မန္တလေးမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသည့် ဖြစ်စဉ်မှာ ဘဏ်မှထွက်လာသော ဇနီးမောင်နှံထံမှ ငွေလုရန် ကြိုးစားရင်း သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြား

မန္တလေးမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသည့် ဖြစ်စဉ်မှာ ဘဏ်မှထွက်လာသော ဇနီးမောင်နှံထံမှ ငွေလုရန် ကြိုးစားရင်း သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြား
Published 15 August 2018

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူအား သြဂုတ် ၁၃ ရက်က အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်လာစဉ်

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် အမျိုးသားနှစ်ဦးက လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးမှု သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ဘဏ်ကထွက်လာသောကြောင့် ငွေလုယူရန် ကြိုးစားရင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု လတ်တလော စစ်ဆေးချက်များအရ သိရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

“လတ်တလော စစ်ဆေးချက်အရတော့ လင်မယား နှစ်ယောက်က ဘဏ်ထဲက ထွက်လာတော့ ပိုက်ဆံပါလာမယ်ထင်ပြီး လုယူဖို့ လုပ်ရင်းကနေ သေနတ်ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ သိရတယ်။ ဘဏ်ကအထွက် ခပ်လှမ်းလှမ်းကနေ ပါလာတာပါ။ သေနတ် ဘယ်ကရတယ် ဆိုတာတွေ၊ လူငှားသတ်ခိုင်းတယ် ဆိုတာတွေကတော့ စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ ကနဦး စစ်ဆေးချက်အရ သေနတ်ပစ်တဲ့သူက တစ်ယောက်တည်းပါ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က အမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း၊ နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား၊ ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးကို အခြားဆိုင်ကယ်တစ်စီးမှ ဆိုင်ကယ်ချင်း ဝင်တိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်များ လဲကျသွားသည့်နောက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေကျင်ထွက်ပြေး လာခဲ့ကြောင်း၊ ထို့နောက် အနီးနားရှိ ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရရှိခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ကြောင်း၊ ခွေးဘီလူးကား တစ်စီးကို တားမြစ်ရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်း မရှိဘဲ အနီးဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီး ခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်သူကို ၅၅ လမ်းနှင့် မနော်ဟရီလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူများထံမှ သတင်းရရှိသည်။

သေနတ်ပစ်ခံခဲ့ရသည့် ဇနီးမောင်နှံဖြစ်သည့် လီလျှီစွမ်းခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တိ့ုသည် ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်းနှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်း နှင့် ၅၆ လမ်းကြား A23 တွင် ခေါင်ရည်ဆိုင်ဖွင့်ထားပြီး တားမိုးညဲ ကွတ်ခိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။

လတ်တလော စစ်ဆေးချက်များအရ ဖမ်းမိထားသည့် ကျူးလွန်သူတစ်ဦးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရံလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ရှမ်းဓနု လူမျိုးဖြစ်ကြောင်း ထွန်တုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံလှိုင်က ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသူ နှစ်ဦးအနက် အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရပြီး အမျိုးသားမှာမူ ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း၊ ဖမ်းမိတရားခံကို အောင်ပင်လယ်  ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး အခြားနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းပေါ် ဆိုင်ကယ်ဖြင့် သွားနေသူတစ်ဦး သေနတ်ထိမှန် သေဆုံးမှုမှာလည်း ပေါ်ပေါက်ခြင်း မရှိသေးပေ။

 

Most Read

Most Recent