ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်
Published 17 August 2018

သီပေါဘိုးတော်ကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား သြဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nang Mwe Seng)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတစ်ထောင်ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ်၊ နမ္မတူ-သီပေါ ကားလမ်းဘေးရှိ ပန်လုံရွာတွင် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံ တစ်ထောင်ကျော်မှာ မန်စံကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲက ရင်ဆိုင်တွေ့တာ မဟုတ်ဘဲ ရွေ့လျားနေရာယူကြရင်းနဲ့ ပစ်ပြစိန်ခေါ်ပြတာတွေရှိတယ်။ အစက RCSS နဲ့ SSPP၊ TNLA တပ်ပေါင်းစုပဲဖြစ်တာ။ သြဂုတ် ၁၄ ရက်ကစပြီးတော့ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေလည်း တွေ့လာရတယ်။ တိုက်ပွဲကတော့ နေ့စဉ်နီးပါးဖြစ်တယ်။ ဒါပေမဲ့ မနေ့ (သြဂုတ် ၁၄ ရက်) ကတော့ RCSS ဘက်က ကတုတ်ကျင်းတူးပြီး စောင့်နေတယ်။ မိုးပေါ်သေနတ်ထောင်ဖောက်ပြီး စိန်ခေါ်တဲ့အနေနဲ့ လုပ်ပြလိုက်တော့ မန်ဆာတစ်ရွာလုံးနီးနီး မန်စံစစ်ရှောင်စခန်းကို ရောက်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်) ၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာနှင့် မန်စံကျေးရွာတွင် RCSS နှင့် SSPP/TNLA ပူးပေါင်းအဖွဲ့တို့ သြဂုတ် ၁၁ ရက်မှ စတင်ကာ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက် ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

“သြဂုတ် ၁၅ ရက် နံနက်ကဆို (SSPP/TNLA) တပ်ပေါင်းစုရှိတဲ့ မန်ခယ်ရွာကနေ RCSS ရှိမယ်လို့ ယူဆတဲ့ ပန်လုံရွာမန်ကျန်းရပ်ကွက်ထဲကို လက်နက်ကြီး သုံးလေးလုံးပစ်ပြီး စိန်ခေါ်နေတယ်။ အဲဒါကြောင့် ပန်လုံရွာဘက်မှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။ အဲဒီတော့ စစ်ရှောင်တွေက တိုက်ပွဲဖြစ်လို့ ရှောင်တာထက် တိုက်ပွဲမဖြစ်ခင် လန့်ပြီးရှောင်ကြတာက ပိုများပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ သီပေါမြို့နယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် သီပေါမြို့နယ်အတွင်းရှိ ပန်လုံရွာ၊ မန်ဆာရွာ၊ မန်ချယ်ရွာ၊ မန်ကျန်းရွာ စသည့်ရွာများမှ ဒေသခံများမှာ သီပေါမြို့ပေါ်သို့ လာရောက်ကာ စစ်ဘေးတိမ်းရှောင်နေကြပြီး ဒေသခံအနည်းငယ်သာ ကျေးရွာများတွင် ရွာစောင့်အနေဖြင့် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“စစ်ဘေးသင့်ပြည်သူတွေ သီပေါဘိုးတော်ကျောင်းကို ရောက်လာပါတယ်။ မြို့တွင်း မြို့နီးနားမှ မိတ်ဆွေများ စားသောက်စရာဟင်းများ လာရောက်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ရက်ကြာရှည်တော့မှ လိုအပ်တဲ့ အကူအညီတွေ ထပ်ပြီးတော့ တင်ပြမယ်။ ခုတော့ စားဝတ်နေရေး အရေးကြီးတယ်” ဟု သီပေါမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက သြဂုတ် ၁၅ ရက်တွင် ပြောကြားသည်။

သီပေါမြို့နယ်၊ ဘိုးတော်ကျောင်းသို့ စစ်ဘေးရှောင် ၁၅၃ ဦး ရောက်ရှိလာပြီး အချို့မှာ အဆင်ပြေသော နေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ပြီးခဲ့သည့် သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု၏ သတင်းနှင့်ပြန်ကြားရေးဌာနပိုင် Facebook စာမျက်နှာများက ရန်လိုသော အရေးအသားများ ရေးသားခြင်း မပြုရန်နှင့် နှစ်ဖက်အဖွဲ့အစည်းကြား တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆက်လက်တွေ့ဆုံ ဆွေးနွေးကြရန် သဘောတူခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent