တပ်မတော်သည် နိုင်ငံရေးအသွင်ကူးပြောင်းမှုနောက်ပိုင်း တရုတ်နိုင်ငံအပေါ်မှီခိုနေရမှုကို ဟန်ချက်ပြန်ညှိရန်ကြိုးစားခဲ့သော်လည်း ရခိုင်ပြဿနာနှင့်ပတ်သက်၍ ပြန်လည်နီးကပ်လာသည်ကို တွေ့ရပြီး ပိုမိုနီးစပ်သွားနိုင်မည့် အလားအလာဖြစ်နေကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အစီရင်ခံစာတွင်ဖော်ပြ

တပ်မတော်သည် နိုင်ငံရေးအသွင်ကူးပြောင်းမှုနောက်ပိုင်း တရုတ်နိုင်ငံအပေါ်မှီခိုနေရမှုကို ဟန်ချက်ပြန်ညှိရန်ကြိုးစားခဲ့သော်လည်း ရခိုင်ပြဿနာနှင့်ပတ်သက်၍ ပြန်လည်နီးကပ်လာသည်ကို တွေ့ရပြီး ပိုမိုနီးစပ်သွားနိုင်မည့် အလားအလာဖြစ်နေကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အစီရင်ခံစာတွင်ဖော်ပြ
Published 12 August 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင်ပင်းတို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်သည် နိုင်ငံရေးအသွင်ကူး ပြောင်းမှုများပြုလုပ်ပြီးနောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို ဟန်ချက်ပြန်ညှိရန် တစိုက်မတ်မတ်ကြိုးစားလာခဲ့သည်ကို တွေ့ရှိ ရသော်လည်း ရခိုင်ပြဿနာနှင့်ပတ်သက်၍ ပြန်လည်နီးကပ်လာခဲ့သည်ကို တွေ့ရှိရကာ လက်ရှိအနေအထားအရ တရုတ်နှင့် ပိုမိုနီးစပ်သွားနိုင်မည့် အလားအလာဖြစ်နေကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က သြဂုတ် ၁၀ ရက်တွင်ထုတ်ပြန်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတကာခရီးစဉ်များကိုလေ့လာချက် စစ်ဘက်ဆိုင်ရာ သံခင်းတမန်ခင်းနှင့် တပ်မတော်၏ နိုင်ငံတကာ ဆက်ဆံရေးအရွေ့ အစီရင်ခံစာတွင် အဆိုပါ သုံးသပ်ချက်အား ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၇ ခုနှစ်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အထူးခြေသွက်လှသည့် နှစ်ကာလ အပိုင်းအခြားဟု ဆိုနိုင်ကြောင်း၊ ရခိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ်နှောင်းပိုင်းကာလတွင်မူ အဆိုပါအခင်းအကျင်းမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာမျက်နှာစာထက်တွင် ဝေဖန်မှု များမြင့်တက်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂအစရှိသည့် အနောက် နိုင်ငံများအနေဖြင့် တပ်မတော်အပေါ် ဒဏ်ခတ် အရေးယူမှုများပြုလုပ်ရန်အထိပင် ပြန်လည်စဉ်းစားလာကြကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရှိန်ပြန်လည်လျော့ကျလာခဲ့သည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

တရုတ်နိုင်ငံသည် ရခိုင်ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးထားခဲ့သည့်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်နောက်ပိုင်းတွင်လည်း နိုင်ငံတကာ မျက်နှာစာနှင့် ကုလသမဂ္ဂတွင် မြန် မာနိုင်ငံကို အကာအကွယ်ပေးထားခဲ့ကြောင်း၊ ရခိုင်ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာ ဖိအားများ ပြင်းထန်နေချိန်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံခဲ့ခြင်း၊  တရုတ် နိုင်ငံ၏ Three Georges Dam ကို သွားရောက်လေ့လာခြင်းနှင့် OBOR စီမံကိန်းသည် မြန်မာနိုင်ငံအတွက်လည်း အထောက်အကူပြုနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံ ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်မတော်သည် လက်ရှိအနေအထားအရ တရုတ်နှင့်ပိုမိုနီးစပ်သွားနိုင်မည့် အလားအလာဖြစ်နေသော်လည်း တပ်မတော်အနေဖြင့် နှစ်ပေါင်းများစွာ တရုတ်နှင့်ဆက်ဆံလာခဲ့သော အတွေ့အကြုံများအရ လက်ရှိအချိန်တွင် တရုတ်အပေါ် လုံးဝမှီခိုနေရသည့် ပုံစံမျိုး မရောက်သွားစေရေးအတွက် ဟန်ချက်ထိန်းညှိသွားရန် တတ်နိုင်သမျှ ကြိုးစားသွားမည့်အလားအလာမျိုးရှိနေကြောင်း၊ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ဆိုးရွားနေသော်လည်း အာဆီယံနိုင်ငံများ၊ ရုရှား၊ ဂျပန်၊ အိန္ဒိယအစရှိသည့် နိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစွာတည်ဆောက်ပြီး ဟန်ချက်ထိန်းညှိရန် တတ်နိုင်သမျှကြိုးစားသွားမည်ဟု သုံးသပ်မိကြောင်းနှင့် တရုတ်၏ သြဇာစက်ဝန်းကို မည်သည့်အတိုင်းအတာအထိ ဟန်ချက်ထိန်းညှိသွားနိုင်မည်နည်း ဆိုသည့် မေးခွန်းမှာမူ တပ်မတော်၏ အနာဂတ် နိုင်ငံတကာဆက်ဆံရေးမှာ စိတ်ဝင်စားစရာ ကောင်းလှကြောင်း တကောင်းအဖွဲ့၏ အစီ ရင်ခံစာတွင် ပါရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက် မှ ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အထိ ခုနစ်နှစ်ကျော်အတွင်း၌ နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ စုစုပေါင်း ၄၆ ကြိမ် သွားရောက်ထားပြီး ထိုင်း နိုင်ငံသို့ ၁၀ ကြိမ်၊ တရုတ်နိုင်ငံသို့ လေးကြိမ် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီး ဒုတိယအကြိမ် ၂၀၁၃ ခုနှစ်တွင် ထပ်မံသွားရောက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်နှောင်းပိုင်းကာလ မတိုင်ခင်အထိ တရုတ်နှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆိုင်ရာသံတမန်ဆက်ဆံရေးမှာ အတန်ငယ်အေးခဲနေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အေးခဲသွားရသည့် အဓိကအကြောင်း ရင်းများမှာ မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာအာဏာကြီးထွားလာမှုကို စိုးရိမ်နေကြသော တပ်မတော်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး အသွင်ကူးပြောင်းကာလတွင် အနောက် နိုင်ငံများနှင့် ပိုမိုနီးစပ်အောင်ကြိုးစားလာ သကဲ့သို့  အဆိုပါကာလအပိုင်းအခြားအတွင်း တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်၏ တိုက်ပွဲများကလည်း နှစ်ဖက်ဆက်ဆံရေးကို အေးခဲစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

၂၀၁၆ ခုနှစ်တွင် တတိယအကြိမ်သွားရောက်သည့် ခရီးစဉ်သည် စိတ်ဝင်စားစရာ ကောင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအာဏာရယူပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် သြဂုတ်တွင်သွားရောက်ခဲ့ပြီး နှစ်လခန့်အကြာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း တကောင်းအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏နယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ထားခြင်း မရှိသေးသည်ကို တွေ့ရကြောင်းလည်း တကောင်းအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

 

 

Most Read

Most Recent