြိုး က ထွက်ဆိုသည်။

သြဂုတ် ၁၆ ရက်က ၎င်းအား ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်အတွင်း အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အောင်ဝင်းခိုင် နေပြည်တော်သို့ သွားရာတွင် လိုက်ပါသွားခြင်း မရှိကြောင်း၊ ၎င်းမှာ အိမ်နှင့်နီးသည့် ကျောက်ကုန်းဘုန်းကြီးကျောင်းတွင် ဘုန်းကြီးဝတ်နေကြောင်း၊ နှစ်စဉ် ဘုန်းကြီးဝတ်လေ့ရှိကာ (၉) ကြိမ်မြောက် ရဟန်းခံခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင်လည်း ကျောင်းမှ ရက်ချိန်းယူ၍ ဆွေမျိုး အသိုင်းအဝိုင်းများနှင့် တရားဝင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဇေယျာဖြိုးက ထွက်ဆိုကာ မှတ်တမ်းဓာတ်ပုံများကို သက်သေအဖြစ် တရားရုံးသို့ တင်ပြခဲ့သည်။

ယင်းသို့ ရဟန်းဝတ်နေစဉ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ပူးပေါင်းအဖွဲ့က အောင်ဝင်းခိုင်နှင့် ပတ်သက်၍ ၎င်းအား မေးစရာရှိသည်ဟု ဆိုကာ လူဝတ်လဲ၍ အသင့်ပါလာသည့် အဝတ်အစားများကို ဝတ်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် လက်ထိပ်ခတ် မျက်နှာဖုံးစွတ်၍ ခေါ်ဆောင်သွားကြောင်း၊ ၎င်းအား ဖမ်းဆီးချိန်တွင် ဝရမ်းမရှိသည့်အပြင် ချုပ်ရက် ရမန်ယူခဲ့ခြင်း မရှိကြောင်း၊ ၆ ရက် ရောက်မှသာ ချုပ်ရမန်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ၂ လပိုင်း ၄ ရက် နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက အိမ်ကို ရှာဖွေခဲ့ကြကြောင်း၊ ထိုသို့ ရှာဖွေရာတွင် အိမ်ရှင်ဖြစ်သူ ၎င်း၏ ဇနီးအား အကြောင်းကြားခဲ့ခြင်း မရှိသည့်အပြင် ၎င်းနှင့် အိမ်အကူအမျိုးသမီးကိုလည်း ရှာဖွေရာတွင် လိုက်လံကြည့်ရှုခွင့် မပေးဘဲ ဧည့်ခန်းထဲတွင် ထိုင်ခိုင်းထားကြောင်း၊ ရှာဖွေရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်း မရှိဘဲ ကြုံသလို အဆင်ပြေသလို ရှာခဲ့ခြင်းဖြစ်ကြောင်း၊ ပစ္စည်းများသိ မ်းဆည်းပြီးသော အခါတွင်မှ ၎င်းအား စာအုပ်ကိုင်ခိုင်း၍ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်ပုံကို သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုးက ငွေလွှဲရန် ဆောင်ရွက်နေသည့် မှတ်တမ်းဟုဆို၍ မဟုတ်မမှန် ဖော်ပြရှင်းလင်းခဲ့ကြောင်း ဇေယျာဖြိုးက ထွက်ဆိုသည်။

ထို့ပြင် ၎င်းအိမ်မှ သိမ်းဆည်းခဲ့သော ပစ္စည်းများကို ရှာဖွေပုံစံတွင် ပြည့်စုံစွာ ဖော်ပြခဲ့ခြင်း မရှိကြောင်း၊ ၎င်း၏ဇနီး ဘီဒိုထဲမှ တစ်သောင်းတန် ငါးအုပ်ကို ယူဆောင်သွားသကဲ့သို့ စာရွက်စာတမ်း ဖိုင်ထဲမှ မိသားစု၏ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများကိုလည်း ယူဆောင်သွားကြောင်း၊ ဒဂုံတက္ကသိုလ်ရှေ့ တက္ကသိုလ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တစ်လုံး၏ ဂရန်မူရင်းများ ပါသွားသည့်အပြင် ပြည်တွင်းပြည်ပ၌ ၎င်းဆေးကုထားသည့် နောက်ဆုံး မှတ်တမ်းများကိုလည်း ယူဆောင်သွားကြောင်း၊ ၎င်းအိမ်တွင် CCTV များလည်း တပ်ဆင်ထားကြောင်း၊ ၎င်း၏ အဖိုးတန် စာရွက်စာတမ်းများနှင့် ငွေကြေးများကို တရားမဝင် ယူဆောင်သွားမှု၊ “တရားမျှတမှုကို ရှာဖွေနေသော အမေရိကန်မှ ရိုဟင်ဂျာများ” ဆိုသည့် စာအုပ်မှာ ၎င်းပိုင် မဟုတ်ဘဲ ယင်းတို့နှင့် ပတ်သက်၍လည်း ၎င်းအိမ်တွင် CCTV မှတ်တမ်းများတွင် ပေါ်ပေါက်ရမည် ဖြစ်ကြောင်း၊ စီအိုင်ဒီ နည်းပညာဌာနမှ တရားရုံးသို့ လာရောက် ထွက်ဆိုရာတွင် CCTV မှ ဗွီဒီယိုဖိုင်ပေါင်း ၆၄၀ တွေ့ရှိခဲ့သည်ဟု ထွက်ဆိုခဲ့သော်လည်း အဆိုပါ ဗွီဒီယိုဖိုင် ပုံရိပ်များမှာ ဝါးနေသည်ဟုဆိုကာ ရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပြနိုင်ခြင်း မရှိဟု ထွက်ဆိုခဲ့ကြောင်း၊ ယင်းကြောင့် ယခုအမှုအတွက် ၎င်းအား တရားခံ မဖြစ်ဖြစ်အောင် စနစ်တကျ လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်အကူအမျိုးသမီး တစ်ဦးတည်းရှိသော အိမ်၌ အိမ်ရှင်ကို အကြောင်းကြားခြင်း မရှိဘဲ တရားမဝင် ဝင်ရှာကာ ပစ္စည်းများ ယူဆောင်သွားခြင်းသည် နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် အနုကြမ်းဝင်စီးသည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ဇေယျာဖြိုးက ထွက်ဆိုသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဇေယျာဖြိုးက တရားခွင်မှ အထွက်တွင် “ကျွန်တော် က ဒီအမှုမှာ ဘယ်နေရာမှ မပါဘူး။ ဒါကို သူတို့က သိပြီးသား။ ကျွန်တော့်ကို ဘာကြောင့် ဖမ်းရလဲဆိုတော့ သူတို့က ကျွန်တော့်ကို ဥပဒေကို ချိုးဖောက်တဲ့ လူတစ်ယောက်လို့ ပုံဖော်တာ။ အစွန်းရောက် မျိုးချစ်စိတ်နဲ့ လုပ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ လုပ်ခဲ့တယ်လေ။ ဒါကလည်း ဒီစာအုပ် “တရားမျှတမှုကို ရှာဖွေနေသော အမေရိကန်မှ ရိုဟင်ဂျာများ” ဆိုသည့် စာအုပ်တွေကို ဖန်တီးယူပြီးတော့မှ လုပ်တာ။ တကယ်တမ်းကြတော့ ကျွန်တော့် အိမ်မှာ CCTV တွေ တပ်ထားတယ်။ အကုန်ကောင်းတယ်။ ဒါပေမဲ့ သူတို့ မရှင်းနိုင်ဘူး။ ရှာဖွေပုံစံမှာ သူတို့ ထည့်သွင်းတဲ့ဟာတွေ မဟုတ်တာတွေ လုပ်တယ်။ သတင်းစာရှင်းလင်းပွဲက လုံးဝကို မှားတာပါ။ တော်တော်ကို မှားတာပါ။ ရိုးရိုးလေး ဖတ်ကြည့်ရင်ကို အဓိပ္ပာယ် မရှိတာပါ။ ကျွန်တော်နဲ့ ပတ်သက်တဲ့ဟာတွေ အကုန်လုံးက အမှားတွေချည်းပဲ” ဟု ပြောကြားသည်။

Most Read

Most Recent