ညောင်ရွှေမြို့နယ် မိုင်းသောက်တွင် မြန်မာနိုင်ဂရု (ပ်) က ဟိုတယ်ဆောက်လုပ်ရန် လျှောက်ထားသော သဘာဝကျွန်းမျောတော ဧက ၉၀ နှင့်ပတ်သက်၍ ညောင်ရွှေလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

ညောင်ရွှေမြို့နယ် မိုင်းသောက်တွင် မြန်မာနိုင်ဂရု (ပ်) က ဟိုတယ်ဆောက်လုပ်ရန် လျှောက်ထားသော သဘာဝကျွန်းမျောတော ဧက ၉၀ နှင့်ပတ်သက်၍ ညောင်ရွှေလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
Published 13 August 2018

ညောင်ရွှေမြို့နယ် မိုင်းသောက်တွင် မြန်မာနိုင်ဂရု (ပ်) က ဟိုတယ်ဆောက်လုပ်ရန် လျှောက်ထားသော သဘာဝကျွန်းမျောတော ဧက ၉၀ အား အပေါ်စီးမှ တွေ့ရစဉ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်၌ မြန်မာနိုင်ဂရု(ပ်)က ဟိုတယ် ဆောက်လုပ်ရန် လျှောက်ထားသော သဘာဝကျွန်းမျှော သစ်တောမြေ ဧက ၉၀ ကို ညောင်ရွှေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ လေးဦးလုံး လက်မှတ်ထိုး ကန့်ကွက်ထားကြောင်း သြဂုတ်  ၁၂ ရက်တွင် သိရသည်။

ညောင်ရွှေမြို့နယ်တွင် အနိုင်ရရှိခဲ့သော အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုးတို့ စုစုပေါင်း လေးဦးတို့က လက်မှတ်ထိုးကန့်ကွက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ ညောင်ရွှေက လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံး ကန့်ကွက်ထားကြတယ်။ အင်းဝန်ကြီးလည်း လက်မှတ်ထိုး ထားတယ်။ လက်မှတ်ပေါင်း ၁၆၀၀ ကျော်နဲ့ တင်ပြထားတယ်။ ဒီလို ထိုးတာကလည်း အခမ်းအနားနဲ့ ထိုးတာမဟုတ်ဘူးလေ။ စိတ်ဓာတ်ရှိတဲ့သူတွေပဲ လာထိုးကြတာဆိုတော့ အချိန်မီတင်ပြရမှာ ဆိုတော့လေ၊ ခုတော့လည်း လက်မှတ်တွေ ထပ်ကောက်နေတယ်။ နိုင်ငံတော်သမ္မတထံကိုလည်း တင်ပြထားတယ်။ ဒီမြေက ၂၀၁၁ ခုနှစ်ထဲက မြေလွတ် မြေလပ်မြေရိုင်း ပယ်ဖျက်ထားတဲ့ မြေအမျိုး အစားဖြစ်တယ်။ အင်းလေးကန်ကို Filter နေရာဖြစ်တယ်။ ရေချိုဖြစ်တယ်။ ဆောင်း ခိုငှက် ဒေသမျိုးရင်း ငှက်တွေခိုလှုံရာ နေရာလည်း ဖြစ်သလို အင်းလေးကန်အတွက်လည်း အဓိကအသုံးဝင်တဲ့နေရာဖြစ်တယ်။ ဟိုတယ်ဆောက်မယ်ဆိုရင် အင်းလေးကန်မှာရှိတဲ့ အင်းသူအင်းသားတွေက ကန့်ကွက်ကြမယ်။ ကန့်ကွက်တယ်ဆိုတာမှာလည်း အင်းလေးကန်ကြီးကို ထိန်းသိမ်းဖို့ လိုအပ်လို့ဖြစ်ပါ တယ်။ အင်းလေးကန်ဟာ မြန်မာတစ်နိုင်ငံလုံး ပိုင်သလို၊ ကမ္ဘာ့အမွေအနှစ်ဖြစ်လို့ပါ။ ဒီနေရာမှာ ဟိုတယ်အကြီးကြီး ဆောက်လိုက်မယ်ဆိုရင် အင်းလေးကန်ကြီး ယိုယွင်း ပျက်စီးသွားမယ်။ နောင် လုပ်ငန်းရှင်တွေကလည်း အစိတ်စိတ် အမြွှာမြွှာခွဲယူနေကြမယ်ဆိုရင် အင်းလေးကန်ကြီးဟာ နောက်ဆုံးပျက်စီးသွားမှာပါ။ ဒါကြီးဟာ မလုပ်သင့် မလုပ်အပ်ဘူးလို့ ခံယူပါတယ်။ ဟိုတယ်ဇုန်မှာ ဧက ၆၀၀ ကျော် ပေးထားပြီးဖြစ်တယ်။အဲဒီနေရာမှာ ဆောက်ဖို့ တိုက်တွန်းပါတယ်။ အားလုံး ကန့်ကွက်ရမှာဖြစ်ပါတယ်”  ဟု ညောင်ရွှေ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း က ပြောကြားသည်။

မိုင်းသောက် ကျွန်းမျော ဧက ၉၀ ကန့် ကွက်ကြောင်းကို နိုင်ငံတေ်ာသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု လွှတ်တော်ရေးရာကော်မတီများထံ သြဂုတ် ၉ ရက်က တိုင်စာများ သွားရောက်ပေးပို့ခဲ့ကြောင်း သိရသည်။

“ညောင်ရွှေ မိုင်းသောက်မှာ ဧက ၉၀ ကို ဟိုတယ်ဆောက်ခွင့်ပေးလိုက်တဲ့ကိစ္စပေါ့။  ဒီကိစ္စနဲ့ပတ်သက်ပြီး အင်းလေးကန်ကြီးဟာ အင်းသူ အင်းသား တစ်ယောက်ထဲ ဆိုင်တာမဟုတ်ဘူး။ ကမ္ဘာကြီးနဲ့လည်း ဆိုင်တယ်။ အကုန်လုံးနဲ့ဆိုင်တယ်။ ကမ္ဘာ့အမွေအနှစ်ပါ။ ရေရှည်တည်တံ့အောင် လက်တွေလုပ်ဆောင်နေတာ ဒီက ဒေသခံတွေပါ။ ဒီစကားဟာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအနေနဲ့လည်း မဟုတ် ဘူး။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း မဟုတ်ဘူး။ အင်းလေးကန်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပြောတာပါ။ ဒီလောက် အင်းလေးကန်ကြီး ပျက်စီးယိုယွင်း နေချိန်မှာ၊ ပြန်ကောင်းဖို့လုပ်ဖို့ အသည်းအသန် ကြိုးစားနေချိန်မှာ အဝေးကနေ ချစ်ပြနေတာတို့၊ အနီးကပ် နောက်ကျောဓားနဲ့ ထိုးတာတို့ ဖြစ်ကုန်မှ အင်းလေးကန်ကြီး ပျက်စီးသွားလိမ့်မယ်။ ဘယ်အဖွဲ့အစည်းကိုမှ မပြောပါဘူး။ အင်းလေးကန် ထိခိုက် ပျက်စီးမယ့်ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာပါ။ အင်းလေးကန်ပတ်ပတ်လည်မှာ ဘယ်ဟိုတယ်မှ မတိုးသင့်တော့ပါဘူး။ ဒီလောက်ဆို တော်တော်များနေပြီ။ ဒါ့အပြင် ဧကပေါင်း ၆၂၀ ကျော် ဟိုတယ်ဇုန် ရှိနေတာတောင် အဲဒီမှာ သွားမဆောက်ကြဘူး။ ဧက ၉၀ ကိစ္စ ကလည်း ၂၀၁၁ ခုနှစ် ၃ လပိုင်း လောက်က သားငှက်ထိန်းသိမ်းရေး နယ်မြေကနေ မြေလွတ်မြေရိုင်း အဖြစ် ပယ်ဖျက်ပေးလိုက်တော့ ဥပဒေအရ မြေလွတ်ဖြစ်သွားတယ်။ ဥပဒေဘောင်တွင်းကနေ ကန့်ကွက်လွှာတောင်းချိန်မှာ တရားဝင် လက်မှတ်ထိုးသွားမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက ပြောကြားသည်။

အဆိုပါ မိုင်းသောက် သဘာဝကျွန်းမျောမြေ ဧက ၉၀ ကိစ္စကို တစ်ဖက်မှလည်း CSR လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု မက်လုံးပေးကာ ဟိုတယ်ဆောက်လုပ်ခွင့်ကို ထောက်ခံပါကြောင်း လက်မှတ်များကိုလည်း တစ်ဖက်လှည့်ဖြင့်စည်းရုံးကာ ကောက်ခံခြင်း ပြုလုပ်နေကြောင်း မိုင်းသောက် ဒေသခံများထံမှ သိရသည်။

Most Read

Most Recent