ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်မည့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အပါအဝင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ၃၂ ဖွဲ့အနက် ၂၂ ဖွဲ့သာ အမြတ်ရရှိပြီး ၁၀ ဖွဲ့ အရှုံးပေါ်

ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်မည့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အပါအဝင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ၃၂ ဖွဲ့အနက် ၂၂ ဖွဲ့သာ အမြတ်ရရှိပြီး ၁၀ ဖွဲ့ အရှုံးပေါ်
Published 9 August 2018

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သတင်းစာများတွင် သရုပ်ဆောင်အောင်ရဲထွေး သတ်ဖြတ်ခံရသော အမှုနှင့်ပတ်သက်၍ ဝေဖန်မေးခွန်းထုတ်ခြင်းခံရသည့် ဆောင်းပါးများ ဖော်ပြခဲ့မှုကို တွေ့ရစဉ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်မည့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အပါအဝင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း ၃၂ ဖွဲ့အနက် ၂၂ ဖွဲ့သာ အမြတ်ရရှိပြီး ၁၀ ဖွဲ့မှာ အရှုံးပေါ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှင့် မူလခန့်မှန်းခြေငွေစာရင်းအရ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများ၏ ကုန်သွယ်မှုစာရင်းအရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း ၂၆ ဖွဲ့ရှိသည့်အနက် ၁၇ ဖွဲ့မှာ အမြတ်ရမည်ဟု ရေးဆွဲထားပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း ခြောက်ဖွဲ့ရှိသည့်အနက် ငါးဖွဲ့မှာ အမြတ်ရမည်ဟု ရေးဆွဲထားသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၂၆ ဖွဲ့မှာ ဝန်ကြီးဌာန ခြောက်ခု၏ လက်အောက်တွင်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှာ ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်မည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း ငါးခုတွင် ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေးက ကျပ်သန်း ၉၀၀၀ ကျော် အရှုံးပေါ်မည်ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးမှာ ကျပ် ၁၃၆၉ သန်းကျော် အရှုံးပေါ်ကာ မြန်မာ့မီးရထားမှာ ကျပ် ၉၇၉၂၃ သန်းကျော် အရှုံးပေါ်မည်ဖြစ်သည်။ ထို့ပြင် မြန်မာ့စာတိုက်လုပ်ငန်းမှာလည်း ၄၁၁၀ သန်းကျော် အရှုံးပေါ်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသာ ကျပ် ၉၈၁၄၄ သန်းကျော် အမြတ်ပေါ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်မှ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းငါးခု အနေဖြင့် အမြတ်စာရင်းဖြင့် ရေးဆွဲထားပြီး ကျပ် ၃၃၃၅၄၆ သန်းကျော် အမြတ်ရရှိထားကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်မူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ကျပ် ၆၂၉၉၆၃ သန်းကျော် အရှုံးပေါ်သည်မှအပ ကျန်အဖွဲ့အစည်း လေးခုမှာ အမြတ်ပြနေသည်။ ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ခြောက်ခုမှာလည်း အမြတ်ရရှိပြီး ကျပ် ၁၉၂၅၁၅ သန်းကျော် အမြတ်ရရှိမည်ဟု သိရသည်။

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းငါးခုမှာမူ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကျပ် ၃၇၈၃ သန်းကျော် အမြတ်ရသည်မှအပ အမှတ် (၁)၊ (၂)၊ (၃) အကြီးစားစက်မှုလုပ်ငန်းအားလုံးမှာ အရှုံးပေါ်နေသည့်အတွက် ကျပ် ၈၂၄၉၂ သန်းကျော်အထိ စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများက အရှုံးပေါ်နေသည်။ ပြည်ထောင်စုဘဏ္ဍာငွေ ရန်ပုံငွေပြင်ပမှ ဆောင်ရွက်သည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းခြောက်ခုတွင်မူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတို့က အမြတ်စာရင်းပြနေပြီး မြန်မာအမျိုးသားလေကြောင်းက ကျပ် ၂၉၄၁ သန်းကျော် အရှုံးစာရင်းပြ ရေးဆွဲထားကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၅၆၄၅၇၈ သန်းကျော် အမြတ်စာရင်းဖြင့် ရေးဆွဲထားသည်။ ထို့ပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှလည်း အမြတ်စာရင်းဖြင့် ရေးဆွဲထားကာ စုစုပေါင်း ကျပ် ၅၄၇၆၂ သန်းကျော် အမြတ်ရရှိမည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent