အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ

အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ
Published 15 August 2018

အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့ရှိ ဧည့်ရိပ်မွန် တစ်ခုတွင် သြဂုတ်လ ၁၅ ရက် နံနက် ၁ နာရီဝန်းကျင်က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

အဆိုတော်ရသကို ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဧည့်ရိပ်မွန် တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု ၁၈ မှ ရဲအုပ်လင်းထွန်းနှင့်အဖွဲ့သည် မူးယစ်သတင်းအရ မူးယစ်ဆေးဝါးနှင့် အိမ်ဝင်ရောက် ရှာဖွေခွင့်ဝရမ်းတို့ဖြင့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်ဇေယျလမ်း၊ ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ ဧည့်ရိပ်မွန် တစ်ခုသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းတစ်ခုတွင် ရဲမင်းသိန်း(ခ)ရသနှင့်အတူ မျိုးတင့်၊ခေမီ(ခ)ဗျာတာမီး တို့သုံးဦးကို တွေ့ရှိရပြီး အိပ်ရာဘေး စားပွဲပေါ်တွင် WY လိမ္မော်ရောင်ဆေးပြား သုံးဆယ် ပိုက်နှစ်ပိုက်၊ အနီရောင်ပိုက်အတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား နှစ်ဆယ့်ငါးပြားပါ တစ်ပိုက်၊ အနီရောင် ပိုက်အတွင်း ဆေးပြားငါးပြားပါနှစ်ပိုက် စုစုပေါင်း ကိုးဆယ့်ငါးပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ ထို့နောက် ရေချိုးခန်း မှန်တင်ခုံပေါ်မှ တစ်သျူးအစိုဘူးတွင်း ထည့်ထားသည့် အပြာရောင် ပလတ်စတစ်အိတ် တစ်ထုပ်လျှင် WY လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ ၇ ထုတ်၊ ၁၆၀ ပြား ၂ ထုတ်၊ ပေါင်း ၁၆၀ ပြားပါ ၁ ထုတ်၊ ပေါင်း ၁၅၆၀ ပြားပါ အလေးချိန် ၁၅၆ဂရမ်ခန့်၊ စုစုပေါင်းဆေးပြား ၁၆၅၅ပြား၊ အလေးချိန် ၁၆၅.၅ ဂရမ် ကာလတန်ဖိုးငွေကျပ် (၈၂၇၅၀၀၀) တို့နှင့်အတူ လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အောင်ပယ်လယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ "အဆိုတော်ရသအပါအဝင် သုံးဦးကို မူးယစ်မှုနဲ့ စခန်းမှာ လာရောက် အမှုဖွင့်ထားပါတယ်။ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ" ဟု စခန်းမှူးရဲအုပ် စိန်ထွန်းဦးက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိခဲ့သည့် ရဲမင်းသိန်း(ခ)ရသ (၃၅)နှစ်၊ မျိုးတင့်(၂၆နှစ်)နှင့် ခေမီ(ခ)ဗျာတာမီး(၂၀နှစ်) တို့ကိုအောင်ပင်လယ် နယ်မြေရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူးစိတ်ပုဒ်မ-၁၉က/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent