မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံး
Published 14 August 2018

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူအား ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- ယဉ်မျိုးသွယ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အောင်ပင်လယ်ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း၊ နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ဦးမှာ ခြေကျင် ထွက်ပြေးလာခဲ့ကြောင်း၊ ထို့နောက် အနီးအနားရှိ ဆိုင်ထဲမှထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရရှိဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခဲ့သော်လည်း ကျည်ထွက်ခြင်း မရှိဘဲ အနီးဝန်းကျင်မှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ထွန်တုံးရပ်ကွက်နေ ကိုကျော်စိုးမင်းက ပြောကြားသည်။

ကိုကျော်စိုးမင်းက “သေနတ်သံကြားလို့ အပြင်ထွက်ကြည့်လိုက်ချိန်မှာ လူတစ်ယောက်က ပြေးလာပြီး ဘေးနားဆိုင်က ကောင်မလေး ဆိုင်ကယ်ကို လုတာ။ သေနတ်ထောက်ပြီး လုတာပါ။ ဆိုင်ကယ်တွေ တစ်စီးပြီး တစ်စီး လုတာ။ မောင်းပြေးကြတော့ မရဘူး။ ဒါနဲ့ ခွေးဘီလူးကားကို တားတယ်။ သေနတ်နဲ့ ကားထဲကလူကို ပစ်သေးတယ်။ ကျည်က ဂျန့်ဖြစ်ပြီး မထွက်ဘူးလို့ သိရတယ်။ နောက်မှာပါလာတဲ့ သူတွေက ဝိုင်းဖမ်းကြလို့ မိတာပါ”ဟု ပြောကြားသည်။

သေနတ်ပစ်ခံခဲ့ရသည့် လီလျှီစွမ်း ခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တို့ ဇနီးမောင်နှံသည် ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်းနှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား A23 တွင် ခေါင်ရည်ဆိုင်ဖွင့်ထားပြီး တားမိုးညဲ ကွတ်ခိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။

လတ်တလော စစ်ဆေးချက်များအရ ဖမ်းမိထားသည့် ကျူးလွန်သူတစ်ဦးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရန်လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ရှမ်းဓနုလူမျိုးဖြစ်ကြောင်း ထွန်တုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံလှိုင်က ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို မေးမြန်းခဲ့သော်လည်း ဖြေကြား၍ မရသေးကြောင်းသာ ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသူ နှစ်ဦးအနက် အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရပြီး အမျိုးသားမှာမူ ကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း၊ ဖမ်းမိတရားခံကို အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တခြားတစ်နေရာသို့ ပြောင်းရွှေ့ ခေါ်ဆောင်သွားကြောင်း သိရသည်။

Most Read

Most Recent